တပ်မတော်က ဆွေးနွေးပွဲတွေမှာ အလုပ်မဖြစ်တဲ့ ခြိမ်းခြောက်မှုတွေလုပ်တယ်

တပ်မတော်က ဆွေးနွေးပွဲတွေမှာ အလုပ်မဖြစ်တဲ့ ခြိမ်းခြောက်မှုတွေလုပ်တယ်
ပုံ- PSLF/TNLA မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်ကိုတွေ့ရစဉ်(ပုံ- PSLF/TNLA)

ရန်ကုန်၊နိုဝင်ဘာ ၁၈

၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပ၍ ပြီးစီးသွားပြီ ဖြစ်ရာ လက်ရှိ အာဏာရ ပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ဆက်လက်ကာ အစိုးရသစ်ကို ဖွဲ့စည်းနိုင်သော အရေအတွက် ကို အနိုင်ရရှိခဲ့သည်။

သို့သော်လည်း မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်ကို မည်သည့် အစိုးရလက်ထက်မှ ချုပ် ငြိမ်းသွားအောင် မလုပ်နိုင်သေးဘဲ ဖြစ်နေခြင်းကြောင့် ၂၀၂၁ ခုနှစ်တွင် ဖြစ်တည်လာမည့် အစိုးရသစ် အနေဖြင့် ဆက်လက် ကိုင်တွင် ဖြေရှင်းရန် အရေးကြီးလိုအပ်နေသည်။တစ်ဖက်မှာလည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေး ကျဆင်းမှုများ ဖြစ်လာနေ သလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း မပြင်နိုင်သေးသည့်အတွက် တိုင်းရင်းသား လူမျိုးများ ကြား အာဏာ ခွဲဝေ ကျင့်သုံးနိုင်ရေး အငြင်းအခုံများက ရှိနေသေးသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ် ဘာကြောင့် မရပ်နိုင်ဖြစ်နေသလဲ၊ ငြိမ်း ချမ်းရေး ဘာကြောင့်မရဖြစ်နေသလဲ၊ ဘာတွေ ပြင်ဆင်ပြောင်းလဲရန် လိုအပ်နေသလဲ၊ မြန်မာပြည် မျာ ဘယ်လိုမျိုး အစိုးရသစ် တစ်ရပ်ကို ဖန်တီးကာ ဖြေရှင်းသင့်လဲဆိုသော အခြေအနေများနှင့်ပတ်သက် ပြီး အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေသည့် တအာင်း(ပလောင်)အမျိုးသားလွှတ်မြောက်ရေးတပ်ဖွဲ့ (TNLA)မှ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဗိုလ်မှူးချုပ် တားဘုန်းကျော်ကို မဇ္ဈိမ မီဒီယာမှ အယ်ဒီတာ ချစ်မင်းထွန်းက ဆက်သွယ် မေးမြန်းထားပါသည်။

အစိုးရ-တပ်မတော်-တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ ၂၁ ပင်လုံ အစည်းအဝေးအပြီး အမှတ်တရ ဓာတ်ပုံရိုက်နေစဉ်(ပုံ-NRPC)

မေး။      ။  မင်္ဂလာပါ ဗိုလ်မှူးချုပ်၊ အခု ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ  NLD ပါတီကပဲ အနိုင် ရပြီးတော့ အစိုးရသစ်ကို ဦးဆောင်ဖွဲ့စည်းခွင့်ရတယ်။ ဆိုတော့ ဗိုလ်မှူးချုပ်တို့ ဘာတွေ မျှော်လင့် ထားလဲ၊ အစိုးရဖွဲ့သစ်ကို ဘယ်လို စုဖွဲ့မှုမျိုး ဖြစ်စေချင်တဲ့ဆန္ဒရှိလဲ။အရင်တုန်းကလည်း ဘယ်လိုဖြစ် စေချင်တယ်ဆိုတဲ့ ဆန္ဒတွေရှိခဲ့ဖူးတယ်၊ သို့သော် ဖြစ်မလာခဲ့ဘူးဆိုတာမျိုးတွေ ဖြစ်ခဲ့ဖူးတော့လေ။

ဖြေ။      ။ ဟုတ်ကဲ့ပါ၊ ကျွန်တော်မြင်တဲ့ အမြင်ကတော့ စုဖွဲ့မှုကတော့ NLD အပေါ်မှာပဲ မူတည်ပါ တယ်၊ ကျွန်တော်တို့ ဘယ်လိုပဲ ဖြစ်စေချင်ချင်။ ဒါက NLD က မဲနိုင်ထားတဲ့သူ ပြည်သူလူထုက မဲ အပြည့်အဝပေးထားတယ်ဆိုတော့ NLD အပေါ်မှာပဲ မူတည်ပါတယ်၊ ဒါပေမယ့် အဓိကတော့ NLD က အခုဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေတွေကို ဘယ်လို ဖြေရှင်းမလဲ၊ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ဘယ်လို ရပ်စဲအောင်လုပ်မလဲ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အကျပ်အတည်းတွေကို ဘယ်လိုကျော်လွှား မလဲ၊ ၂၀၀၈ ဖွဲ့စည်းပုံ ဘယ်လိုပြင်မလဲဆိုတဲ့ အချက်အလက်တွေအပေါ်မှာပဲ အဓိက မူတည်မယ်လို့ ထင်ပါတယ်။စုဖွဲ့မှုကတော့ အများပြည်သူကို နည်းနည်း ပုံစံပြပြီးတော့မှ ဝမ်းသာ အားရစရာကောင်းအောင် လုပ်တဲ့ ပုံစံတစ်ခုပဲဖြစ်ပါတယ်။ ဒါကြောင့်မလို့ စုဖွဲ့မှုကတော့ အဓိက NLD အပေါ်မှာပဲ မူတည်လိမ့်မယ်၊ ကျွန်တော်တို့ အနေနဲ့ကတော့ စုဖွဲ့မှုနဲ့ပတ်သက်ပြီးတော့ အများကြီးတော့ မျှော်လင့်တာမရှိပါဘူး။

မေး။         ။ လက်ရှိ NLD အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေး ဖြစ်စဉ်က တော်တော်လည်း အားနည်း သွားတယ်၊ တချို့ဟာတွေဆိုရင် ရပ်တန့် သွားအောင်တောင်ဖြစ်ခဲ့တယ်၊ဆိုတော့ အစိုးရသစ်ကိုလည်း NLD ကပဲ ဦးဆောင်ဖွဲ့စည်းမှာဖြစ်တော့ ငြိမ်းချမ်းရေးဖြစ်စဉ်က အစိုးရသစ်အနေနဲ့ ဘယ်လို အခင်း အကျင်း သစ်တွေကို ပြောင်းလဲသင့်လဲ။ ဘယ်လိုဟာတွေ ပြောင်းလဲဖော်ဆောင်မှ အောင်မြင်နိုင်မယ် လို့ မြင်လဲ။

ဖြေ။         ။ ကျွန်တော်မြင်တာကတော့ NLD အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ NLD ရဲ့ ဒီပြည်တွင်းစစ်ကို ရပ်စဲဖို့၊ ငြိမ်းချမ်းရေးကို တကယ်တည်ဆောက်ဖို့ လုပ်ငန်းစဉ် အတိအကျရှိဖို့လို တယ်လို့ ကျွန်တော်မြင်တယ်။ NLD က ဦးဆောင်တဲ့ လုပ်ငန်းစဉ်ပေါ့။

အဲလို လုပ်ငန်းစဉ်အတိအကျရှိမှသာလျှင် မြန်မာ့တပ်မတော်ကို ဘယ်လိုချဉ်းကပ်ပြီးတော့မှ ဆွဲဆောင် စည်းရုံးမလဲ၊ လိုက်ပါလာအောင် ဘယ်လိုလုပ်မလဲ၊ ပြီးရင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့က ခေါင်းဆောင်တွေကို ဘယ်လိုချဉ်းကပ်မလဲ၊ ဘယ်လိုစည်းရုံးမလဲ၊ ဘယ်လိုအပေးအယူ ဆွေးနွေးမလဲ၊ ပြည်တွင်းစစ် တကယ်ရပ်စဲသွားအောင်။ 

အဲလိုလုပ်ငန်းစဉ်တွေ အတိအကျရှိမှသာလျှင် လုပ်ငန်းအောင်မြင်နိုင်မယ်လို့ ကျွန်တော်ထင်တယ်၊ ဒီ ၂၀၁၅ နဲ့ ၂၀၂၀ ကြားမှာဖြစ်ခဲ့တဲ့ဟာကို သေချာ အတွေ့အကြုံ သင်ခန်းစာယူပြီးတော့မှ ဒီ ၂၀၂၀ မှာ သေချာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ချဖို့လိုတယ်လို့ ကျွန်တော်ထင်တယ်။ ဘာလို့အဲလိုပြောလဲဆို တော့ ၂၀၁၅ - ၂၀၂၀ မှာ NLD မှာ တိကျတဲ့ ပြည်တွင်းစစ်ရပ်စဲဖို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မရှိဘူး။ ၂၁ ပင်လုံ ညီလာခံလုပ်တယ်၊ ကျန်တာက ဆွေးနွေးတဲ့ဟာတွေက မြန်မာ့တပ်မတော်ရဲ့သဘောထား လုပ်ငန်းစဉ်အတိုင်းနဲ့လိုက်နေတဲ့ပုံလို့ ကျွန်တော်တို့ မြင်တယ်။ဒါကြောင့်မလို့ အဲအတိုင်းပဲ လိုက်မယ်ဆိုရင်တော့ တကယ်သေနတ်သံတွေ ရပ်စဲသွားပြီးတော့မှ ပြည်တွင်းစစ် ရပ်စဲဖို့ကတော့ တော်တော်ခက်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါကြောင့်မလို့ အခု လူထုရဲ့ ထောက်ခံမှုကို ဒုတိယအကြိမ် တစ်ခဲနက် အပြည့်အဝရထားတဲ့ NLD အနေနဲ့ သတ္တိရှိရှိ ရဲရဲ ဝံ့ဝံ့ တကယ်လုပ်ဖို့လိုတယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။

မေး။        ။ ဗိုလ်မှူးချုပ် ခုနကပြောသလိုပေါ့လေ၊ ပြည်တွင်းစစ် ရပ်စဲနိုင်မယ့် လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး NLD မှာ တိတိကျကျ မရှိဘူးလို့ဆိုတယ်ပေါ့လေ။ အခု မြန်မာ့နိုင်ငံရေးမှာ ငြိမ်းချမ်းရေးကလည်း ထင် သလောက် မအောင်မြင်သေးဘူး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကလည်း မပြင်နိုင်သေးဘူး၊ အစိုးရ-တပ်မတော်-လက်နက်ကိုင်တွေ ကြားမှာလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးက မတည်ဆောက် နိုင်ဖြစ် နေတယ်၊ စီးပွားရေးကလည်း ကျဆင်းနေတယ်၊ ကိုဗစ်-၁၉ ကပ်ရောဂါကိုလည်း တိုက်ဖျက် နေရတယ်။ ဆိုတော့ မြန်မာ့နိုင်ငံရေး အကြပ်အတည်းကို ဖြေရှင်းဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ ဖွဲ့စည်းဖို့ လိုအပ်တယ်၊ အဲဒီအပေါ် ဗိုလ်မှူးချုပ်တို့ TNLA ရဲ့ သဘောထား အမြင်က ဘယ်လိုရှိလဲ။

ဖြေ။       ။ ကျွန်တော်တို့ အနေနဲ့ကတော့ အဲလို NLD က သဘောထားကြီးကြီးနဲ့ ဒီမြန်မာ့တပ်မ တော်ဘက်ကိုရော၊ တိုင်းရင်းသားနိုင်ငံရေးပါတီတွေဘက်ကိုရော အားလုံး စုစပ်ပြီးတော့ ပါဝင်နိုင်တဲ့ NLD ဦးဆောင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ အဲလိုဖွဲ့ပြီး အကောင်အထည်ဖော်နိုင်မယ်၊ ခုနကပြော တဲ့ အခုလက်ရှိ နိုင်ငံရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကျပ်အတည်းကို အဲလိုပူးပေါင်းဆောင်ရွက်မယ်ဆိုရင် တော့ အကောင်းဆုံး နိုင်ငံရေးအခင်းအကျင်းပေါ့။အဲလိုဖြစ်လာမယ်ဆိုရင်တော့ အားလုံး ပြည်သူလူထုလည်း စိတ်ချမ်းသာမယ်၊ တိုင်းရင်းသား လူထုရဲ့ ထောက်ခံမှုလည်း ရတယ်။ မြန်မာ့တပ်မတော်ရဲ့ထောက်ခံမှုလည်း ပိုရတယ်။အဲလိုဆိုရင်တော့ ဒါက ကောင်းတဲ့ အခင်းအကျင်းတစ်ခုဖြစ်လာမယ်လို့ ထင်ပါတယ်။ အဲဒါကတော့ လုပ်မယ် မလုပ်ဘူးဆိုတာ ကတော့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အပေါ်မှာလည်း အများကြီး မူတည်တယ်လေ။ မလုပ်ဘူးဆိုရင်လည်း ကျွန်တော်တို့ ဘာမှတော့ မတတ်နိုင်ဘူး၊ ဘာလို့လဲဆိုတော့ ပြည်သူလူထုက သူတို့ကို တစ်ခဲနက် မဲပေးထားတော့ သူတို့က အပြည့်အဝဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (ပုံ-NRPC)

မေး။        ။ ဒါဆို ဗိုလ်မှူးချုပ်တို့ TNLA ကလည်း အမျိုးသားညီညွတ်ရေးအစိုးရတစ်ရပ် ပေါ်ပေါက် တာမျိုးကို လက်ခံတယ်ပေါ့။ ဘယ်လိုပုံစံမျိုး ပေါ်ပေါက်စေချင်တဲ့မျှော်လင့်ချက်တွေရော ရှိလဲ။

ဖြေ။        ။ ဟုတ်ကဲ့ ဒါက စုဖွဲ့မှု အစုသဏ္ဌာန်အရ အားကောင်းတယ်ဆိုရင်တော့ အလုပ်လည်း ဖြစ်နိုင် တဲ့ ရာခိုင်နှုန်းက ပိုများတာကိုး။ ဒါကြောင့်မလို့ ခဏက ကျွန်တော်ပြောသလို NLD အစိုးရအနေနဲ့ မဲနိုင်ထားတဲ့လူဖြစ်တယ်။အတိုက်အခံဖြစ်တဲ့ ကြံ့ခိုင်ရေးဘက်ရော၊ မြန်မာ့တပ်မတော်ဘက်ကိုရော ပါဝင်နိုင်အောင်လုပ်မယ်၊ ပြီးတော့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေဘက်က အနိုင်ရရှိထားတဲ့လူ လည်း ပါမယ်၊ ပါသင့်ပါထိုက် တဲ့ နိုင်ငံရေးခေါင်းဆောင်၊ တိုင်းရင်းသား ခေါင်းဆောင်တွေလည်း ပါပြီး တော့ အဲလို Unity အစိုးရ ဖွဲ့နိုင်မယ်ဆိုရင် ဒါက အသွင်သဏ္ဌာန် အရဆိုရင်တော့ အခုရှိနေတဲ့ အခက် အခဲ၊ ပြည်တွင်းစစ် အခက် အခဲ၊ စီးပွားရေး အကျပ်အတည်း၊ ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ကျော်လွှားနိုင်မယ့် ပြင်ဆင်နိုင်မယ့် အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ဆိုရင်တော့ စုဖွဲ့မှုပုံသဏ္ဌာန်အရ တကယ်ကို ကောင်းတဲ့ ပုံသဏ္ဌာန်ဖြစ်လာမယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲလိုလုပ်နိုင်ရင်တော့ အကောင်းဆုံးပဲ လို့ ကျွန်တော်ထင်ပါတယ်။

မေး။        ။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ တော်တော်များများ အနိုင်ရမယ်လို့ မျှော်လင့်ခဲ့တယ်။ လွှတ်တော်ထဲကို တော်တော်များများ ရောက်လာမယ့်လို့ မျှော်လင့် ခဲ့တယ်။ ဒါပေမယ့်လည်း ထင်သလောက်က မဖြစ်လာခဲ့ဘူး။ ဆိုတော့ ပြည်နယ်လွှတ်တော်တွေမှာ တိုင်းရင်းသားပါတီ်တွေက မလွှမ်းမိုးထားနိုင်ဘူးဆိုရင် ပြည်နယ်တွေမှာ ဖြစ်ပွားလေ့ရှိတဲ့ လက်နက် ကိုင် ပဋိပက္ခတွေ ပိုမိုဖြစ်ပွားမှာကို မထိန်းနိုင်ဘဲ ဖြစ်သွားမယ်။ ပြီးရင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကို မထိန်းနိုင်ဘဲ ဖြစ်သွားမယ်ဆိုတာတွေကို စိုးရိမ်တာတွေရှိတယ်။ ဒီအပေါ်မှာရော ဗိုလ်မှူးချုပ် အနေ နဲ့ ဘယ်လိုမျိုး မြင်မိလဲ။

ဖြေ။       ။ ကျွန်တော်မြင်တာကတော့ ဒီဟာက မြန်မာပြည်ရဲ့လက်ရှိ ပကတိအခြေအနေပေါ့။ ဥပမာ ကချင်ပြည်နယ်မှာ ကချင်ပါတီတွေမနိုင်ဘူး၊ ဘာဖြစ်လို့မနိုင်ဘူးဆိုတာက အခုက ရွေ့ပြောင်းအခြေခံ တာတွေ တအားများတယ်။ လူမျိုးပေါင်းစုံ လာပြီး အခြေချ နေထိုင်တာများတော့ ကချင်လူထုတွေက နည်းတယ်။ ဒါက ဒီနှစ် ၂၀-၃၀ မှာ ပြောင်းလဲလာတဲ့ ရွေ့ပြောင်းအခြေခံနေထိုင်မှု သဘော။

ဒါကြောင့်မလို့ ဘယ်အချိန်မှာပဲ ပြိုင်ပြိုင် အဲဒီမှာ လူထုတွေက နိုင်ငံရေးအပြောင်းအလဲကို လိုချင် တယ်၊ နောက်ပြန်မလှည့်ချင်ဘူး၊ စစ်တပ် ကြီးစိုးတာတွေ မဖြစ်ချင်တော့ အဲဒီမှာ NLD က နိုင်တယ် လို့ အဲလိုပဲ မြင်ပါတယ်၊ တိုင်းရင်းသားတွေ မနိုင်ဘူး။

တိုင်းရင်းသားတွေ မနိုင်တဲ့အတွက်ကြောင့်မလို့ အဲဒီနေရာက စစ်မြေပြင်ဖြစ်သွားမယ်။ စစ်ဘေး ဒုက္ခ သည်တွေ ရောက်မယ်ဆိုတာကတော့ ဒါကတော့ ကျွန်တော်ထင်တယ် တိုက်ရိုက်တော့ မသက်ဆိုင် ဘူးလို့ မြင်ပါတယ်။ ဘာဖြစ်လဲဆိုတော့ တိုင်းရင်းသား ပါတီတွေ နိုင်ခဲ့မယ်ဆိုရင်လည်း တိုက်ပွဲတွေ ဖြစ်နေမယ်ဆိုရင် ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အဲဒီမှာရှိတဲ့ ပြည်နယ်လွှတ်တော်တွေရော ၊ ပြည်နယ်အစိုးရ ဘာမှလုပ်ပိုင်ခွင့်မရှိပါဘူး။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်(ပုံ-NRPC)

မေး။        ။ ဒါဆို စစ်ပွဲတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လျှော့နည်းအောင်ဆိုရင် တိုင်းရင်း သား ပြည်နယ်တွေမှာ ပြည်နယ်လွှတ်တော်နဲ့အစိုးရ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်တွေကို လုပ်ပိုင်ခွင့် အာဏာ ခွဲဝေပေးသင့်တယ်ဆိုတဲ့အမြင်မျိုးလား။

ဖြေ။        ။ ဟုတ်ကဲ့ပါ အခုက ပြည်နယ်အစိုးရတွေမှာ အဲလို တိကျတဲ့ လုပ်ပိုင်ခွင့်တွေရှိဖို့လိုမယ်လို့ ကျွန်တော်တို့မြင်ပါတယ်။လုပ်လည်း လုပ်သင့်တယ်လို့ မြင်ပါတယ်၊ အဲဒါမှ တကယ်ပြည်ထောင်စု လက္ခဏာနဲ့ ညီမယ်လို့ မြင်တယ်။ ဒါပေမယ့် လောလောဆယ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံအရတော့ အဲဒါတွေ သူတို့မှာ လုပ်ပိုင်ခွင့်မရှိပါဘူး။

မေး။       ။ နောက်တစ်ခုက ၂၀၂၁ ခုနှစ်ဆိုရင် တပ်ချုပ်က အနားယူရတော့မယ်ဆိုတော့ အသံတွေ လည်း ထွက်လာပြီးပေါ့လေ။ အဲဒီ ၂၀၂၁ မှာပဲ အစိုးရသစ်ကလည်း ပေါ်တော့မယ်။ဆိုတော့ တပ်ချုပ် အနားမယူခင်မှာ ငြိမ်းချမ်းရေး သဘောတူညီချက်တွေ မြန်မြန်ရယူထားဖို့ မလိုဘူးလား၊ ဘာလို့ဆို တပ်ချုပ် အသစ်တက်လာပြီးဆိုရင် တပ်မတော်ရဲ့ငြိမ်းချမ်းရေးပေါ်လစီတွေ ပြောင်းသွားနိုင်မလားဆို တဲ့ စိုးရိမ်မှုကလည်းရှိတယ် ဆိုတော့လေ။ ဘယ်လိုပုံစံမျိုး ဒီအပေါ်မှာ ဗိုလ်မှူးချုပ်တို့ EAO(တိုင်းရင်း သားလက်နက်ကိုင်ခေါင်းဆောင်)တွေ အနေနဲ့ စဉ်းစားချက်တွေ ရှိလဲ။

ဖြေ။       ။ ကျွန်တော်တို့မြင်တာကတော့ ပုဂ္ဂိုလ်ရေးအရ အရေးမကြီးဘူးလားဆိုတော့ တချို့အပိုင်း ကတော့ အရေးကြီးပါတယ်၊ ဒါပေမယ့် မြန်မာ့တပ်မတော် စုဖွဲ့ထားတဲ့ စုဖွဲ့မှုအရ၊ အမိန့်အာဏာ စီး ဆင်းမှုအရကတော့ အများကြီး သိသာထင်ရှားတဲ့ အပြောင်းအလဲတွေတော့ ဖြစ်လာလိမ့်မယ်လို့တော့ ကျွန်တော်တို့ အများကြီးမမျှော်လင့်ဘူး။

ဘာဖြစ်လဲဆိုတော့ အားလုံးသိတဲ့အတိုင်းပဲ တပ်ချုပ် ဦးသန်းရွှေကစပြီးတော့မှ အခု ဦးမင်းအောင်လှိုင် အထိ ပြောင်းလဲလာတဲ့ပုံစံမှာ ဒီတပ်ရဲ့ မူဝါဒ သဘောထားတွေက တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေအပေါ်မှာ သိသာတဲ့ အပြောင်းအလဲမျိုး မတွေ့ရပါဘူး။ စကားလုံးလေးတွေ အရ နည်းနည်းကွဲသွားတယ်၊ ဒါပေမယ့် မူဝါဒကတော့ လက်နက်အပ်ဖို့ပဲ၊ အားလုံး တစ်သွေးတစ်သံ တစ်မိန့်တည်း ဝင်လာဖို့ပဲ။ နိုင်ငံရေးပြဿနာကို တကယ် တိတိကျကျ ဖြေရှင်းဖို့ သဘောထားမရှိဘူး။

ဒါကြောင့်မလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောင်းခြင်း မပြောင်းခြင်းက အများကြီး ဒီအပေါ်မှာ ဂယက်ရိုက်လိမ့်မယ်လို့ ကျွန်တော်တို့မထင်ဘူး။ မြန်မာ့တပ်မတော်ရဲ့သဘောထား အမှန်အကန် ပြောင်းလဲမှသာ အခုကျွန်တော်တို့ဖြစ်နေတဲ့ တိုက်ပွဲတွေ၊ EAO တွေနဲ့ ဆွေးနွေးတဲ့ဟာတွေက သိသာ တဲ့ ပြောင်းလဲမှုတွေ ရှိလာမယ်လို့ ကျွန်တော်တို့ ထင်ပါတယ်။ 

မေး။       ။ အခု ၂၀၁၅ ကနေ ၂၀၂၀ ခုနှစ်ကြား ၅ နှစ်တာ အတွင်းထဲမှာ ဗိုလ်မှူးချုပ်တို့ အပါအဝင် မြောက်ပိုင်းလေးဖွဲ့(TNLA-AA-MNDAA-KIA)နဲ့ အစိုးရ-တပ်မတော်နဲ့ Bilateral စာချုပ်တောင် ရ အောင် မလုပ်နိုင်တာက ဘာကြောင့်လဲ၊ အစိုးရသစ် လက်ထက် ပြောင်းလာတဲ့အခါကျရင် မြောက်ပိုင်းသုံးဖွဲ့ အနေနဲ့ KIA အပါဆိုရင်တော့ လေးဖွဲ့ပေါ့လေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘယ်လို ပုံစံမျိုးနဲ့ ပါဝင် ဆောင်ရွက်သွားဖို့ စဉ်းစားချက်တွေ ရှိပါသလဲ။

ဖြေ။      ။ ဒီ ၂၀၁၅-၂၀၂၀ ကြားထဲမှာ ကျွန်တော်တို့ တိကျတဲ့ လုပ်ငန်းတွေ Bilateral စာချုပ် မချုပ် နိုင်တာ အဓိက ကျွန်တော်တို့ ပြန်ကြည့်လိုက်မယ်ဆိုရင် ဒီမြန်မာ့တပ်မတော်က တိုက်ပွဲတွေ မရပ်ချင် ဘူး၊ တိုက်ပွဲတွေ ဆက်ရှိစေချင်တယ်။ NLD ရဲ့ပထမသက်တမ်း လက်ထက်မှာ ငြိမ်းချမ်းရေးကိစ္စကို သူက လွယ်လွယ်နဲ့ မဖြစ်ချင်ဘူး၊ မတည်ဆောက်ချင်ဘူး။

အဲဒါကြောင့်မလို့ ကျွန်တော်တို့ ဒီ KIA ဘက်ကရော ကျွန်တော်တို့ မဟာမိတ် လေးဖွဲ့ပေါ့။ ကျွန်တော် တို့ဘက်က အတတ်နိုင်ဆုံး အခြေခံမူ လျှော့လို့ရတဲ့ဟာတွေ ကျွန်တော်တို့ လျှော့ပြီးလိုက်ပါ ဆွေးနွေး တယ်၊ ညှိနှိုင်းတယ်၊ ဒါပေမယ့်လည်း မြန်မာ့တပ်မတော်ဘက်က ကျွန်တော်တို့ကို ဆွေးနွေးပွဲတွေမှာ အလုပ်မဖြစ်နိုင်တဲ့ ခြိမ်းခြောက်မှုတွေ၊ ပြောဆိုမှုတွေ၊ ဆောင်ရွက်မှုတွေ လုပ်လာတဲ့အတွက်ကြောင့် ထိရောက်တဲ့ လုပ်ငန်းစဉ်မျိုး ဖြစ်မလာဘူးလို့ ကျွန်တော်မြင်ပါတယ်။

ဥပမာ အားဖြင့် ကျွန်တော်တို့ တစ်ခုပြောရမယ်ဆိုရင် KIO/KIA အဖွဲ့နဲ့ မြန်မာ့တပ်မတော်နဲ့ သီးသန့် တွေ့တယ်။ အဲလိုတွေ့တဲ့အချိန်မှာ မြန်မာ့တပ်မတော်ဘက်က တက်တဲ့ဗိုလ်ချုပ်တွေက တော်တော် ကို စကားလုံး ကြမ်းကြမ်းတွေနဲ့ ပြောတဲ့အတွက်ကြောင့် ရှေ့ဆက်နိုင်တဲ့ လုပ်ငန်းတွေသူတို့ နှစ်ဖက် ကြားထဲမှာ တော်တော်ရပ်တန့်သွားတာ ကျွန်တော်တို့ တွေ့ရတယ်။

အစိုးရ-တပ်မတော်နှင့် မြောက်ပိုင်းလေးဖွဲ့ Bilateral ထိုးနိုင်ရေးဆွေးနွေးနေစဉ်(ပုံ-NRPC)

အလားတူပဲ ကျွန်တော်တို့ လေးဖွဲ့ပေါင်းတွေ့တဲ့အခါမှာရော ကျွန်တော်တို့ ဆွေးနွေးတဲ့ အစည်းအဝေး တွေက အပြုသဘောဆောင်တဲ့ အစည်းအဝေးတွေ တော်တော်နည်းပါတယ် မြန်မာ့တပ်မတော်ဘက် က။ ကျွန်တော်တို့ လေးဖွဲ့တွေ့တဲ့အချိန်ကတော့ ဒါက NRPC(အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန)အစိုးရ အနေနဲ့တွေ့တာပေါ့။ အဲဒီအချိန်မှာ စောစောက ကျွန်တော်ပြောခဲ့သလို NLD အစိုးရအနေနဲ့ NRPC ကို လမ်းကြောင်းပေးပြီးတော့မှ ဒီလုပ်ငန်းစဉ်တွေ ဒီလိုဒီလိုလုပ်မယ့် အား လုံး ညှိနှိုင်းမယ်ဆိုတဲ့ NLD အစိုးရရဲ့ အစပြု လုပ်ငန်းမျိုး မတွေ့ရဘူး အားနည်းတယ်။ အားလုံးက မြန်မာ့တပ်မတော်ရဲ့သဘောထားတွေပဲ ဖြစ်နေတယ်။

အဲဒါကြောင့်မလို့ ကျွန်တော်တို့ ကြားထဲမှာ နားလည်မှု ရခါနီး ရခါနီးမှာ တချို့အဲလို ကွဲလွဲတဲ့ဟာတွေ ကြီးကြီးမားမား ပြန်ဖြစ်ပြီးတော့မှ တိကျတဲ့ Bilateral စာချုပ် ချုပ်ခါနီး ချုပ်ခါနီး၊ဆွေးနွေးပွဲတစ်ခု တက် ခါနီး တက်ခါနီး ကျွန်တော်တို့ မတွေ့နိုင်ဘူးပေါ့။ ပိုပြီးဆိုးတာက ဒီ ၂၀၁၉-၂၀၂၀  ရောက်တဲ့အချိန်မှာ ကိုဗစ်ကာလဖြစ်တော့ တွေ့ဆုံ ညှိနှိုင်းမှုက ရပ်သွားတယ်ဆိုတဲ့ သဘောဖြစ်သွားပါတယ်။

မေး။       ။ ဒါဆို ဗိုလ်မှူးချုပ် NLD က ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ဘယ်လိုမျိုး ကိစ္စရပ် တွေကို အစိုးရသစ် လက်ထက်မှာ ပြောင်းလဲဖို့ လိုအပ်မလဲ။

ဖြေ။       ။ အဓိကတော့ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေက ဘာကို တကယ်လိုချင်သလဲ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးခေါင်းဆောင်တွေနဲ့ တိုက်ရိုက် ထိတွေ့ ဆက်ဆံဖို့ လိုတယ်လို့ ကျွန်တော်မြင်တယ်။

အဲဒီလို ဆက်ဆံတွေ့ဆုံမှသာလျှင် ဒီပြဿနာကို တကယ် ဘယ်လိုဖြေရှင်းမလဲ၊ ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေက မြန်မာ့တပ်မတော် အမြဲတမ်း တစ်ဖက်သတ် စွပ်စွဲနေတဲ့ ပုံစံလိုမျိုးလား တကယ့် ကျွန်တော်တို့တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ က နိုင်ငံရေးအဖြေကိုရှာဖို့၊ ပြည်ထောင်စုနိုင်ငံ တကယ်တည်ဆောက်ဖို့ တောင်းဆိုချက်တွေက တကယ့် ဓမ္မဓိဋ္ဌာန်ကျသလား၊ အဲဒါကို ဘယ်လိုဆွေးနွေးမလဲ၊ ဘယ်လိုအဖြေရှာမလဲဆိုတာတွေကို NLD ကိုယ်တိုင်သိလိမ့်မယ်လို့ ကျွန်တော်မြင်ပါတယ်။

ဒါကြောင့်မလို့ NLD ကိုယ်တိုင်တကယ် တိကျတဲ့ လုပ်ငန်းစဉ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့တိုက်ရိုက် ဆက်စပ်တဲ့ဟာမျိုးတွေလည်း ဆောင်ရွက်သင့်တယ်လို့ ကျွန်တော် မြင်ပါတယ်။

‌ကောင်းခါးပြည်သူ့စစ်ပိုင် မူးယစ်ဆေးဝါးတွေကို တပ်မတော်က ဖမ်းမိစဉ်(ပုံ-တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံး)

မေး။        ။ နောက်ဆုံး မေးချင်ပါတယ်၊ အခုဆိုရင် မြန်မာနိုင်ငံက ပြည်တွင်းစစ်က မရပ်နိုင်သေးဘူး၊ လက်နက်တွေနဲ့ မူးယစ်ဆေးဝါးတွေကလည်း ၂၀၁၅ ခုနှစ်ကလောက်ထက် ပိုများလာတယ်လို့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်နေသူတွေက ပြောကြတယ်၊ အဲလို ပေါများတာနဲ့အမျှ မြို့ပေါ်/ ရပ်ကွက်/ကျေးရွာ/လမ်းမပေါ်တွေပေါ်မှာ တက်ပြီးတော့တောင် သေနတ်နဲ့ ပစ်သတ် နေတာတွေ ဖြစ်လာတယ်။ ကြာရင် တချိန်က ကိုလံဘီယာနိုင်ငံလို ဖြစ်သွားမှာကို စိုးရိမ်တာတွေ ရှိလာတယ်။ ဆိုတော့ ဒီလိုမျိုး ဖြစ်မလာအောင် ဘယ်လိုပူးပေါင်းဆောင်ရွက်သင့်ကြလဲ၊ ဘယ်လိုပုံစံမျိုး ငြိမ်းချမ်း ရေးကို ရအောင်ယူကြမလဲ။

ဖြေ။       ။ ဟုတ်ကဲ့ပါ၊ ဒီမူးယစ်ဆေးဝါး ပြဿနာက တစ်ကမ္ဘာလုံးရဲ့ ပြဿနာပါ၊ အမေရိကန်မှာ လည်း ဒီပြဿနာ အများကြီး ကြုံရတယ်။ ဥပမာ ပြည်တွင်းစစ် မရှိတဲ့ ထိုင်းနိုင်ငံမှာလည်း၊ မူးယစ် ဆေးဝါး ပြဿနာ အလူးအလဲခံရတယ်၊ ပြီးတော့ ပြည်တွင်း လက်နက်ကိုင် တချို့ရှိတဲ့ ဖိလစ်ပိုင်မှာ တောင် အားလုံးသိတဲ့အတိုင်းပဲ မူးယစ်ဆေးဝါး ပြဿနာ တော်တော်ကို ကြီးကြီးမားမားဖြစ်တာပဲ။ အဲဒါကို ကိုင်တွယ်ဖို့ကတော့ တော်တော်လေး ခက်ခဲပါတယ်။

ဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံလိုမျိုး ပြည်တွင်းစစ်လည်း ကြာရှည်ဖြစ်နေတယ်၊ လက်နက်ကိုင် တိုက်ပွဲတွေ အများကြီးဖြစ်နေတယ်၊ အများကြီးဖြစ်နေတဲ့ အချိန်မှာ မြန်မာ့တပ်မတော်ရဲ့ ကိုယ်ပွား တွေ၊ တရုတ်ပြည်သူ့စစ်တွေ၊ ဒေသခံ ပြည်သူ့စစ်တချို့ မွေးမြူပြီးတော့မှ ဆောင်ရွက်နေတဲ့ အခင်း အကျင်းမှာဆိုရင် ခဏ ကျွန်တော်ပြောတဲ့ မူးယစ်ဆေးဝါး ပြဿနာတော်တော်ကို တခြား နိုင်ငံထက် ကြီးပါတယ်။

အဲလို အခြေအနေကြောင့်လဲ ဒီမြန်မာနိုင်ငံမှာ ရှိနေတဲ့ လက်နက်ကိုင်ပေါင်းစုံ၊ မြန်မာ့တပ်မတော်က မွေးထားတဲ့ လက်နက်ကိုင်ပေါင်းစုံတွေကြောင့် ဒီမူးယစ်ဆေးဝါးရဲ့အဓိက အရင်းအမြစ် အစပြုတာဆို ရင် ကျွန်တော်တို့ဒီမြန်မာနိုင်ငံလို့တောင် ပြောလို့ရတဲ့ အနေအထားမှာ ရှိပါတယ်။ ဒါကြောင့်မလို့ ဒီပြဿနာကို ဖြေရှင်းမယ်ဆိုရင် ခဏပြောတဲ့ ဒီပြည်တွင်းစစ်ကို ရပ်စဲဖို့လိုတယ်။

လက်နက်ကိုင်တော်လှန်ရေး ဖြစ်နေတဲ့ ပြည်တွင်းအခြေအနေကို ရပ်စဲအောင်လုပ်ဖို့လိုတယ်။ အဲလို ရပ်စဲမှသာလျှင် ကျွန်တော်တို့က အမေရိကန်နိုင်ငံတို့လို၊ တခြားနိုင်ငံတို့လို မူးယစ်ဆေးဝါးတိုက်ဖျက် ရေးကို ပိုပြီး ဒီထက် စနစ်တကျ ဆောင်ရွက်နိုင်မယ်လို့ မြင်ပါတယ်။ 

အဲလိုမှ မဟုတ်ဘူးဆိုရင် လက် နက်ကိုင် တပ်ဖွဲ့က ဥပမာ ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ကပဲ မူးယစ်ဆေးဝါး ထုတ် သလို သယောင်ယောင်နဲ့ တကယ်ဆိုရင် ဒီမူးယစ်ဆေးဝါးကို အားလုံး သိတဲ့အတိုင်းပဲ ပြီးခဲ့တဲ့လတုန်း ကဆိုရင် ကောင်းခါးပြည်သူ့စစ်ကို အဲဒေသမှာ ရှိနေတဲ့ မူးယစ်ဆေးဝါးတွေ နည်းတဲ့ ပမာဏမဟုတ် ဘူး ဖမ်းဆီးသွားတဲ့ကိစ္စ အဲဒါတွေက ဘာဖြစ်လို့ ခွင့်ပြုနေသလဲ တကယ်လို့သာ အဲဒီဒေသအတွင်းမှာ အခြေစိုက်နေတဲ့ မြန်မာ့တပ်မတော်တို့က ခွင့်မပြု ဘူးဆိုရင် အဲဒီမူးယစ်ရာဇာတွေက ဘယ်လိုမှ ဆောင်ရွက်နိုင်မှာမဟုတ်ဘူး။ 

ဒါကြောင့်မလို့ ဒီလက်နက်ကိုင် ပြဿနာတွေကို သေချာ ကိုင်တွယ် ဖြေရှင်းဖို့လိုတယ်၊ NLD အစိုးရ အနေနဲ့ အဲဒါတွေကို သေချာ မူဝါဒ ပေါ်လစီတွေ ချပြီးဆောင်ရွက်ဖို့လိုတယ်လို့ ကျွန်တော်မြင်ပါတယ်။ အဲလိုဆောင်ရွက်မှသာလျှင် တကယ့် ပွင့်လင်းတဲ့ ဒီမိုကရေစီအစိုးရလက်အောက်မှာသာလျှင် ဒါကို ကျွန်တော်တို့ စီမံကိန်းနဲ့ တိတိကျကျ ပိုပြီးတော့မှ ဆောင်ရွက်နိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required