စပိန်အသင်းအတွက် ဥရောပပွဲအများဆုံးကစားတဲ့ စံချိန်ကို ချိုးဖျက်တော့မယ့် ရာမို့စ်

စပိန်အသင်းအတွက် ဥရောပပွဲအများဆုံးကစားတဲ့ စံချိန်ကို ချိုးဖျက်တော့မယ့် ရာမို့စ်
Photo: EPA

ဆာဂျီယို ရာမို့စ်ဟာ စပိန်နဲ့ ဆွစ်ဇလန်အသင်းတို့ ယှဉ်ပြိုင်ကစားရမယ့် တနင်္ဂနွေနေ့ရဲ့ ယူအီးအက်ဖ်အေ နေရှင်းလိဂ်ပွဲစဉ်မှာ ပါဝင်ကစားခွင့်ရမယ်ဆိုရင် သူဟာ ဥရောပကစားသမားတစ်ဦးအနေနဲ့ နိုင်ငံတကာပွဲအများဆုံး ကစားတဲ့ စံချိန်မှတ်တမ်းကို ချိုးဖျက်နိုင်တော့မှာဖြစ်ပါတယ်။ 

ရီးယဲလ်မက်ဒရစ်နောက်ခံလူ ရာမို့စ်ဟာ ဘေဆယ်လ်မှာ စပိန်အသင်းအတွက် သူ့ရဲ့ ၁၇၇ မြောက်ပွဲကို ကစားရဖို့ရှိပြီး ဒါက အီတလီအတွက် ၁၇၆ ပွဲ ကစားပေးခဲ့တဲ့ ဂိုးသမား ဘူဖွန်ရဲ့ နိုင်ငံတကာပွဲအများဆုံး စံချိန်ကို ကျော်ဖြတ်သွားမှာပါ။ 

အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ ရာမို့စ်ဟာ အီဂျစ်ရဲ့ အာမက်ဟာဆန် ပိုင်ဆိုင်ထားတဲ့ ၁၈၄ ပွဲဆိုတဲ့ လက်ရှိ ကမ္ဘာ့စံချိန်ကိုလည်း ချိုးဖျက်နိုင်ဖွယ်ရှိပါတယ်။ 

ရာမို့စ်ဟာ ၂၀၀၅ ခုနှစ်က တရုတ်အသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ပူရိုးနေရာ အစားထိုးဝင်ပြီး စပိန်အသင်းအတွက် ပထမဦးဆုံး ပွဲဦးထွက် ကစားခဲ့ပါတယ်။ ဒီပွဲမှာ ဂိုးနေရာမှာ ကာဆီးလက်နဲ့ ကွင်းလယ်မှာ ဇာဗီတို့လည်း အသင်းမှာ ပါဝင်ခဲ့ပါတယ်။ 

အဆိုပါကစားသမား သုံးဦးစလုံးဟာ ၂၀၀၈ နဲ့ ၂၀၁၂ ယူရိုဖလား နှစ်လုံးနဲ့ ကမ္ဘာ့ဖလားအပါအဝင် နိုင်ငံရဲ့ သမိုင်းဝင် ဖလားသုံးလုံးဆွတ်ခူးရာမှာ အဓိက မောင်းနှင်သူတွေဖြစ်ခဲ့ပါတယ်။ 

စပိန်အသင်းဟာ အဲဒီနောက်ပိုင်း အဓိကပြိုင်ပွဲကြီးတစ်ရပ်မှာ ရှုံးထွက် ၁၆ သင်းအဆင့်ကို ကျော်လွှားနိုင်ခြင်း မရှိသေးပါဘူး။ ရာမို့စ်ဟာ လက်ရှိ လူးဝစ်အန်ရစ်လက်အောက် အကူးအပြောင်းကာလမှာ ကစားနေသူဖြစ်ပါတယ်။ 

စပိန်အသင်းဟာ ဆွစ်ဇာလန်အသင်းနဲ့ တနင်္ဂနွေနေ့ပွဲမတိုင်ခင် သူတို့ရဲ့ နေရှင်းလိဂ်အုပ်စုမှာ ထိပ်ဆုံးကရပ်တည်နေတေယ်ဆိုပေမယ့် ဂျာမနီ၊ ယူရိန်းတို့နဲ့ ရမှတ်တစ်မှတ်အသာနဲ့သာ ရပ်တည်နေတာပါ။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly