တောင်တရုတ်ပင်လယ်တွင်း မြေယာဖော်မှုများကို ရပ်တန်းကရပ်ရန် အိုဘားမား တရုတ်ကို ပြော

တောင်တရုတ်ပင်လယ်တွင်း မြေယာဖော်မှုများကို ရပ်တန်းကရပ်ရန် အိုဘားမား တရုတ်ကို ပြော

မနီလာ၊ နိုဝင်ဘာ-၁၈ ။             ။ တရိပ်ရိပ်ကြီးထွားလာနေသည့် တရုတ်၏ ဒေသတွင်းတွင် အင်အားသုံး၍ ပိုင်ဆိုင်ကြောင်းပြမှုကြောင့် စိုးရိမ်နေကြသည့် အရှေ့တောင်အာရှနိုင်ငံ များကို   ထောက်ခံကြောင်း ပြသသည့်အနေဖြင့် အမေရိကန်သမ္မတ ဘားရက်အိုဘားမားက အငြင်းပွားတောင်တရုတ်ပင်လယ်အတွင်း မြေယာဖော်မှုနှင့် ဆောက်လုပ်ရေးလုပ်ငန်းများကို ရပ်တန်းကရပ်ရန် တရုတ်နိုင်ငံအား တိုက်တွန်းလိုက်သည်။

အိုဘားမားက ပိုင်နက်ပြိုင်ဆိုင်နေသည့် ရေပြင်များတွင် တင်းမာမှုများကို လျှော့ချရန် ရဲရဲရင့်ရင့်တက်လှမ်းကြဖို့ မနီလာတွင် ကျင်းပခဲ့သည့် အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ညီလာခံတွင် ပြောကြားခဲ့ပြီး ဘေးပန်းအနေဖြင့် ဖိလစ်ပိုင်သမ္မတ ဘင်နစ်နို အကွီနိုနှင့်လည်း တွေ့ဆုံခဲ့သည်။

တရုတ်နိုင်ငံမှာ တောင်တရုတ်ပင်လယ်၏ အများစုကို ပိုင်ဆိုင်သည်ဟု ပြောဆိုနေသောကြောင့် ဖိလစ်ပိုင်နှင့် ဗီယက်နမ်အပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် အကြီးအကျယ် ကွဲလွဲနေသည်။

သူ၏ပိုင်ဆိုင်မှုကို အားကောင်းခိုင်မာစေရန်အတွက် တရုတ်က မြေယာဖော်မှုလုပ်ငန်းများမှတစ်ဆင့် ကျွန်းတုများကို ဖန်တီးနေသည်။ သို့ရာတွင် အမေရကန်ပြည်ထောင်စုကမူ အာရှနှင့် ကမ္ဘာ့ကုန်သွယ်ရေးအတွက် နိုင်ငံရေးတည်ငြိမ်မှုတွင် အရေးပါသည့် ပင်လယ်ပြင်များတွင် ရေကြောင်းသွားလာမှု လွတ်လပ်ခွင့်ကို အဆုံးရှုံးခံမည်မဟုတ်ကြောင်းကို ပြသသည့်အနေဖြင့် ကျွန်းများအနီးတွင် စစ်ရေးလေ့ကျင့်မှုဖြင့် တုန့်ပြန်ခဲ့သည်။

တရုတ်၏ မြေယာဖော်မှုများက ဒေသတွင်းတည်ငြိမ်မှုအပေါ် ဂယက်ရိုက်သက်ရောက်နိုင်ခြေကို အိုဘားမားနှင့် အကွီနိုတို့ ဆွေးနွေးခဲ့ကြပြီး ရေပိုင်နက်အငြင်းပွားမှုကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ လိုအပ်ကြောင်း အိုဘားမားက ပြောကြားခဲ့သည်။

‘တောင်တရုတ်ပင်လယ်တွင်း အငြင်းပွားနေရာတွေမှာ နောက်ထပ်မြေယာဖော်မှုတွေ၊ အသစ်ဆောက်လုပ်တာတွေ၊ စစ်ဇုံပြုတာတွေကို ရပ်တန့်မယ်လို့ ကတိကဝတ်အပါအဝင် တင်းမာမှုတွေကို   ဖြေလျော့ဖို့ ရဲရဲရင့်ရင့် လုပ်ကြဖို့ လိုအပ်ပါတယ်’’ဟု အိုဘားမားက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly