တရုတ်မှ မြန်မာနှင့် အိန္ဒိယသို့ လက်နက်များတင်ပို့၊ ဒေသတွင်းလုံခြုံရေးအား ခြိမ်းခြောက်လျက်ရှိ

တရုတ်မှ မြန်မာနှင့် အိန္ဒိယသို့ လက်နက်များတင်ပို့၊ ဒေသတွင်းလုံခြုံရေးအား ခြိမ်းခြောက်လျက်ရှိ

နိုဝင်ဘာ ၁၉

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအတွင်းသို့ တရုတ်မှ လက်နက်များ တရားမဝင်လွယ်ကူစွာ ဝင်ရောက်နေခြင်းသည် ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ခြိမ်းခြောက်လျက်ရှိကြောင်း ထောက်လှမ်းရေးအဖွဲ့များက အိန္ဒိယအစိုးရသို့ တင်ပြထားကြသည်။

ယခုနှစ်အတွင်း အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းပြည်နယ်များတွင် AK-47, M-16 နှင့် တရုတ်ပစ္စတိုများအပါအဝင် တရားမဝင်လက်နက် ၄၂၃လက်ခန့် ဖမ်းဆီးရမိခဲ့သည်။

တရုတ်သည်ဈေးကောင်းရသဖြင့် မြန်မာနယ်စပ်ရှိ သူပုန်အဖွဲ့များအား လက်နက်နှင့် ခဲယမ်းများ ထောက်ပံ့လျက်ရှိကြောင်း ထောက်လှမ်းရေးအဖွဲ့များက ဆိုသည်။

“ထင်ရှားတဲ့ သောင်းကျန်းသူအဖွဲ့တွေ အထူးသဖြင့် အာသံ ၊ မနီပူ၊ နာဂလန်း နဲ့ မီဇိုရမ် ( ပြည်နယ်တွေ) က အဖွဲ့တွေက တရုတ် ထောက်လှမ်းရေးအဖွဲ့တွေနဲ့ ပုံမှန် အဆက်အသွယ်ရှိပြီးတော့ တရုတ်ရဲ့ လက်ဆောင်တွေ လက်နက်တွေနဲ့ အကျိုးဖြစ်နေတယ်”ဟု ထောက်လှမ်းရေးက အစိုးရအား သတိပေးခဲ့သည်။

အရှေ့မြောက်ပိုင်းတွင် သောင်းကျန်းသူအဖွဲ့များ လေ့ကျင့်နေခြင်း၊ လက်နက်နှင့် ခဲယမ်းများ ထောက်ပံ့ပေးခြင်းနှင့် ပြည်ပရောက် စစ်သွေးကြွများနှင့် ခေါင်းဆောင်များအား လျို့ဝှက်ပေးထားခြင်းများသည် တရုတ်၏ အိန္ဒိယအပေါ် အကြမ်းဖက်ဝါဒကို ထပ်ဖန်တလဲလဲ ပြသသည့် ပုံစံဖြစ်ကြောင်း ထောက်လှမ်းရေးအဖွဲ့များက ထောက်ပြကြသည်။
 
 မြန်မာနိုင်ငံတွင်း အခြေအနေ

မြန်မာနိုင်ငံသည် အလွန်မဟာဗျူဟာကျသောနေရာတွင် တည်ရှိသည်။ ၎င်းသည် အိန္ဒိယသမုဒ္ဒရာနှင့် ကုန်သွယ်ရေးလမ်းကြောင်းများအတွက် ကုန်းလမ်းတံတားတစ်ခုအဖြစ် တည်ရှိနေပြီး မလက္ကာရေလက်ကြားပေါ် သက်ရောက်နေသော ဖိအားများကို လျော့ပါးစေကာ ကုန်းတွင်းပိတ် ယူနန်ပြည်နယ်၏ တိုးတက်ဖွံ့ဖြိုးမှုကို အထောက်အပံ့ပေးနိုင်သော သဘာဝအရင်းအမြစ် ဘဏ္ဍာတိုက်လည်း ဖြစ်သည်။

ထို့အပြင် တရုတ်၏ လွှမ်းမိုးမှုနယ်ပယ်အောက် ကျရောက်သော မြန်မာသည် ဒေသတွင်း အိန္ဒိယ၏ တိုးတက်မှုကို အဟန့်အတားဖြစ်စေသည်။

မကြာသေးမီက အမေရိကန်ဒေါ်လာ တစ်သန်းခန့်တန်ဖိုးရှိ တရုတ်ပြည်လုပ် AK-47 ချေမှုန်းရေး ရိုင်ဖယ်များ၊ စက်သေနတ်များ၊ တင့်ကားဖျက်မိုင်းများ၊ လက်ပစ်ဗုံးများနှင့် ခဲယမ်းများအား မြန်မာ-ထိုင်းနယ်စပ်ရှိ ထိုင်းပြည်နယ် မဲဆောက်မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းများက ဖော်ပြကြသည်။ယခု လျို့ဝှက်လက်နက်များ ဖမ်းဆီးရရှိမှုသည် ဒေသတွင်း တရုတ်လက်နက်များ ဖမ်းဆီးမှုများမှ တစ်ခုသာဖြစ်သည်။

ယခုနှစ် အစောပိုင်းတွင် ချေမှုန်းရေးရိုင်ဖယ် ၅၀၀၊ စက်သေနတ် ၃၀၊ ခဲယမ်း ၇၀၀၀၀ နှင့် များပြားလှသော လက်ပစ်ဗုံးများ၊ တရုတ်လုပ် F-6 ပုခုံးထမ်းလေကြောင်းကာကွယ်ရေးဒုံးကျည် တစ်ချို့အား မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းအဆုံအနီးရှိ မိုနာခါလီကမ်းခြေသို့ ပို့ဆောင်ခဲ့သည်။ ထိုမှတစ်ဆင့် ဆန်းဒက်ခ်ရှိ ရခိုင့်တပ်တော်သို့ ရောက်ရှိခဲ့ပြီး တောင်ပိုင်းမီဇိုရမ်မှ ပါဗါစင်္ကြံလမ်းမှတစ်ဆင့် ရခိုင်ပြည်နယ်သို့ မှောင်ခိုတင်သွင်းခဲ့သည်။

သိမ်းဆည်းရမိသော လက်နက်များသည် မူလက တရုတ်ပြည်ဖြစ်များဖြစ်ပြီး ဈေးကောင်းရရှိသဖြင့် မြန်မာနယ်စပ်ရှိ သောင်းကျန်းသူအဖွဲ့များသို့ မှောင်ခိုတင်သွင်းရန် ရည်ရွယ်သည်။

မြန်မာနိုင်ငံတွင် တရုတ်သည် မီဇိုရမ်နှင့် နယ်စပ်ထိစပ်နေသော ချင်းနှင့် ရခိုင်ပြည်နယ်များတွင် လှုပ်ရှားနေသည့် AA အား လက်နက်နှင့် ခဲယမ်းများ ထောက်ပံ့လျက်ရှိသည်။

တရုတ်သည် လက်ရှိတွင် ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး စီမံကိန်းမှတစ်ဆင့် အိန္ဒိယ၏ ထိုးနှက်မှုကို ကန့်သတ်နိုင်ရန် မြန်မာအစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသော AA အား အသုံးချလျက်ရှိသည်။

AA ကို ၂၀၀၉ ခုနှစ်တွင် တရုတ်နယ်စပ်တစ်လျောက်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) လက်အောက်တွင် ဖွဲ့စည်းခဲ့ပြီး ထိုနှစ်တွင်ပင် အိန္ဒိယသည် ကုလားတန်စီမံကိန်းကို ကြေငြာခဲ့သည်။

၂၀၁၉ခုနှစ် ကုလားတန်စီမံကိန်း ပြီးဆုံးခါနီး အဆင့်သို့ရောက်ချိန်တွင် AA သည် ရခိုင်နှင့် ချင်းပြည်တောင်ပိုင်းသို့ ပြောင်းရွှေ့လှုပ်ရှားခဲ့သည်။

၂၀၁၉တွင် AA နှင့် မြန်မာစစ်တပ်အကြား တိုက်ပွဲပေါင်း ၅၉၃ ခုထက်မနည်းရှိခဲ့ပြီး အများစုမှာ ကုလားတန် စီမံကိန်းအနီးအနားတွင် ဖြစ်သည်။

သို့ရာတွင် AA သည် ကုလားတန်စီမံကိန်းအား ဆန့်ကျင်သည့် လှုပ်ရှားမှုများအား အတိုင်းအတာတစ်ခုအထိ အမြဲတစေထိန်းထားခဲ့သည်။
 
“ဘယ်လိုပဲဖြစ်ဖြစ် ကုန်ပစ္စည်းတင်ပို့တာတွေကို ပစ်မှတ်ထားတာ၊ လုံခြုံရေးထောက်ပံ့နေတဲ့ မြန်မာတပ်မတော်ကို တိုက်ခိုက်တာ၊ ပြန်ပေးဆွဲတာ(မှားယွင်းစွပ်စွဲခံရကြောင်းပြောဆိုထားသည်) လို ဖြစ်ရပ် လေးခုထက်မနည်း ဖြစ်ခဲ့ပြီးတော့ စီမံကိန်း အကောင်အထည်ပေါ်ဖို့ကို အကြီးအကျယ် အဟန့်အတားဖြစ်စေတယ်”ဟု ထောက်လှမ်းရေးအဖွဲ့များက ဆိုသည်။

စိတ်ဝင်စားဖွယ်မှာ AA သည် ဒေသတွင်းရှိ တရုတ်စီမံကိန်းများအား လွတ်ငြိမ်းခွင့်ပေးထားချိန်တွင် အိန္ဒိယစီမံကိန်းအပေါ်တွင်မူကား အခွန်ကောက်ရန် ဆုံးဖြတ်ထားကြောင်း ကြေငြာခဲ့သည်။

တရုတ်သည် AA ၏ ထောက်ပံ့ငွေ ၉၅ရာခိုင်နှုန်းခန့်ကို ပေးနေကြောင်း သတင်းအရင်းအမြစ်များက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းမှတစ်ဆင့် ဝင်ရောက်လာသော တရုတ်လက်နက်များသည် မြန်မာနိုင်ငံတွင်း အိန္ဒိယက လုပ်ဆောင်နေသော စီမံကိန်းများသည် ခြိမ်းခြောက်ခံနေရကြောင်း ဖော်ပြနေသည်။

“ကျောက်ဖြူကစတဲ့ အထင်ကရ တရုတ်မြန်မာစီးပွားရေးစင်္ကြံအနားမှာ အိန္ဒိယ စီမံကိန်းရှိနေတာက ဒေသတွင်းမှာ အိန္ဒိယရဲ့ တိုးတက်လာမှုကို အချိန်ဆွဲဖို့ တရုတ်အတွက် အရမ်းကောင်းတဲ့ အကြောင်းပြချက်ပဲ”ဟု သတင်းအရင်းအမြစ်တစ်ခုမှ ဖော်ပြထားသည်။

၂၀၂၀ ဇန်နဝါရီတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်သမ္မတရှီကျင့်ဖျင်ကို သွားရောက်တွေ့ဆုံဆွေးနေမှုရှိခဲ့သော်လည်း မြန်မာ့တပ်မတော်သည် “အမဲလိုက်ခွေးများနှင့် အမဲလိုက်ပြီး မြေခွေးများနှင့် ပြေးလွှားခြင်း”ဆိုသည့် တရုတ်မဟာဗျူဟာကို သိရှိနေခဲ့ကြောင်း သတင်းအရင်းအမြစ်က ဖော်ပြထားသည်။ သို့သော် တရုတ်က အဆိုပါဗျူဟာချထားခဲ့သည်ဆိုခြင်းကို လုံးဝငြင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly