NLD က နိုင်ငံတော် ကြွယ်ဝရေးလုပ်ငန်း ဖော်ဆောင်ရာတွင် ကြီးမားသော အောင်မြင်မှုရမည်ဟု ယုံကြည်ကြောင်း တရုတ်သမ္မတ ပြော 

NLD က နိုင်ငံတော် ကြွယ်ဝရေးလုပ်ငန်း ဖော်ဆောင်ရာတွင် ကြီးမားသော အောင်မြင်မှုရမည်ဟု ယုံကြည်ကြောင်း တရုတ်သမ္မတ ပြော 
ဓာတ်ပုံ - မြန်မာနိုင်ငံခရီးစဉ်အတွင်း ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၈ ရက်နေ့က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံစဉ် (ဓာတ်ပုံ - EPA)

နိုဝင်ဘာ ၁၈၊ ၂၀၂၀ 

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအောက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် နိုင်ငံတော် ချမ်းသာကြွယ်ဝရေးဟူသော မွန်မြတ်သည့် လုပ်ငန်းကြီး ဖော်ဆောင်ရာတွင် ပိုပြီး ကြီးမားသော အောင်မြင်မှု ရရှိလိမ့်မည်ဖြစ်ကြောင်း ယုံကြည်သည်ဟု တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ သမ္မတ မစ္စတာ ရှီကျင့်ဖျင်က ပြောသည်။  

သမ္မတ မစ္စတာ ရှီကျင့်ဖျင်က NLD ဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ နိုဝင်ဘာလ ၁၆ ရက်နေ့က ပေးပို့သည့် အထွေထွေ ရွေးကောက်ပွဲ အောင်နိုင်မှုနှင့် ပတ်သက်သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွင် ယင်းသို့ ပြောထားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အဖွဲ့ချုပ်က “ကောင်းမွန်သောရလဒ် ရရှိကြောင်း” ဝမ်းမြောက်စွာ သိရှိရကြောင်းနှင့် မြန်မာပြည်သူများကိုပါ နှစ်နှစ်ကာကာ ဂုဏ်ပြုထောမနာ ပြုကြောင်း သမ္မတ ရှီကျင့်ဖျင်က ဆိုသည်။ 

ယခုနှစ်တွင် တရုတ်-မြန်မာ သံတမန် ဆက်သွယ်ရေး နှစ် ၇၀ ပြည့် အထိမ်းအမှတ်ကို နှစ်နိုင်ငံ ဆင်နွှဲခဲ့ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားပြီးနောက် နှစ်ပါတီနှင့် နှစ်နိုင်ငံကြား ထိရောက်စွာ အပြန်အလှန်ပံ့ပိုးခြင်းဖြင့် ရိုင်းပင်းကူညီလိုစိတ် ပို၍ ပေါ်လွင်ထင်ရှားလာကြောင်းလည်း သဝဏ်လွှာတွင် ဖော်ပြသည်။ 

ဓာတ်ပုံ - မြန်မာနိုင်ငံခရီးစဉ်အတွင်း ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၈ ရက်နေ့က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံစဉ် (ဓာတ်ပုံ - EPA) 

ထို့အပြင် အာဏာရပါတီ အပြန်အလှန် သင်ယူဖလှယ်မှု နက်ရှိုင်းစွာ ဖော်ဆောင်ရန်၊ ရပ်ဝန်းနှင့် ပိုးလမ်းမ Belt and Road နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ မူဘောင်အောက် ကဏ္ဍပေါင်းစုံ လက်တွေ့ ပူးပေါင်းဆောင်ရွက်ရေး တွန်းအားပေးရန်၊ နယ်စပ်ဒေသငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိရောက်စွာ ကာကွယ်စောင့်ထိန်းရန်လည်း ဖော်ပြထားသည်။ 

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အပြီးတွင် ထိုအချိန်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချင်ရုရှိန်သည် NLD ရုံးချုပ်သို့ ကိုယ်တိုင်သွားရောက်၍ ရွေးကောက်ပွဲ အောင်နိုင်မှုအတွက် ပထမဆုံး ဂုဏ်ပြုသည့် သံတမန် ဖြစ်ခဲ့သည်။   

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၇ ရက်မှ ၁၈ ရက်အထိ မြန်မာနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီးစဉ် လာရောက်ခဲ့သည်။ ခရီးစဉ်အတွင်း တရုတ်သမ္မတသည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတ ဦးဝင်းမြင့်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required