ဗီဇာအမျိုးစားသစ်ဖြင့် အထူးပြုကျွမ်းကျင် ပထမဆုံး မြန်မာလုပ်သား ၂ ဦး ဂျပန်သို့ သွားရောက် 

ဗီဇာအမျိုးစားသစ်ဖြင့် အထူးပြုကျွမ်းကျင် ပထမဆုံး မြန်မာလုပ်သား ၂ ဦး ဂျပန်သို့ သွားရောက် 
ဓာတ်ပုံ - NHK

နိုဝင်ဘာ ၁၉

ဗီဇာအမျိုးအစားသစ်ဖြင့် အထူးပြုကျွမ်းကျင် ပထမဆုံး မြန်မာနိုင်ငံသားနှစ်ဦး ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားကြောင်း သိရသည်။ 

အသက် ၂၅ နှစ်အရွယ် ကိုသက်ကိုထူးနှင့် အသက် ၂၁ နှစ်အရွယ် ကိုထက်ရှိန်ဝင်းတို့ နိုဝင်ဘာလ ၁၈ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဂျပန်နိုင်ငံသို့ ထွက်ခွာခြင်းဖြစ်ကြောင်း NHK သတင်းက ဖော်ပြသည်။  

၎င်းတို့သည် ဂျပန်နိုင်ငံ၊ အိုကီနာဝါ စီရင်စု တောင်ပိုင်း နာဂိုမြို့ရှိ အပန်းဖြေဟိုတယ်တစ်ခုတွင် အလုပ်ဝင်ကြမည်ဟု သိရသည်။  

၎င်းတို့နှစ်ဦးသည် အထူးပြု ကျွမ်းကျင်သူများအတွက် ထုတ်ပေးသည့် ဗီဇာအမျိုးအစားသစ်ဖြင့် ဂျပန်နိုင်ငံသို့ ဝင်ရောက်ခွင့်ရသော ပထမဆုံး မြန်မာလုပ်သားများ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက NHK သတင်းဌာနသို့ ပြောကြားထားသည်။  

လူသားလုပ်အား အရင်းအမြစ် လျော့နည်းမှုကို ဖြေရှင်းရန် ယမန်နှစ် ဧပြီလက အထူးပြု ကျွမ်းကျင်သူများအတွက် ဗီဇာအမျိုးအစားသစ်ကို ဂျပန်က စတင် ထုတ်ပေးခဲ့သည်။ 

ကိုသက်ကိုထူးနှင့် ကိုထက်ရှိန်ဝင်းတို့သည် ကိုဗစ်ကပ်ရောဂါကြောင့် ဂျပန်နိုင်ငံသို့ ထွက်ခွာမည့်ခရီးစဉ်ကို ဆိုင်းငံ့ခဲ့ရခြင်းဖြစ်ပြီး ယခုအခါ ဂျပန်အစိုးရက ပြည်ဝင်ခွင့်များ ဖြေလျှော့လိုက်သောကြောင့် ဂျပန်နိုင်ငံသို့ ထွက်ခွာခွင့်ရခြင်း ဖြစ်သည်။ 

၎င်းတို့နှစ်ဦးသည် မြန်မာနိုင်ငံတွင် ဟိုတယ်လုပ်ငန်းများ၌ အတွေ့အကြုံရှိသည့်အပြင် ဂျပန်စကားနှင့် အင်္ဂလိပ်စကားကိုလည်း ပြောဆိုနိုင်သူများဖြစ်ကြောင်း သိရသည်။ သူတို့သည် ယမန်နှစ် အောက်တိုဘာလက မြန်မာနိုင်ငံတွင် ကျင်းပသည့် ဂျပန် နေရာထိုင်ခင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း ကျွမ်းကျင်မှု အကဲဖြတ် စာမေးပွဲကို အောင်မြင်ခဲ့သူများလည်း ဖြစ်သည်။    

ကိုသက်ကိုထူးက ဂျပန်လူမျိုးများနှင့် လက်တွဲအလုပ်လုပ်ရမည့်အတွက် ပျော်ရွှင်ကြောင်း ပြောသကဲ့သို့ ကိုထက်ရှိန်ဝင်းကလည်း ကိုဗစ်ကာလ အလုပ်အကိုင် မရှိသည့် မိသားစုထံ ငွေပို့ထောက်ပံ့ချင်ကြောင်း NHK ကို ပြောသည်။ 

ယခု ဗီဇာအမျိုးအစားသစ်အရ မြန်မာလုပ်သားနှစ်ဦးသည် ဂျပန်နိုင်ငံတွင် ငါးနှစ် နေထိုင်လုပ်ပိုင်ခွင့် ရမည်ဖြစ်သည်။ ထို့အတူ လုပ်ခလစာသည်လည်း ဂျပန်လုပ်သားများ နည်းတူသော်လည်းကောင်း ပို၍သော်လည်းကောင်း ရနိုင်သည့် အခွင့်အရေးရှိကြောင်းလည်း သိရသည်။ 

၎င်းတို့နှစ်ဦးသည် ဂျပန်သို့ ရောက်ရှိပြီး အိုကီနာဝါသို့ ဆက်မသွားခင် တိုကျိုမြို့တွင် သီတင်း နှစ်ပတ်ကြာ ကွာရန်တင်း ဝင်ရမည်ဖြစ်သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly