နိုင်ငံတကာအာကာသယာဉ်စခန်းဆီ အာကာသယာဉ်မှူး လေးဦးကို SpaceX  ပို့လွှတ်

နိုင်ငံတကာအာကာသယာဉ်စခန်းဆီ အာကာသယာဉ်မှူး လေးဦးကို SpaceX  ပို့လွှတ်
Photo - AFP

နိုဝင်ဘာ ၁၆

နိုင်ငံတကာအာကာသယာဉ်စခန်းဆီ ဦးတည်ပြီး SpaceX က အာကာသယာဉ်မှူး လေးဦးကို Crew Dragon “Resilience” ဒုံးပျံဖြင့် တနင်္ဂနွေနေ့က အောင်မြင်စွာ လွှတ်တင်လိုက်နိုင်ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေဦးက အောင်မြင်စွာ ဒုံးပျံလွှတ်တင်မှုအပြီး အမေရိကန်နိုင်ငံအနေနဲ့ ပုံမှန် အာကာသမစ်ရှင်တွေ များစွာ လုပ်ဆောင်နိုင်တော့မယ် မျှော်လင့်ချက်ရဲ့ ပထမဆုံး အောင်မြင်စွာ လွှတ်တင်မှုပဲဖြစ်ပါတယ်။

ဖလော်ရီဒါပြည်နယ် ကနေဒီအာကာသစင်တာကနေပြီး Crew Dragon ဒုံးပျံယာဉ်ကို အမေရိကန် သုံးဦးဖြစ်တဲ့ မိုက်ကယ်ဟော့ကင်း၊ ဗစ်တာဂလိုဗာနဲ့ ရှန်နွန်ဝေါကာတို့နဲ့ ဂျပန်က ဆိုအိချီနိုဂူချီတို့ကို တင်ဆောင်ပြီး ဂရင်းနစ်စံတော်ချိန် တနင်္လာနေ့ နံနက် ၀၀ နာရီ ၂၇ မိနစ်မှာ လွှတ်တင်ခဲ့တာပါ။

ဒီအတွက် အာကာသလွှတ်တင်ရေးတွေမှာ ရုရှရဲ့ ဆိုယုဇ်ဒုံးပျံတွေကိုပဲ နိုင်ငံတကာက အားကိုးနေရတဲ့ ဆယ်စုနှစ် တစ်ခုနီးပါးကာလကို အဆုံးသတ်လိုက်တာလည်း ဖြစ်ပါတယ်။

“သိပ္ပံပညာစွမ်းအားရဲ့ သက်သေပဲ ဖြစ်ပြီး ကျွန်တော်တို့ရဲ့ ဆန်းသစ်မှု၊ တီထွင်မှုနဲ့ စိတ်ကြံ့ခိုင်မှုတွေရဲ့ ပြယုဂ်ပါပဲ။”လို့ အမေရိကန်ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်က တွစ်တာမှာ ရေးသားသလို သမ္မတ ထရမ့်ကလည်း ‘ကြီးကျယ်ခမ်းနားမှု’ ဆိုပြီး ရေးသားခဲ့ပါတယ်။

အာကာသယာဉ်အခန်းဟာ ဒုံးပျံရဲ့ ဒုတိယအဆင့်ကနေပြီး အောင်မြင်စွာပဲ ခွဲထွက်ခဲ့ပြီး ဂြိုဟ်ပတ်လမ်းထဲ ပုံမှန်ဝင်ရောက်သွားကြောင်း SpaceX အဖွဲ့ဝင်တစ်ဦးက ရေဒီယိုကနေ ကြေညာပါတယ်။ ဒီအတွက် အဲဒီ အာကာသယာဉ်အခန်းဟာ ဂြိုဟ်ပတ်လမ်းမှာ ပုံမှန် ရွေ့လျားနေပြီး နိုင်ငံတကာအာကာသယာဉ်စခန်းဆီ ရောက်ရှိတော့မှာ ဖြစ်ပါတယ်။

အာကာသယာဉ်အခန်းထဲက ယာဉ်မှူးတွေအနေနဲ့ ဂရင်းနစ်စံတော်ချိန် အင်္ဂါနေ့ နံနက် ၄ နာရီ ၀၀ မိနစ်မှာ ရုရှယာဉ်မှူးနှစ်ဦးနဲ့ အမေရိကန်တစ်ဦး ရှိနေရာ နိုင်ငံတကာအာကာသယာဉ်စခန်းနဲ့ ချိတ်ဆက်မိမှာဖြစ်ပြီး ခြောက်လတာ နေထိုင်သွားကြမှာ ဖြစ်ပါတယ်။

ပုဂ္ဂလိက ကုမ္ပဏီတစ်ရပ်ဖြစ်တဲ့ SpaceX ဟာ နိုင်ငံတကာအာကာသယာဉ်စခန်းဆီ ယာဉ်မှူးတွေကို ပို့လွှတ်နိုင်ပြီး ဘေးကင်းစွာ ပြန်လည်ခေါ်ဆောင်နိုင်တဲ့ အာကာသစမ်းသပ်မစ်ရှင်တစ်ရပ်ကို မေလအတွင်းက အောင်မြင်စွာ စမ်းသပ်ပြသနိုင်ခဲ့တာပါ။ 

အခု Crew Dragon အနေနဲ့ လွန်ခဲ့တဲ့ နှစ် ၄၀ နီးပါးက Space Shuttle အာကာယာဉ်နောက်ပိုင်းမှာ နာဆာက အသိအမှတ်ပြုတဲ့ ပထမဆုံး အာကာသယာဉ် ဖြစ်လာခဲ့တာပါ။

Crew Dragon ဟာ Space Shuttle အာကာသယာဉ်နဲ့ ပုံစံတူပဲ ဖြစ်ပြီး လွှတ်တင်တဲ့ ဒုံးပျံယာဉ်ဟာလည်း ပြန်ပြီး အသုံးပြုလို့ရတဲ့ SpceX Falcon 9 ဒုံးပျံယာဉ်ပဲ ဖြစ်ပါတယ်။

အာကာသယာဉ်အခန်းကို ဂြိုဟ်ပတ်လမ်းအတွင်း လွှတ်တင်အပြီးမှာ Falcon 9 ဒုံးပျံယာဉ်ဟာ Apollo အာကာသယာဉ်တွေ ခေတ်ကအတိုင်းပဲ လေထီးနဲ့ ရေထဲကို ထိုးကျလာခဲ့တာပဲ ဖြစ်ပါတယ်။

နာဆာဟာ ၎င်းရဲ့ Space Shuttle ပရိုဂရမ်က အာကာသခရီးသွားလာဖို့နဲ့ ဘေးကင်းရေးမှာ အဓိက စွမ်းဆောင်နိုင်စွမ်း မရှိကြောင်း စစ်ဆေးတွေ့ရှိပြီးနောက်မှာ အာကာသယာဉ် တည်ဆောက်ရေးကို SpaceX နဲ့ Boeing တို့က အလုပ်အပ်နှံခဲ့တာပါ။

နာဆာအနေနဲ့ ပုဂ္ဂလိကက တည်ဆောက်တဲ့ အာကာသယာဉ်စီမံကိန်းအတွက် ၂၀၂၄ အထိ အမေရိကန်ဒေါ်လာ ၈ ဘီလီယံ သုံးစွဲသွားမှာ ဖြစ်ပါတယ်။ Boeing ကုမ္ပဏီက ပြီးခဲ့တဲ့နှစ်မှာ လူမပါတဲ့ Starliner အာကာသယာဉ် စမ်းသပ်လွှတ်တင်မှုမှာ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက် အာကာသယာဉ် စမ်းသပ်လွှတ်တင်မှု အောင်မြင်တဲ့ ၂၀၀၂ ခုနှစ်မှာ အီလွန်မတ် တည်ထောင်ခဲ့တဲ့ SpaceX ကုမ္ပဏီက နာဆာရဲ့ အာကာသယာဉ် တည်ဆောက်ရေးကို လုပ်ခွင့်ရခဲ့တာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly