ပလက်ဝနှင့် ဆမီးတွင် ရွေးကောက်ပွဲ ပြန်ကျင်းပပေးရန် CNLD တောင်းဆိုမည် 

ပလက်ဝနှင့် ဆမီးတွင် ရွေးကောက်ပွဲ ပြန်ကျင်းပပေးရန် CNLD တောင်းဆိုမည် 
ဓာတ်ပုံ - CNLD

နိုဝင်ဘာ ၁၃၊ ၂၀၂၀ 

ရွေးကောက်ပွဲတွင် တရားမဲ့ပြုကျင့်မှုများ ရှိခဲ့သည်ဆိုကာ ပလက်ဝမြို့နယ်နှင့် ဆမီးမြို့များတွင် ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးရန် ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တောင်းဆိုမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၂ ရက်နေ့တွင် MCIJ သို့ ပြောသည်။ 

ချင်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးဟောင်းလည်းဖြစ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းလည်း ဖြစ်သော ဦးကျော်ငြိမ်းက ကြိုတင်မဲပေးသည့် ကိစ္စများတွင် ကိုယ်စားထည့်ခြင်းများ၊ ကြိုတင်မဲပေးပြီးသားလူက ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် ထပ်မံ မဲထည့်ခြင်းများ ဆမီးမြို့နယ်တွင် ရှိခဲ့သည်ဟု ဆိုသည်။ 

ထို့အပြင် ရွေးကောက်ပွဲ မဲဆွယ်ကာလဖြစ်သော နိုဝင်ဘာ ၆ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ဆမီးနှင့် ပလက်ဝ နှစ်မြို့လုံးရှိ စစ်ဘေးရှောင်များကို အသားဟင်း လှူဒါန်းခဲ့ခြင်းကိုလည်း သူက ထောက်ပြပြောဆိုသည်။ ဆမီးမြို့ရှိ စစ်ဘေးရှောင်များအတွက် ဝက် ရှစ်ကောင်၊ ပလက်ဝမြို့ရှိ စစ်ဘေးရှောင်များအတွက် နွားလေးကောင် ပေါ်ပြီး ဟင်းအဖြစ် လှူဒါန်းခြင်းများ ရှိခဲ့သည်ဟု ဆိုသည်။ 

“ဒုက္ခသည်မဲတွေကို မရမက သူတို့က ဆွယ်တယ်။ အဲဒါကြောင့် ဒီရွေးကောက်ပွဲဟာ တရားမျှတမှု လုံးဝမရှိဘူး။ ပြန်လည် ရွေးကောက်ပွဲလုပ်ဖို့ ဆောင်ရွက်ပေးနိုင်ပါရန်ဆိုပြီး ကျွန်တော်တို့ တင်ပြပါမယ်” ဟု ပလက်ဝ ပြည်သူ့လွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်သော ဦးကျော်ငြိမ်းက ပြောသည်။ 

ပလက်ဝသည် ရခိုင့်တပ် AA နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားရာ ဒေသတစ်ခုဖြစ်ပြီး စစ်ဘေးရှောင်ဦးရေ ခြောက်ထောင်ကျော် ရှိသည်။  

မဇ္ဈိမကို ဖြေဆိုချိန်တွင် ဦးကျော်ငြိမ်းသည် ပလက်ဝမြို့နယ်သို့ ရောက်ရှိနေချိန် ဖြစ်သောကြောင့် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ကို တရားဝင်စာပို့ တိုင်ကြားခြင်း မလုပ်ရသေးကြောင်း သိရသည်။ 

“ကျွန်တော်တို့က အမှန်တရားကို လိုချင်လို့ပါ။ ရှုံးတာက တကဏ္ဍထား၊ မှန်မှန်ကန်ကန်နဲ့ ပွင့်ပွင့်လင်းလင်း ရှိတယ်၊ မရှိဘူးဆိုတာကို တစ်နိုင်ငံလုံး သိစေချင်လို့ ကျွန်တော်တို့ (စာ) တင်မှာပါ” ဟု စစ်ဘေးရှောင် ဒုက္ခသည်များကို ကူညီနေခဲ့သူ ဦးကျော်ငြိမ်းက ပြောသည်။ 

ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ၏ စွပ်စွဲချက်နှင့် ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရ ပြောခွင့်ရ ဝန်ကြီး ဦးစိုးထက်ကို ဆက်သွယ်ခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပါ။ 

နိုဝင်ဘာလ ၁၁ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ရွေးကောက်ပွဲ တရားမျှတမှု မရှိဘူးဟု ထင်လျှင် အချက်အလက်နှင့် တရားဝင် တိုင်ကြားနိုင်ကြောင်း ပြောဆိုခဲ့သည်။ 

CNLD ပါတီသည် လွှတ်တော်သုံးရပ်စလုံးအတွက် ချင်းပြည်နယ် ကိုးမြို့နယ်တွင် ယှဉ်ပြိုင်သော်လည်း တစ်နေရာသာ အနိုင်ရခဲ့သည်။ ကျန်တစ်နေရာကိုမူ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (ZCD) က အနိုင်ရသည်။ သို့သော် ယခုရလဒ်များသည် သက်ဆိုင်ရာပါတီများ၏ အတည်ပြုချက်အပေါ် အခြေခံထားခြင်းသာ ဖြစ်သည်။ 

တရားဝင် ရွေးကောက်ပွဲ ရလဒ်များကို ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲအပြီး ငါးရက်မြောက်ဖြစ်သော ယနေ့အထိ အနည်းငယ်စီ ဆက်လက် ထုတ်ပြန်နေဆဲ ဖြစ်ပြီး အပြီးသတ် ထုတ်ပြန်နိုင်ခြင်း မရှိသေးပါ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly