ယူရို ၂၀၁၆ ပြိုင်ပွဲဝင်ခွင့် လက်ကျန်လေးနေရာကို ဟန်ဂေရီ၊ အိုင်ယာလန်၊ ယူကရိန်းနှင့်ဆွီဒင်တို့ရရှိ

ယူရို ၂၀၁၆ ပြိုင်ပွဲဝင်ခွင့် လက်ကျန်လေးနေရာကို ဟန်ဂေရီ၊ အိုင်ယာလန်၊ ယူကရိန်းနှင့်ဆွီဒင်တို့ရရှိ

နိုဝင်ဘာ ၁၈ ။              ။ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်က ယူရို ၂၀၁၆ ခြေစစ်ပွဲ Play off ပွဲစဉ်များအားလုံး ယှဉ်ပြိုင်ပြီးဆုံးသွားခဲ့ပြီဖြစ်ရာ လက်ကျန်နောက်ဆုံးလေးနေရာကို ဟန်ဂေရီ၊ အိုင်ယာလန်၊ ယူကရိန်းနှင့် ဆွီဒင်တို့က ရရှိသွားခဲ့ပြီဖြစ်သည်။

နိုဝင်ဘာ ၁၈ နံနက်ပိုင်းက ယူရို ၂၀၁၆ ခြေစစ်ပွဲ Play off ဒုတိယအကျော့ နောက်ဆုံးပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ရာတွင် ဆလိုဗက်ကီးယားနှင့်ယူကရိန်းတို့မှာ ၁-၁ သရေ၊ ဒိန်းမတ်နှင့် ဆွီဒင်တို့မှာ ၂-၂ သရေကျခဲ့ကြသည်။

ဆွီဒင်အသင်းမှာ ဒိန်းမတ်အသင်းကို ပထမအကျော့တွင် ၂-၁ ဂိုးဖြင့် နိုင်ထားသည့်အတွက် နှစ်ကျော့ပေါင်း ၄-၃ ဂိုးရလဒ်ဖြင့် ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး ယူကရိန်းအသင်းမှာလည်း ပထမအကျော့က အိမ်ကွင်းတွင် ၂-၀ ဂိုးဖြင့်နိုင်ထားသည့်အတွက် နှစ်ကျော့ပေါင်း ၃-၁ ရလဒ်ဖြင့် ခြေစစ်ပွဲအောင်မြင်ခဲ့သည်။

ဟန်ဂေရီအသင်းမှာ နော်ဝေအသင်းကို ပထမအကျော့အဝေးကွင်းတွင် ဝ-၁ ဂိုးဖြင့်အနိုင်ရပြီး ဒုတိယအကျော့အိမ်ကွင်းတွင် ၂-၁ ဂိုးဖြင့်နိုင်ကာ နှစ်ကျော့ပေါင်း ၃-၁ ရလဒ်ဖြင့် ခြေစစ်ပွဲအောင်ခဲ့သည်။

အိုင်ယာလန်အသင်းမှာမူ ဘော့စနီးယားကို အဝေးကွင်းတွင် ၁-၁ သရေကျခဲ့ပြီး ဒုတိယအကျော့အိမ်ကွင်းတွင် ၂-၀ ဂိုးဖြင့်နိုင်ကာ ၃-၁ ရလဒ်ဖြင့်ပင် ခြေစစ်ပွဲအောင်ခဲ့သည်။

ယူရို ၂၀၁၆ ပြိုင်ပွဲကြီးကို လာမည့် ၂၀၁၆ ခုနှစ် ဇွန်လတွင် ပြင်သစ်နိုင်ငံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲပုံစံအသစ်ဖြင့် အသင်းပေါင်း ၂၄ သင်းပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။

အုပ်စုခွဲဝေရန်အတွက် မဲအိုးခွဲခဲ့ရာတွင်

မဲအိုး(၁) - စပိန်၊ ဂျာမနီ၊ အင်္ဂလန်၊ ပေါ်တူဂီ၊ ဘယ်လ်ဂျီယံ

မဲအိုး(၂) - အီတလီ၊ ရုရှ၊ ဆွစ်ဇာလန်၊ သြစတြီးယား၊ ခရိုအေးရှား၊ ယူကရိန်း

မဲအိုး(၃) - ချက်၊ ဆွီဒင်၊ ပိုလန်၊ ရိုမေးနီးယား၊ ဆလိုဗက်ကီးယား၊ ဟန်ဂေရီ

မဲအိုး(၄) - တူရကီ၊ အိုင်ယာလန်၊ အိုက်စလန်၊ ဝေးလ်၊ အယ်လ်ဘေးနီးယား၊ မြောက်အိုင်ယာလန်

အိမ်ရှင်ပြင်သစ်အသင်းမှာ အုပ်စု(က)တွင် ကျရောက်ပြီးဖြစ်သည့်အတွက် မဲအိုးတွင် မပါဝင်ခဲ့ပေ။

ရည်ညွှန်း ဆော်ကာဝေး၊ ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly