နိုင်ငံတကာသွင်းဂိုး အများဆုံးစံချိန်ကို လိုက်မီဖို့ နီးကပ်လာပြီဖြစ်တဲ့ ရော်နယ်လ်ဒို

နိုင်ငံတကာသွင်းဂိုး အများဆုံးစံချိန်ကို လိုက်မီဖို့ နီးကပ်လာပြီဖြစ်တဲ့ ရော်နယ်လ်ဒို
Photo: EPA

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဗုဒ္ဓဟူးနေ့က ဥရောပချန်ပီယံ ပေါ်တူဂီက  အန်ဒိုရာကို ၇-၀ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ခြေစွမ်းပွဲမှာ တစ်ဂိုးသွင်းယူခဲ့ပြီးနောက် နိုင်ငံတကာသွင်းဂိုးအများဆုံးစံချိန်ကို လိုက်မီဖို့ နီးကပ်လာခဲ့ပါတယ်။ 

ဂျူဗင်တပ်စ်ကြယ်ပွင့်ဟာ လူစားဝင်ကစားသမားအဖြစ် ဝင်ရောက်ခဲ့ပြီးနောက် ပွဲချိန် ၈၅ မိန်စ်မှာ ပေါ်တူဂီအသင်းအတွက် သူ့ရဲ့ ၁၀၂ ဂိုးမြောက်ကို သွင်းယူခဲ့တာပါ။ 

အီရန်တိုက်စစ်မှူးဟောင်း အလီဒါယီက ၁၀၉ ဂိုးနဲ့ နိုင်ငံတကာသွင်းဂိုးအများဆုံး စံချိန်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် သူဟာ အလီဒါယီရဲ့ စံချိန်ကို လိုက်မီဖို့ ခုနှစ်ဂိုးသာ လိုအပ်တော့သာဖြစ်ပါတယ်။ 

လာမယ့်နှစ်မှာ ဥရောပချန်ပီယံရှစ်ဖလားကို ကာကွယ်နိုင်ဖို့ ပြင်ဆင်မှုတွေ ဆက်လက်ပြုလုပ်နေတဲ့ ပေါ်တူဂီဟာ အန်ဒိုရာနဲ့ ခြေစမ်းပွဲအပြီး စနေနေ့မှာ ပြင်သစ်အသင်းနဲ့ နေရှင်းလိဂ်ပွဲစဉ်ကစားရမှာဖြစ်ပါတယ်။ 

ပေါ်တူဂီဟာ အန်ဒိုရာနဲ့ ပွဲ ပထမပိုင်းမှာ နီတိုနဲ့ ပေါ်လင်ဟိုတို့ရဲ့ ဂိုးတွေနဲ့ နှစ်ဂိုးပြတ်ဦးဆောင်ခဲ့ပြီး ဒုတိပိုင်းမှာ ဝုဗ်စ်တိုက်စစ်မှူး နီတိုရဲ့ နေရာမှာ အသက် ၃၅ နှစ်အရွယ် ရော်နယ်လ်ဒို ဝင်ရောက်ခဲ့ပါတယ်။ သူဟာ ၅၆ မိန်စ်မှာ ရီနတိုဆန်းချက်စ် တတိယဂိုးသွင်းယူဖို့ ဖန်တီးပေးခဲ့ပါတယ်။ 

အဲဒီနောက် ပေါ်လင်ဟိုကပဲ နောက်တစ်ဂိုးယူခဲ့ပေမယ့် ၇၆ မိနစ်မှာ အန်ဒိုရာဘက်က အယ်မလီ ဂါစီယာက ကိုယ့်ဂိုးကိုသွင်းယူခဲ့ပါတယ်။ 

ရော်နယ်လ်ဒိုက ဒုတိယပိုင်းမှာ လူစားဝင်ရောက်ခဲ့ပေမယ့် ပွဲပြီးဖို့လက်ကျန် ၅ မိနစ်မှာ လှပတဲ့ ခေါင်းတိုက်ဂိုး တစ်ဂိုးသွင်းယူခဲ့ပြီး အပိတ်ဂိုးကိုတော့ ဂျာအိုဖိလစ်က သွင်းယူခဲ့တာဖြစ်ပါတယ်။ 

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်လ်ဒိုဟာ စက်တင်ဘာလက ဆွီဒင်နဲ့ပွဲမှာ နှစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဥရောပကစားသမားတွေထဲမှာ နိုင်ငံလက်ရွေးစင်အသင်း ကိုယ်စားပြုပြီး ဂိုး ၁၀၀ ကျော်သွင်းနိုင်တဲ့ ပထမဆုံးကစားသမားစံချိန်ကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။ 

ရော်နယ်လ်ဒိုဟာ အောက်တိုဘာ ၁၃ ရက်နေ့က ကိုရိုနာဗိုင်ရပ်စ်ကူးဆက်ခံရာကနေ ပြန်လည်ကောင်းမွန်လာပြီးနောက် ကစားခဲ့တဲ့ လေးပွဲမှာ လေးဂိုးသွင်းယူထားနိုင်တာလည်းဖြစ်ပါတယ်။ 

သူဟာဟာ ပေါ်တူဂီအတွက် ၁၆၈ ပွဲကစားပြီးချိန် ၁၀၂ ဂိုးသွင်းယူခဲ့ပြီး အန်ဒိုရာကို အနိုင်ရခဲ့တဲ့ ပွဲဟာ သူ့အတွက် လက်ရွေးစင်အသင်နဲ့ ရာပြည့်နိုင်ပွဲလည်းဖြစ်ပါတယ်။ 

ရော်နယ်လ်ဒိုဟာ အခုအခါ အသက် ၃၀ နှစ်ပြည့်ပြီးနောက်ပိုင်း ပွဲ ၅၀ မှာ သွင်းဂိုး ၅၀ သွင်းယူခဲ့ပါတယ်။ သူဟာ အသက် ၃၀ မတိုင်ခင်ကတော့ ပွဲပေါင်း ၁၁၈ ပွဲမှာ ၅၂ ဂိုး သွင်းယူခဲ့ပါတယ်။ 

Ref; AFP, CNN 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly