မြစ်ရေစည်းချက် ဧရာဝတီ - ၂၀  

မြစ်ရေစည်းချက် ဧရာဝတီ - ၂၀  

သန့်ဇော်(သန်လျင်) 

ဧရာဝတီနဲ့ ရှိမ်းမကား 

လွန်ခဲ့တဲ့လတုန်းက ဆင်းဟွာတက္ကသိုလ် Tsinghua University က ပြုလုပ်တဲ့ ရေအရင်းအမြစ် အခြေခံ အဆောက်အအုံနှင့် ပြည်သူတို့၏အသက်မွေး၀မ်းကျောင်းမှု ခေါင်းစဉ်နဲ့ စာတမ်းတွေဖတ်ကြတဲ့symposium တစ်ခုကို ကိုဗစ်ကာလဖြစ်လို့ Online zoom ကနေ တက်ရောက်ဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံက ပညာရှင် နှစ်ယောက်ကလည်း စာတမ်းတွေဖတ်သွားတာတွေ့ခဲ့ရပါတယ်။  စာတမ်းတွေ ဖတ်တဲ့သူတွေကတော့ မြန်မာအပါအဝင် ဩစတေးလျ၊ တရုတ်၊ လာအိုနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက ပညာရှင် ကိုးဦး ဖြစ်ပါတယ်။ သူတို့ အဓိက အများစု ဖတ်သွား ပြောသွားတာတွေကတော့ တိုင်းပြည်တိုး တက်ရေး ပြည်သူတွေ ရဲ့ အသက်မွေးဝမ်းကျောင်းအတွက် အခြေခံအဆောက်အအုံတွေ မရှိမဖြစ်လိုအပ် တယ် ဆိုတာရယ်၊ ရေအားလျှပ်စစ်စီမံကိန်းတွေ အကြောင်းရယ်၊ သဘာဝရေအရင်းအမြစ်တွေကို အသုံး ချတာတွေရယ်ပဲ ဖြစ်ပါ တယ်။  

ကျွန်တော်တို့နိုင်ငံမှာတော့ မြစ်ကြီး လေးသွယ် မြစ်ငယ်ငါးရာရှိတာကို အရင်အပတ်ဆောင်းပါးမှာ ဖော်ပြခဲ့ပါသေးတယ်။ စာတမ်းတွေဖတ်တဲ့အထဲမှာ မြစ်ကြီး လေးစင်းအကြောင်း သူတို့ပြောတဲ့အထဲ ပါတာကိုလည်း သတိထားမိပါတယ်။ ကျွန်တော်လည်း ဒီစာတမ်းဖတ်ဆွေးနွေးပွဲမှာ အချိန်မလောက်လို့ ဘာမှမပြော မဆွေးနွေး မမေးမြန်းလိုက်ရပါဘူး။ ကျွန်တော်တို့နိုင်ငံမှာ ရေအရင်းအမြစ်တွေ အင်မတန်ပေါကြွယ်ဝတာကို အထူးပြောနေစရာမလိုအောင်ကိုဖြစ်နေပြီး အခြေခံအဆောက်အအုံတွေ ဖြစ်တဲ့ ရေအားလျှပ်စစ်ထုတ်လုပ်တာကတော့ အဓိကမြစ်ကြီးတွေမှာ မရှိဘဲ ချောင်းတွေနဲ့ မြစ်ငယ်လေး တွေမှာသာ တည်ဆောက် ထုတ်လုပ်တာကို တွေ့ရမှာဖြစ်ပါတယ်။ မြစ်ကြီးတွေမှာသာ လုပ်လိုက်ရရင် တော့ ဆိုတဲ့ အတွေးကိုလည်း ဖြစ်ပေါ်စေပါတယ်။  ကျွန်တော်က မြစ်တွေကို ချစ်တဲ့သူဆိုတော့လေ။ 

ကျွန်တော်လည်း နိုင်ငံရဲ့ နှလုံးသွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ကြီး အကြောင်း တစ်နည်းတစ်ဖုံနဲ့ ရေးလာလိုက်တာ ဟိုးမြောက်ဖျားကနေ စစ်ကိုင်းတိုင်းအတွင်း ဝက်လက်မြို့နယ် ဧရာဝတီမြစ်ကမ်း နံဘေးက ရှိန်း(ရှိမ်း)မကားရွာက ရှိမ်းမကား သစ်တောကြိုးဝိုင်းဘေးမဲ့တောကိုတောင် ရောက်နေပါပြီ။ အဲဒီရှိမ်းမကားရွာနဲ့ ရှိမ်းမကား သဘာဝသစ်တောကြိုးဝိုင်းက တစ်ဆက်တည်းလို့ ပြောရင်ရမယ် ထင်ပါတယ်။ ဘာလို့လည်းဆိုတော့ မြောက်ဖက်ပိုင်းက ရှိမ်းမကားရွာဖြစ်ပြီး တောင်ဖက်ပိုင်းကတော့ သစ်တောကြိုးဝိုင်းကြီးပဲ ဖြစ်ပါတယ်။                                                                      

မိုးရာသီမှာဆိုရင် ရှိမ်းမကား သစ်တောကနေ ဧရာဝတီမြစ်နားအထိ ဆင်းကြည့်ရင် ဧရာဝတီမြစ်ကြီးဟာ ရေပြင်ကြီးကကျယ်ဝန်းပြီး မြစ်ရဲ့ အလှမ်းဝေးတဲ့ တစ်ဖက်ကမ်းမှာတော့ တောင်တန်းကြီးတွေထဲ တောင်အကြီးကြီး နှစ်လုံးကို ရင်သပ်ရှုမောဖွယ် တွေ့ရမှာပဲ ဖြစ်ပါတယ်။  ထီးထီးကြီးထိုးထွက်နေတဲ့ တောင်တွေကတော့ စကျင်ကျောက်တောင်တွေပဲဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအတွက် စကျင်ကျောက် တွေ ထုတ်ပေးတဲ့ နေရာလည်းဖြစ်ပါတယ်။ မြစ်တစ်ဖက်ကမ်းက မန္တလေးတိုင်း မတ္တရာမြို့နယ်ဖြစ်ပြီး ဒီနေရာမှာတော့ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းကို ဧရာဝတီမြစ်က ပိုင်းခြားထားပါတယ်။ ဧရာဝတီမြစ် ကမ်းနဖူးက ဘုရားတွေ၊ ကျောင်းဆောင်တွေ၊ စိုက်ခင်းတွေ ဟိုးဘက်ကမ်းက မြင်နေရတဲ့စကျင်ကျောက် တောင်တွေကလည်း လွမ်းမောစရာပဲဖြစ်ပါတယ်။ 

ရေလယ်မှာတော့ နွေရာသီမှာသောင်တွေပေါ်နေပြီး မိုးရာသီမှာရေမြုပ်သွားတဲ့ သောင်တွေကလွဲလို ရွာတွေရှိတဲ့ ကျွန်းကြီးတွေရှိပါတယ်။ ကမ်းနားက သစ်ပင်တွေကလည်း မိုးရာသီမှာ ပင်စည်နီးပါး ရေမြုပ်လို့ သဘာဝတောအလှနဲ့ တော်တော်လေး ကြည့်ကောင်းပါ တယ်။ အောက်မြန်မာပြည် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသက ဒီရေရောက်သစ်တော တွေကို သတိရစေ ပါတယ်။ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများ စွာကဆိုရင်ဖြင့် ဧရာဝတီ မြစ်တစ်ကြော အဲဒီလို သစ်တောကြီးတွေ ပေါက်ရောက်နေမှပဲလို့ တွေးမိပြီး နယ်ချဲ့ခေတ်ကစလို့ ခေတ်အဆက်ဆက် သစ်ပင်တွေခုတ်ကြတာတွေ ရယ်၊ ရေတိုက်စားတာ တွေရယ်၊ ကမ်းပါးပြိုကျတာ တွေရယ်တွေကြောင့် ကျွန်တော်တို့ရဲ့ ဧရာဝတီ မြစ်ကြီးနံဘေးမှာ ပျက်စီး ယိုယွင်းမှု တွေ များခဲ့လို့ ခုလို ရှိမ်းမကား သစ်တောကြိုးဝိုင်း တစ်ခုပဲ ဧရာဝတီ မြစ်နံဘေးမှာ ကျန်နေတာ ပဲဖြစ်ပြီး ကျွန်တော်တို့ မျိုးဆက်တွေ ဆက်ပြီး ထိန်းသိမ်းကြရမှာပဲဖြစ်ပါ တယ်။ 

ရှိမ်းမကားရွာက စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ထဲမှာ ရှိတာပါ။ ရွှေဘိုမြို့ အရှေ့တောင် ဘက် မိုင် ၃၀ လောက်အကွာမှာရှိပါတယ်။ ရှိမ်းမကားကို ကုန်းကြောင်းက လာမယ်ဆိုရင် ရွှေဘို – ကျောက်မြောင်းလမ်းအတိုင်းဆိုရင်တော့ ၁၄ မိုင်လောက်အရောက်မှာ စစ်ကိုင်းဘက်ကိုသွားတဲ့ ခရိုင် ချင်းဆက်လမ်းမကြီးရှိပါတယ်။ ဒီလမ်းမကြီးအတိုင်း သွားမယ်ဆိုရင်တော့ ရှိမ်းမကားရွာကိုဝင်တဲ့ လမ်းခွဲ လေးကို တွေ့ရမှာပါ။ အဲဒီကနေ တောင်ဘက်ခြမ်းကိုဆက်သွားရင် ရှိမ်းမကားဘေးမဲ့တောကို ရောက်ပါ ပြီ။ လမ်းတလျှောက် အညာဒေသ ရှုခင်းအလှအပတွေကို ခံစားရမှာပါ။ စစ်ကိုင်းနဲ့ဆို (၂၆) မိုင် ဝေးပါ တယ်။ စစ်ကိုင်းက သွားမယ်ဆိုရင်တော့ ကောင်းမှုတော်ဘုရားမရောက်ခင် စစ်ကိုင်း – ရွှေဘို ခရိုင်ချင်း ဆက်လမ်းပေါ်ကတစ်ဆင့် ၂၆ မိုင်အရောက်မှာ ရှိမ်းမကားလမ်းခွဲအတိုင်း ၁၀ မိနစ်လောက် ဆက်သွား ရင် ရှိမ်းမကားရွာ ရောက်ပါပြီ။  

ဧရာဝတီမြစ်အနောက်ဘက်ကမ်းဘေးမှာမေးတင်ထားတဲ့ မြစ်ကမ်းဘေးရွာကြီး တစ်ရွာလည်းဖြစ်ပါ တယ်။ ကုန်းလမ်းရော ရေလမ်းပါ ကောင်းမွန်တဲ့အတွက်လည်း အနီးနားရွာတွေက ရှိမ်းမကားရွာကို အားထားနေရတာကြောင့် စည်စည်ကားကားရှိပါလှတယ်။ ရှိမ်းမကားဒေသဟာ အလောင်းမင်းတရား ကြီး လက်ထက်တုန်းက မြင်းတပ်သားတွေ စုဆောင်းခဲ့ရာ နေရာတစ်ခုလည်း ဖြစ်ခဲ့သလို ကိုလိုနီခေတ် အတွင်း နယ်ပိုင်ဝန်ထောက်တွေ ရုံးစိုက်ရာနေရာ ဖြစ်ခဲ့ပါသေးတယ်။ ဒါ့အပြင် စာရေးဆရာကြီး ရွှေဥဒေါင်းရေးတဲ့ စုံထောက်ကြီး ဦးစံရှားဝတ္ထုတချို့ရဲ့ ဇာတ်အိမ်တည်နေရာလည်း ဒီနေရာမှာပဲ ဖြစ်ပါ တယ်။ 

အုတ်ကျစ်ကျော်အေး မန္တလေးဆိုတော့ မန္တလေးမြို့ကို ၁၂၂၁ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး  မင်းတုန်း မင်းကြီး ကိုယ်တိုင် စာချွန်တော်ထုတ်ပြီး သတ်မှတ်ပေးခဲ့တဲ့ ဘေးမဲ့တော ဥယျာဉ်ကြီးကို ၁၂၂၄ ခုနှစ်မှာ မင်းတုန်း မင်းတရားကြီက လှူဒါန်းခဲ့ပါတယ်။ နှစ်ပေါင်းတစ်ရာကျော်တဲ့ ဘေးမဲ့တောကြီးဟာ ၃၃၄ ဧက ကျယ်ဝန်းပြီး တောအုပ်ကြီးက ရတနာပုံခေတ်၊ ကိုလိုနီခေတ်ကနေ ယနေ့ အထိ ခေတ်အဆက်ဆက် ဘေးမဲ့တောဖြစ်ခဲ့ပါတယ်။ ဟိုးရှေးယခင်ကတည်းက သမင်တွေကို စောင့်ရှောက်ရာနေရာဖြစ်ပြီး ခုထိ လည်း သမင် ၃ မျိုးရှိကာ အကောင် ၄၀ လောက်တော့ရှိသေးတယ်လို့ သိရပါတယ်။   ။ 

(ဆက်လက်ဖော်ပြပါမည်) 

သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly