ဖေ့စ်ဘွတ်တွင် ပါတီများနှင့်ဝန်းရံသူများ၏ ရွေးကောက်ပွဲကြော်ငြာ အနည်းဆုံး ကျပ် သိန်း ၇၀၀ အထိရှိခဲ့

 ဖေ့စ်ဘွတ်တွင် ပါတီများနှင့်ဝန်းရံသူများ၏ ရွေးကောက်ပွဲကြော်ငြာ အနည်းဆုံး ကျပ် သိန်း ၇၀၀ အထိရှိခဲ့

နိုဝင်ဘာ ၁၆ ရက်၊ ၂၀၂၀ ပြည့်နှစ်

 ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆွယ်ကာလမှသည် ရွေးကောက်ပွဲအထိ ရက် ၉၀ အတွင်း နိုင်ငံရေးပါတီ ခုနှစ်ခုနှင့် ပါတီ ဝန်းရံသူများ၏ ကြော်ငြာစရိတ်သည်  အနိမ့်ဆုံး ကျပ်ငွေသိန်းခုနှစ်ရာအထိ သုံးခဲ့ကြသည်ကို ဖေ့ဘုတ်လူမှုကွန်ရက်စာမျက်နှာ၏ ကြော်ငြာကဏ္ဍတွင် တွေ့ရှိရသည်။  ထူးခြားချက်တစ်ခုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ တရားဝင်စာမျက်နှာတွင်တော့ ကြော်ငြာနှင့်ပတ်သက်၍ လုံးဝမတွေ့ရခြင်းဖြစ်သည်။

ရွေးကောက်ပွဲကြော်ငြာများတွင် အများဆုံးမှာ NLD ပါတီဝန်းရံသူများက အသုံးပြုသော အသုံးစားရိတ် ဖြစ်ပြီး ဒေါ်လာ နှစ်သောင်းကျော်ရှိတာကြောင့် ကျပ်ငွေ သိန်း ၂၆၀ နီးပါးဖြစ်သည်။

NLD အတွက် လှုံံ့ဆော်ရေးအဖွဲ့များဖြစ်သော “ခွပ်ဒေါင်းအောင်လံ ပြည်သူ့အသံ၊ REDs Vote NLD” တို့တွင် အဓိက ကြော်ငြာခဲ့သည်။ Mya Moe Aung မြမိုးအောင် အကောင့်တစ်ခုတည်းကပင် အဆိုပါ Page နှစ်ခုလုံးအတွက် ငွေပေးချေခဲ့သည်ကိုတွေ့ရှိရသည်။

NLD ပါတီပြောခွင့်ရ မုံရွာအောင်ရှင်ကတော့ အဆိုပါ စာမျက်နှာများသည်  ပါတီနှင့် သက်ဆိုင်ခြင်းမရှိဟု ပြောသည်။

" (ရည်ညွှန်းစာမျက်နှာများ) မသိဘူးဗျ။ ကျွန်တော်သိတာတော့ ဒီလှိုင်း Online နဲ့ Chair NLD အဲ့နှစ်ခုပဲ သိတယ်။ ခုနပြောတဲ့ Page က လူတွေကတော့ NLD ဝန်းရံသူတွေ လို့တော့ သုံးလို့ရပါတယ်။" ဟု မုံရွာအောင်ရှင်က ပြောသည်။

  “ခွပ်ဒေါင်းအောင်လံ” စာမျက်နှာကို နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် ဇာဏ်ခီနှင့် ဒါရိုက်တာ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံက ဦးစီးဆောင်ရွက်ခြင်းဖြစ်ကြောင်း အဆိုပါစာမျက်နှာတွင်  နိုဝင်ဘာ ၆ ရက်နေ့တွင်တင်ထားသော ဗီဒီယိုဖိုင်အရ သိရသည်။
 
ကြော်ငြာ ဒုတိယအသုံးအများဆုံးသုံးသူမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဖြစ်သည်။ စုစုပေါင်း ဒေါ်လာ ၁၉,၀၀၀ ကျော် အသုံးပြုထားတာဖြစ်၍  မြန်မာငွေကျပ်သိန်း ၂၅၀ နီးပါးရှိသည်။

ပြည်ခိုင်ဖြိုးအမျိုးသမီးကော်မတီက ကြော်ငြာအများဆုံးတွေ့ရပြီး ပါတီဉက္ကဌ ဦးသန်းဌေး၏ အင်တာဗျူးတစ်ခုကို ဒေါ်လာ ၆၀၀ နီးပါးသုံးပြီးကြော်ငြာခဲ့သည်။  

ပါတီအသစ်များထဲမှ တစ်ခုဖြစ်သော ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ဒေါ်လာ ၇၀၀၀ နီးပါး သို့မဟုတ် ကျပ်သိန်း ၉၀ ဝန်းကျင်၊ ပြည်သူ့ရှေ့ဆောင်ပါတီက ပါတီနှင့်ဆက်စပ်သော ဖေ့စ်ဘုတ်စာမျက်နှာများအတွက် ကျပ်ငွေ ၆၅ သိန်းနီးပါး သုံးခဲ့သည်။

တိုင်းရင်းသားပါတီတစ်ခုဖြစ်သည့် ရခိုင်အမျိုးသားပါတီ(ANP) ကတော့ ကြော်ငြာအတွက် ငွေကြေးသုံးစွဲနိုင်မှု အနည်း ဆုံးပါတီတစ်ခုဖြစ်သည်။ ငွေကျပ်နှစ်သိန်း ခန့်သာ သုံးစွဲထားပြီး အမတ်လောင်းတစ်ဉီးက သုံးထားခြင်းဖြစ်သည်။

MCJI ရဲ့လေ့လာချက်အရ ရွေးကောက်ပွဲအသိပညာပေးရေးအတွက် နိုင်ငံတကာ IFES ကဲ့သို့သော အဖွဲ့ဆိုလျှင် ဒေါ်လာ ၄၀,၀၀၀ နီးပါး၊ (ကျပ်ငွေ သိန်း ၅၀၀ ကျော်) အထိ သုံးခဲ့သည်။
အဆိုပါစားရိတ်ကိုပါထဲ့ပေါင်းလျှင် ကျပ်သိန်း ၁၂၀၀ ဝန်းကျင်အထိ ရှိပါသည်။  

လက်ရှိပြုစုထားသည့် စာရင်းတွင် တစ်သီးပုဂ္ဂလ ဝင်ရောက်အရွေးခံသူများနှင့်  အခြားနိုင်ငံရေးပါတီများ၏  အသုံးစားရိတ်များ မပါရှိပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly