ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒုသမ္မတ ဖြစ်လာနိုင်လား

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒုသမ္မတ ဖြစ်လာနိုင်လား
ဓာတ်ပုံ -  နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှုတ်ဆက်နေကြစဉ် (ပုံ- NRPC)

နိုဝင်ဘာ ၁၂ ၊ ၂၀၂၀

၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးကို နိုဝင်ဘာ ၈ ရက်နေ့က အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပြီဖြစ်သည်။  

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရွေးချယ်မှု ဘာဖြစ်လာနိုင်သလဲဆိုတာကို မတင်ပြခင် အစိုးရဖွဲ့နိုင်ရေး အခြေအနေကို အရင်ဆုံး ရှင်းပြပါရစေ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်လောင်း အရေအတွက်ကို အောက်ပါအတိုင်း သတ်မှတ်ထားပါသည်။

  • - ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၃၀ ဦး
  • - အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၈ ဦး
  • - တပ်မတော်သား ကိုယ်စားလှယ် ၁၆၆ ဦး

စုစုပေါင်း ၆၆၄ ဦးရှိမည်ဖြစ်သည့်အတွက် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် နှစ်ရပ်ပေါင်း ပြည်ထောင်စု လွှတ်တော်မှာ ကိုယ်စားလှယ် ၃၃၃ ဦး အရေအတွက်ကို ရွေးကောက်တင်မြှောက်ခံရသည့် ပါတီ က အစိုးရတစ်ရပ်ကို ဦးဆောင် ဖွဲ့စည်းခွင့်ရမည်ဖြစ်သည်။

သို့သော် ယခု ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့ရာမှာတော့ အထက်မှာ ဖော်ပြ ခဲ့သလို ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့အနက် ကိုးမြို့နယ် အပါအဝင် ရှမ်းပြည်နယ်အတွင်း၌ မြို့နယ် ခြောက်မြို့မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပေ။

ဓာတ်ပုံ -  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲပေးနေစဉ်(ပုံ-တပ်မတော်)

ထို့ကြောင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၅ ဦးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ရှစ်ဦး နေရာလစ်လပ်ခဲ့သည့်အတွက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း ပြည်ထောင်စု လွှတ်တော် ၄၇၅ နေရာနှင့် တပ်မတော်သား ကိုယ်စားလှယ် ၁၆၆ ဦးပေါင်း ပြည်ထောင်စုလွှတ်တော် ၆၄၁ ဦး သာ ရှိမည်ဖြစ်သည်။
ပြည်ထောင်စု လွှတ်တော် ၆၄၁ ဦးသာ ရှိမည်ဖြစ်သည့်အတွက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၃၂၂ ဦး အနိုင်ရရှိသည့် ပါတီသည် အစိုးရတစ်ရပ်ကို ဦး ဆောင် ဖွဲ့စည်းခွင့်ရရှိမည်ဖြစ်သည်။  

အထက်ပါ အခြေအနေများသည် အစိုးရတစ်ရပ်ကို မည်သို့ ဖွဲ့စည်းနိုင်ကြောင်းကို ရှင်းပြခဲ့ခြင်းဖြစ်သည်။ လက်ရှိ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရလဒ်များအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)သည် အမျိုးသား လွှတ်တော် ၁၂၆ ဦးနှင့် ပြည်သူ့လွှတ်တော် ၂၅၇ ဦး နှစ်ရပ်ပေါင်း ကိုယ်စားလှယ်လောင်း အရေအတွက် ၃၈၃ ဦး အနိုင်ရရှိထားကြောင်း ပုံစံ(၁၉) လက်မှတ်ရေးထိုး အတည်ပြုထားချက်အရ သိရကြောင်း NLD ဘက်က သိရသည်။

ဤသို့ဆိုလျှင် NLD သည် အစိုးရ တစ်ရပ်ကို ဦးဆောင် ဖွဲ့စည်းခွင့်ရရှိမည်ဖြစ်သလို ဒုသမ္မတ နှစ်ဦးကိုလည်း တင်မြှောက် ခွင့်ရရှိမည်ဖြစ်သည်။ ကျန် ဒုသမ္မတ တစ်ဦးကိုတော့ ပြည်ထောင်စုလွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း ရရှိထားသည့် တပ်မတော်သား အစုအဖွဲ့က တင်မြှောက်ခွင့်ရရှိမည်ဖြစ်သည်။

ထိုအထဲမှ သမ္မတ တစ်ဦးကို ပြည်ထောင်စုလွှတ်တော်က ရွေးချယ် တင်မြှောက်ပေးမည်ဖြစ်ရာ NLD က ပြည် ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ် အရေအတွက် အသာစီးရရှိထားခြင်းကြောင့် သမ္မတကို NLD တင် မြှောက် သူသာ ဖြစ်မည်ဖြစ်သည့်အတွက် စိတ်ဝင် တစားစောင့်ကြည့် စရာမလိုတော့သော်လည်း တပ်မတော် က တင်မြှောက်မည့် ဒုသမ္မတမှာ မည်သူ ဖြစ်မည်နည်းမှာ စိတ်ဝင်စားစရာကောင်းလှသည်။

ဓာတ်ပုံ - ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားမီဒီယာများနှင့် တွေ့ဆုံကာ အင်တာဗျူးဖြေနေစဉ်(ပုံ-တပ်မတော်)

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရွေးချယ်မှု ဘာဖြစ်မလဲ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ကို သက်ပြည့် ပင်စင်အရ နောက်ထက် ငါး နှစ်သက်တမ်းတိုးထားသော ကာလပင် ကုန်ဆုံးတော့မည်ဖြစ်သည်။ ထို့ကြောင့် မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းအတွင်းမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း ကိုယ်စားလှယ် ၁၆၇ ဦးအနိုင်ရပါက တပ်မတော်နှင့် USDP ပူးပေါင်းကာ အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်သကဲ့သို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း သမ္မတ ရာထူးကို ရယူကာ တာဝန်ထမ်းဆောင်လာနိုင်ကြောင်း သုံးသပ်မှုများ ကျယ်ပြန့်ခဲ့သည်။

သို့သော် ယခုအခါမှာတော့ USDP သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက အနိုင်ရရှိခဲ့သော ကိုယ်စား လှယ် ၄၁ ဦး အရေအတွက်ထက်ပင် လျှော့နည်းခြင်းကြောင့် တပ်မတော်နှင့် USDP ပူးပေါင်းကာ အစိုးရ ဖွဲ့နိုင် ခြေမရှိတော့ခြင်းကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သမ္မတ ဖြစ်ရေး အခြေအနေများ ပျက်ပြယ်သွားပြီ ဖြစ်သည်။

သို့သော် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တပ်မတော်က ဒုသမ္မတ တစ်ဦးကို ရွေးချယ်တင်မြှောက်ပိုင်ခွင့် ရရှိထားခြင်းကြောင့် ဒုသမ္မတအဖြစ် တင်မြှောက်မှုကို လက်ခံကာ ၂၀၂၁ ခုနှစ်၊ မတ်လမှာ ပေါ်ပေါက်လာမည့် အစိုးရသစ်တွင် ဒုသမ္မတအဖြစ် ပါဝင်လာနိုင်သည်။

အဘယ်ကြောင့်ဆိုသော် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ကို သက်ပြည့်ပင်စင်ကာလ ကျော်လွန်း၍ ၅ နှစ်သက်တမ်းတိုးကာ တာဝန်ယူ ထမ်းဆောင်ခဲ့သည့် ကာလပင် ၂၀၂၁ ခုနှစ်မှာ ပြည့်ပြီ ဖြစ်သည့်အတွက် အနားယူရတော့မည်ဖြစ်ရာ အုပ်ချုပ်ရေးယန္တရားထဲမှာ ဆက်လက် ပါဝင်လိုသေးလျှင် ၂၀၂၁ ခုနှစ်၊ မတ်လမှာ ဖြစ်တည်လာမည့် အစိုးရသစ် တစ်ရပ်မှာ ဒုသမ္မတ အဖြစ် ပါဝင် လာနိုင်ကြောင်း တွက်ဆကြည့်နိုင်ပါသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ မကျင်းပခင်က တပ်မတော်ဘက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဒုသမ္မတ အဆင့်ဖြင့် ညီကြောင်း ထုတ်ပြန်မှုများ ရှိခဲ့သလို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင်လည်း ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၅ ရက်က ရုရှားအခြေစိုက် မီဒီယာဖြင့် တွေ့ဆုံစဉ်က အုပ်ချုပ်ရေး အတွေ့အကြုံ များ ရှိကြောင်း စကားလမ်းကြောင်းများ ဖွင့်ကာ သမ္မတ ရာထူး တာဝန်ထမ်းဆောင်ခွင့်ရပါက တာဝန်ယူနိုင်ကြောင်း အရိပ်အမြွာပြောခဲ့သည်။

ဓာတ်ပုံ - ၂၀၂၀ ပြည့်နှစ်၊ သြဂုတ် ၁၄ ရက် က နိုင်ငံရေးပါတီ ၃၁ ပါတီနှင့်တွေ့ဆုံပွဲမှာ USDP ပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေးနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်(ပုံ-တပ်မတော်)

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “အုပ်ချုပ်ရေးအတွေ့ အကြုံ ကျွန်တော့်မှာ အများကြီးရှိ တယ်။ တိုင်းမှူးလုပ်ခဲ့ တာရှိတယ်။ နောက်ပြည်နယ် ဥက္ကဋ္ဌ လုပ်ခဲ့တာ ရှိတယ်။ ဒီအတွေ့အကြုံတွေက တပ်မတော် အတွက်ကော၊ တိုင်းပြည် အတွက်ကော၊ ပြည်သူ့အတွက်ကော၊ ဘယ်လိုပဲဖြစ်ဖြစ် အထောက် အကူရမယ့် ဟာလို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်က တာဝန်ထမ်းဆောင်ခဲ့တဲ့ နှစ်ပေါင်း ၄ဝ ကျော် ကာလအတွင်းမှာ တိုင်းပြည် အတွက်၊ ပြည်သူအတွက်လုပ်ခဲ့တာ၊ ကျွန်တော်ဆက်ပြီးတော့ ဒီလိုပဲသွားမှာပါ”ဟု ဆိုခဲ့လေးသည်။

ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လက်ရှိ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရလဒ်အရ NLD ပါတီက ဦးဆောင် အစိုးရသစ်တစ်ရပ်ကို ဖွဲ့စည်းခွင့်ရရှိမည်ဖြစ်သည့်အတွက် သမ္မတ အိပ်မက်မှေးမိန်းသွားခဲ့ သော်လည်း ဒုသမ္မတ တာဝန်ကိုတော့ ရယူနိုင်ခြေရှိသေးသည်။

တစ်ဖက်က ပြန်ကြည့်လျှင်တော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်အဖြစ် ရှိနေသည့်ကာလတွင် သမ္မတ၊ ဒုသမ္မတတို့ဖြင့် ရင်ဘောင်တန်း၍ လုပ်ကိုင်နိုင်သည့် အခြေ အနေ တစ်ခုကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖြစ်တည်နေခြင်းကြောင့် ၂၀၂၁ ခုနှစ်၊ မတ်လမှာ ဖြစ်တည်လာ မည့် အစိုးရသစ်မှာ ဒုသမ္မတအဖြစ် တာဝန်ယူ ဆောင်ရွက်ပါ့မလားဆိုတာကလည်း စဉ်းစား စရာဖြစ်နေသည်။

အဘယ်ကြောင့်ဆိုသော ဒုသမ္မတများ၏ လုပ်ပိုင်ခွင့်များသည် အလွန်နည်းပါးလှသလို သမ္မတကိုသာ တာဝန်ခံ ရသည့်အခြေအနေ တစ်ရပ်မှာသာ ရှိနေခြင်းကြောင့် ယခင်က ရင်ဘောင်တန်း လုပ်ကိုင်နိုင်သည့် အခြေအနေ ကနေ လုပ်ပိုင်ခွင့် အလွန်နည်းပါးသလို တဆင့်နိမ့်သွားသည်ဟုခံစားရနိုင်သော ဒုသမ္မတ တာဝန်ကို ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် လက်ခံပြီး အုပ်ချုပ်ရေးယန္တရားထဲမှာ ပါဝင်လာမလား သို့မဟုတ် တပ်မတော် ကာကွယ် ရေး ဦးစီးချုပ် တာဝန်ကနေပဲ အနိုင်ယူကာ အရပ်သား အနေဖြင့်ပဲ နေထိုင်သွားမလားဆိုတာကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရွေးချယ်မှုကိုသာ စောင့် ကြည့်ရတော့မည် ဖြစ်သည်။

ဓာတ်ပုံ - USDP ဥက္ကဋ္ဌ ဦးသန်းဋ္ဌေးကို တွေ့ရစဉ်(ပုံ-Mizzima)

တပ်မတော်က ဦးသန်းဋ္ဌေးကို ဒုသမ္မတအဖြစ် တင်မြှောက်နိုင်လား

တပ်မတော်သည် ဒုသမ္မတ တစ်ဦးကို ရွေးချယ် တင်မြှောက်ခွင့် ရှိသည့်အတွက် ၂၀၂၁ ခုနှစ်တွင် အနားယူ ရတော့မည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးကို အစိုးရသစ်တွင် ဒုသမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခြင်း မရှိခဲ့လျှင် သို့မဟုတ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်က ဒုသမ္မတ တာဝန်ကို မထမ်းဆောင်လိုခဲ့လျှင် တပ်မတော်က မည်သူကို ဒုသမ္မတအဖြစ် ရွေးချယ် တင်မြှောက်နိုင်သလဲဆိုတာမှာ လည်း စဉ်းစား စရာဖြစ်လာသည်။
အကယ်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒုသမ္မတ တာဝန်ကိုမထမ်းဆောင်ခြင်း သို့မဟုတ် တပ်မတော်က ဒုသမ္မတ အမည်စာရင်း တင်သွင်းမှု မပြုလုပ်ခဲ့လျှင် တပ်မတော်မှ ဒုသမ္မတအဖြစ် အမည်စာရင်း တင်သွင်းမှုကို အနီးစပ်ဆုံး ခံရနိုင်သူမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ဥက္ကဋ္ဌ ဦးသန်းဋ္ဌေး ဖြစ်နိုင်သည်။
အဘယ်ကြောင့်ဆိုသော တပ်မတော်သည် ၎င်းတို့ ဒုသမ္မတ တစ်ဦးကို အမည်စာရင်း တင်သွင်းသည့်အခါ တပ်မတော်နှင့်မဟာမိတ်ဖြစ်သူ သို့မဟုတ် တပ်မတော်သား အငြိမ်းစား ဗိုလ်ချုပ်ကြီးများကို တင်သွင်းလေ့ရှိ သည်။
ဦးသန်းဋ္ဌေးသည် တပ်မတော်နှင့်အနီးစပ်ဆုံး မဟာမိတ် ပါတီတစ်ခုဖြစ်သည့် USDP ၏ ဥက္ကဋ္ဌတာဝန်ကို ရယူ ထားသူဖြစ်သလို တပ်မတော်ထဲမှာ တိုင်းမှူးတာဝန်များ အပြင် စစ်ဘက်ဆိုင်ရာ တာဝန်အများအပြားကို တာဝန် ထမ်းဆောင်ခဲ့ဖူးသလို USDP အစိုးရဖွဲ့ အုပ်ချုပ်စဉ်ကလည်း ပြည်ထောင်စုဝန်ကြီးတစ်ဦးအဖြစ် တာဝန်ယူခဲ့ဖူး သူဖြစ်သည့်အတွက် ၂၀၂၁ ခုနှစ်တွင် ဖြစ်တည်လာမည့် အစိုးရသစ် တစ်ရပ်မှာ တပ်မတော်၏ ဒုသမ္မတ ရွေး ချယ် တင်မြှောက်ခံရမည့် အမည်စာရင်းထဲမှာ ထည့်သွင်း စဉ်းစားခံရနိုင်ခြေရှိသည်။

သို့သော် တစ်ခုရှိသည်။ လက်ရှိ ဦးသန်းဋ္ဌေး၏ USDP ကို ဦးဆောင်နေသော ဦးဆောင်မှု အခန်းကဏ္ဍနှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရာမှာ ဦးဆောင်ခဲ့သည့် အခန်းကဏ္ဍများသည် စွမ်း ဆောင်ရည် ကျဆင်းနေသည်ကို တွေ့ရသည့်အတွက် တပ်မတော်က ဒုသမ္မတ အဖြစ် အမည်စာရင်း တင်သွင်း မှုကို ပြန်လည် သုံးသပ်နိုင်ခြေရှိနေပြန်သည်။

အဘယ်ကြောင့်ဆိုသော ဦးသန်းဋ္ဌေး ဦးဆောင်ကာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ သည့် USDP ပါတီသည် ယခင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော USDP အနိုင်ရခဲ့သည့် ကိုယ်စားလှယ်လောင်း ၄၁ ဦး(ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း)ထက် လျှော့နည်းသွားသည်ကို သုံးသပ်ကြည့်ခြင်းအားဖြင့် ဦးသန်းဋ္ဌေး၏ ဦးဆောင်မှု အခန်းကဏ္ဍကို မေးခွန်းထုတ် လာနိုင်ပြီး တပ်မတော်ဒုသမ္မတ အမည်စာရင်း တင်သွင်းမှုကို ပြန်လည်သုံးသပ်နိုင်ခြေရှိသည်။

ဓာတ်ပုံ - ဒုသမ္မတ(၁)ဦးမြင့်ဆွေကို တွေ့ရစဉ်(ပုံ-Mizzima)

တပ်မတော်က ဒုသမ္မတ ဘယ်သူကိုတင်မြှောက်နိုင်ခြေရှိလဲ

တပ်မတော်သည် မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပေးထားချက်အရ ဒုသမ္မတ တစ်ဦးကို အမည်စာ ရင်း တင်သွင်းကာ တင်မြှောက်ခွင့်ရရှိထားသည်။ ထို့ကြောင့် ၂၀၂၁ ခုနှစ်တွင် ပေါ်ပေါက်လာမည့် အစိုးရသစ် တွင် တပ်မတော်သည် ဒုသမ္မတ အမည်စာရင်း တင်သွင်းသည့်အခါ ပထမ ဦးစားပေးအနေဖြင့် ရာထူးကနေ အနားယူမည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တင်သွင်းနိုင်ခြေရှိသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒုသမ္မတ အဖြစ် တာဝန်ထမ်းဆောင်လိုချင်စိတ်ရှိလျှင် တပ်မတော်က ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ကို ဦးစားပေး တင်မြှောက်မည့် စာရင်းမှာ ထည့်ထားနိုင်သော်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်ကာ သမ္မတမဟုတ်ဘဲ ဒုသမ္မတအဖြစ်သာ တစ်ဆင့်နိမ့်တာဝန်ထမ်းဆောင်ရမည် ကို မနှစ်သက်၍ တာဝန်မထမ်းဆောင်လိုဘူးဆိုလျှင် တပ်မတော်သည် ဒုတိယ ဦးစားပေး အနေဖြင့် USDP ဥက္ကဋ္ဌ ဦးသန်းဋ္ဌေးကို စဉ်းစားနိုင်ခြေရှိသည်။

အကယ်၍ တပ်မတော်သည် ဦးသန်းဋ္ဌေး၏ ဦးဆောင်မှု အခြေအနေကို ပြန်သုံးသပ်ကာ သဘောမတွေ့ပါက တတိယ ဦးစားပေး စဉ်းစားထားသူမှာ မည်သူဖြစ်နိုင်သလဲ မေးခွန်းထုတ်စရာ ရှိလာနိုင်သည်။ ထိုသူမှာ လက်ရှိ တပ်မတော်က တင်မြှောက်ထားသည့် ဒုသမ္မတ(၁) ဦးမြင့်ဆွေကိုသာ ၂၀၂၁ ခုနှစ်တွင် ပေါ်ပေါက်လာမည့် အစိုးရသစ်၌ ဒုသမ္မတ အဖြစ် ဆက်လက် ရွေးချယ် တင်မြှောက်နိုင်ခြေရှိသည်။

လက်ရှိ ဒုသမ္မတ(၁) ဦးမြင့်ဆွေ၏ တာဝန်ထမ်းဆောင်မှုများ အပေါ် တပ်မတော်က သဘောမကျပြန်ဘူးဆို လျှင် စတုတ္ထ ဦးစားပေးနေရာကို မည်သူကို စဉ်းစားထားမည်လဲဆိုသည်မှာ စိတ်ဝင်စားစရာကောင်းလှသည်။
အထက်ပါ အခြေအနေများကို ပြန်လည် ခြုံငုံ လေ့လာကြည့်မည်ဆိုလျှင် တပ်မတော်သည် အစိုးရသစ် တစ်ရပ် ပေါ်ပေါက်သည့်အခါ ဒုသမ္မတ အဖြစ် ပထမ ဦးစားပေးအနေဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို စဉ်းစား နိုင် သည်။ ဒုတိယအဖြစ် USDP ဥက္ကဋ္ဌ ဦးသန်းဋ္ဌေး၊ တတိယအဖြင့် လက်ရှိ ဒုသမ္မတ(၁) ဦးမြင့်ဆွေ၊ စတုတ္ထ မည်သူ ဖြစ်နိုင်သနည်း။

ဓာတ်ပုံ - အစိုးရ၊တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များကိုတွေ့ရစဉ်(ပုံ-NRPC)

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပုံရိပ်ကောင်းကို ချန်ထားခဲ့နိုင်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ကနေ အနား ယူကာ ထိုနှစ်အတွင်းမှာ ပေါ်ပေါက်လာမည့် အစိုးရသစ်မှာ ဒုသမ္မတ အဖြစ် တာဝန်ယူ ထမ်းဆောင်ခြင်းရှိသည် ဖြစ်စေ၊ တာဝန်မယူဘဲ အရပ်သားအဖြစ် အနားယူသည်ဖြစ်စေ လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ကနေ အနားမယူခင် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး အပါအဝင် ပြည်တွင်း ငြိမ်းချမ်းရေးကို ပိုမို ကောင်းမွန်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် တည်ဆောက်ပေးနိုင်ခဲ့မည်ဆိုလျှင် ပြည်သူလူထု၏ စိတ်ထဲမှာ မှတ်တိုင် တစ်ခုကို စိုက်ထူနိုင်ခြေရှိသည်။

လက်ရှိ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် လက်နက်ကိုင် ပဋိပက္ခများ အရှိန်လျှော့ချနိုင်ရေးအတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တစ်ဦး၏ လုပ်ပိုင်ခွင့်များအရ ဆောင်ရွက်နိုင်ခြေ အများကြီးရှိပါသည်။ ဥပမာ- မြောက် ပိုင်းအဖွဲ့(AA-TNLA-MNDAA)တို့ကို အကြမ်းဖက်အုပ်စုနှင့်မတရားအသင်း ကြေညာထားမှုကို ပြန်လည် ရုပ် သိမ်းကာ စေ့စပ်ညှိနှိုင်းရေးကို အဟန့်အတားဖြစ်နေခြင်းအား ဆောင်ရွက်နိုင်ကာ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြန်လည် စတင်နိုင်မည်ဖြစ်သည်။

ဓာတ်ပုံ - AA အဖွဲ့ဒုခေါင်းဆောင် ဒေါက်တာညိုထွန်းအောင်(အလယ်က တစ်ယောက်)ကို တွေ့ရစဉ်(ပုံ-NRPC)

အလားတူ ရခိုင်ပြည်နယ်အပါအဝင် ဗမာမဟုတ်သော တိုင်းရင်းသား ပြည်နယ်များတွင် ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခကို အရှိန်လျှော့ချနိုင်မည်ဖြစ်သည်။ ပြည်သူလူထု အလိုချင်ဆုံးမှာ လက်နက်ကိုင် ပဋိပက္ခ မြန်မြန် ချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်းရေး ရရှိရေးပင်ဖြစ်သည်။

ထိုအခြေအနေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တစ်ဦး အနေဖြင့် အများအပြား ဖြေရှင်းနိုင်စွမ်းရှိသည့် အတွက် ၂၀၂၁ ခုနှစ်တွင် အနားယူခြင်းနှင့်အတူ ပြည်သူလူထု မျှော်လင့် တောင်းတနေသော ဆန္ဒကို ဖြည့်စီး ပေးကာ သမိုင်း မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခြေရှိသည်။

အဆိုပါ အခြေအနေကို အနားမယူခင် အမိအရ ဖမ်းဆုပ်သင့်သည်။ သို့မဟုတ်ပါက တပ်မတော်သည် ပြည်သူ လူထု ရင်ထဲဝယ် ပုံရိပ်ဆိုးများကို မချေဖျက်နိုင်ဘဲ သဘောထား မကြီးသူများအဖြစ်သာ ရှုမြင်နေခြင်းကိုခံရနိုင် ပါသည်။
မည်သို့ပင်ဆိုစေကာမူ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် မည်သည့် လမ်းကြောင်းကို ဖော်ပုံကာ ရွေးချယ်မလဲကိုတော့ အားလုံးက စောင့်ကြည့်ရပေအုံးတော့မည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required