ကြားဖြတ်ရွေးကောက်ပွဲကျင်းပဖို့ ရခိုင်တပ်(AA)ထုတ်ပြန်ချက်အပေါ် အနိုင်ရပါတီ၊တပ်မတော်နှင့် နိုင်ငံရေးပါတီအချို့ကြိုဆို

ကြားဖြတ်ရွေးကောက်ပွဲကျင်းပဖို့ ရခိုင်တပ်(AA)ထုတ်ပြန်ချက်အပေါ် အနိုင်ရပါတီ၊တပ်မတော်နှင့် နိုင်ငံရေးပါတီအချို့ကြိုဆို

နိုဝင်ဘာ ၁၃

ရခိုင်ပြည်နယ်အတွင်းက ရွေးကောက်ပွဲကျင်းပခွင့်မရတဲ့မြို့နယ်တွေမှာ ကြားဖြတ်ရွေးကောက်ပွဲ အမြန်ဆုံး ကျင်းပနိုင်ပေးရန် နိုဝင်ဘာ ၁၂ရက်က ရခိုင်တပ်(AA) ၏ ထုတ်ပြန်မှုအပေါ် ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊တပ်မတော်နဲ့ နိုင်ငံရေးပါတီ အချို့ က ကြိုဆိုတယ်လို့ ဆိုကြပါတယ်။

ရခိုင်တပ်(AA) အဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာတော့ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲမှုကို ဒီဇင်ဘာ ၃၁ ရက်နေ့အထိ တိုးမြှင့်ပြီး ရခိုင်ပြည်နယ်အတွင်း မကျင်းပဖြစ်ခဲ့တဲ့ မြို့နယ် ကိုးခုမှာ ကြားဖြတ်ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပနိုင်ဖို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
 
ရခိုင်တပ်(AA) ရဲ့ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်အတွင်းက ရွေးကောက်ပွဲမကျင်းပဖြစ်တဲ့မြို့နယ်တွေမှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပဖို့ကို သဘောတူပေမယ့် ကျင်းပဖြစ်၊မဖြစ်ကတော့ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကသာ အဓိကဖြစ်တယ်လို့ NLDပါတီရဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီအဖွဲ့ဝင် ဒေါက်တာမျိုးညွန့်ကပြောပါတယ်။  

“တောင်ကုတ်မြို့မှာလည်း ကျွန်တော်တို့ရဲ့ ကိုယ်စားလှယ်လောင်း သုံးဦးအဖမ်းဆီးခံရတယ်။ အဖွဲ့ဝင် ခုနှစ် ဦးလည်းခြိမ်းခြောက်ခံရတယ်။ ဒီလိုအခြေအနေမျိုးမှာ တခြား ဒေသခံပါတီနဲ့ ယှဉ်ပြိုင်တဲ့အခါမှာ ကျွန်တော်တို့က တစ်ပန်းရှုံးနိမ့်နေပါတယ်။ ဒါဟာတရားမျှတမှုမရှိတဲ့ အခြေအနေမျိုးပါ။ အဲ့လိုအခြေအနေမျိုးမှာ ကျင်းပဖြစ်လို့ရှိရင် ဝင်ရောက်ယှဉ်ပြိုင်ပေမယ့် ရွေးကောက်ပွဲရဲ့ လွတ်လပ်ပြီး တရားမျှတမှုကတော့ မေးခွန်းထုတ်စရာဖြစ်နေမှာပါ။ ” ဟု ဒေါက်တာမျိုးညွန့်ကပြောပါတယ်။  

လက်ရှိ ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်းနေရာတော်တော်များများမှာ အနိုင်ရရှိခဲ့တဲ့ ရခိုင်အမျိုးသားပါတီ (ANP) ကတော့ တည်တည်ငြိမ်ငြိမ်၊အေးအေးချမ်းချမ်းနဲ့ နိုင်ငံသားတစ်ဦးရဲ့ မဲပေးပိုင်ခွင့်ရ ရှိအောင် လုပ်ဆောင်တာကို ကြိုဆိုရမှာဖြစ်တယ်လို့ ANPပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ပြောပါတယ်။
 
“ဟုတ်ကဲ့ သဘောတူပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် တိုက်ပွဲတွေဖြစ်နေတဲ့အထဲမှာ AAကထုတ်ပြန်တာရော ချက်ချင်းကြီးပဲ တပ်မတော်က ထုတ်ပြန်တာရော သဘာတူညီပြီးတော့ နိုင်ငံရေးမှာ ပူးပေါင်းပါဝင်မယ်ဆိုတာ တကယ့်ကို မင်္ဂလာရှိတဲ့ ကြိုဆိုရမယ့်အချက်ဖြစ်ပါတယ်။ ”  လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ပြော ပါတယ်။

ဒါပေမယ့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်ကတော့ ပါတီတွင်းလုပ် ဆောင်စရာကိစ္စတွေရှိတာကြောင့် ဒီအခြေအနေနဲ့ ပတ်သက်ပြီး မပြောချင်ဘူးလို့ ဆိုပါတယ်။

အခုလို ရခိုင်တပ်(AA)ရဲ့ ထုတ်ပြန်ချက်အပေါ် တပ်မတော်ဘက်ကလည်း ကြိုဆိုကြောင်းနဲ့ မကျင်းပဖြစ်ခဲ့တဲ့ မြို့နယ်တွေမှာ အမြန်ဆုံးကျင်းပနိုင်ဖို့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ က နိုဝင်ဘာ ၁၂ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ ရခိုင်ပြည်နယ်ကမြို့နယ်တွေတင်မဟုတ်ဘဲ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့  ရှမ်းပြည်နယ်၊မိုင်းကိုင်မြို့မှာလည်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပနိုင်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ပါရှိပါတယ်။  

ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးသူရိန်ထွဋ်ကတော့ ရခိုင်ပြည်နယ် မြို့နယ် ၁၇မြို့ နယ်စလုံးမှာ မဲရုံသုံးပစ္စည်းတွေရှိနေတဲ့ ရွေးကောက်ပွဲလုပ်ဖို့အဆင်သင့်ရှိတယ်လို့ နိုဝင်ဘာ ၁၂ရက် နေ့က မဇ္ဈိမရဲ့ဆက်သွယ်မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ရွေးကောက်ပွဲမကျင်းပဖြစ်ခဲ့တဲ့ မြို့နယ် ကိုးမြို့နယ်ကတော့ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနဲ့ မြောက်ဦးမြို့နယ် တွေပဲဖြစ်ပါတယ်။

ရွေးကောက်ပွဲဆိုင်ရာဥပဒေအရ ကြားဖြတ်ရွေးကောက်ပွဲလုပ်ဖို့ဆိုရင် အထွေထွေရွေးကောက်ပွဲကျင်းပပြီးစီးပြီး နောက် ခြောက်လခန့်ကြာမှ ကျင်းပနိုင်မယ်လို့ သိရပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly