သတင်းမီဒီယာရှေ့မှောက် ပြည်ခိုင်ဖြိုးပါတီ တရားဝင် တောင်းပန်ရန် ဆရာ၊ ဆရာမများ အဖွဲ့ချုပ် တောင်းဆို  

သတင်းမီဒီယာရှေ့မှောက် ပြည်ခိုင်ဖြိုးပါတီ တရားဝင် တောင်းပန်ရန် ဆရာ၊ ဆရာမများ အဖွဲ့ချုပ် တောင်းဆို  

နိုဝင်ဘာ ၁၂၊ ၂၀၂၀ 

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က မဲရုံတာဝန် ထမ်းဆောင်ခဲ့သည့် ဆရာ၊ ဆရာမ အများစုသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ထောက်ခံသူများ ဖြစ်ပြီး ကြားနေမဖြစ်ဟု ပြေဆိုခဲ့မှုအပေါ် ကွန်ပြူတာသမား အမှားဟုဆိုကာ အကြောင်းပြ တောင်းပန်ချက်ကို လက်မခံကြောင်းနှင့် တောင်းပန်မည်ဆိုပါက သတင်းမီဒီယာများနှင့် လူအများ၏ ရှေ့မှောက်တွင်သာ တရားဝင် တောင်းပန်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဒေါက်တာ ဇော်မျိုးလှိုင်က ပြောသည်။  

နိုဝင်ဘာ ၁၁ ရက်နေ့က ပြုလုပ်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ၏ သတင်းစာရှင်းလင်းပွဲတွင် နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲ၌ မဲရုံတာဝန် ထမ်းဆောင်ခဲ့သည့် ဆရာ၊ ဆရာမ အများစုသည် NLD ထောက်ခံသူများသာဖြစ်ပြီး ကြားနေ ဆရာ၊ ဆရာမများ မဖြစ်သည်ကို တွေ့ရပါသည်ဟု ပြောဆိုခဲ့သည်။  

“သူတို့ပြောသွားတုန်းက သတင်းမီဒီယာတွေရှေ့မှာ၊ လူအများရှိတဲ့ သတင်းမီဒီယာရှေ့မှာ ပြောတယ်။ တစ်နိုင်ငံလုံး Live လွှင့်ထားတဲ့ အနေအထားမှာ ပြောတယ်။ အဲဒီတော့ ပြန်တောင်းပန်တဲ့ အနေအထားမှာကျရင်လည်း ဒီလိုမျိုး အများပြည်သူရှေ့မှာပဲ၊ တစ်နည်းအားဖြင့် အများပြည်သူတွေ ရှေ့မှာဆိုတာ သတင်းမီဒီယာတွေ ရှေ့မှာပဲ တောင်းပန်တာ ဖြစ်သင့်တယ်။ တောင်းပန်တဲ့ အခါမှာလည်း အခုနကလို ကွန်ပျူတာသမား မှားတာမျိုး မဟုတ်ဘဲနဲ့ ကျွန်တော်တို့ကိုယ်၌က ဆရာ၊ ဆရာမတွေ အပေါ်မှာ အထင်အမြင် လွဲမှားမိပါတယ် ဆိုတာမျိုး ပြောရမယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်မှ အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်က မဇ္စျိမသို့ ပြောသည်။  

ထိုသို့ ပြောဆိုခဲ့သည့်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ဆရာ၊ ဆရာမထုအား တရားဝင် ပြန်လည် တောင်းပန်ရန် ယင်းနေ့တွင် ချက်ချင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။  

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ကြေညာချက် ထုတ်ပြန်ပြီးနောက် ပြည်ခိုင်ဖြိုးပါတီက “ဆရာ၊ ဆရာမ အများစုသည် NLD ထောက်ခံသူများသာဖြစ်ပြီး ကြားနေ ဆရာ၊ ဆရာမများ မဖြစ်သည်ကို တွေ့ရပါသည်” ဟူသော စာသားမှာ ကွန်ပျူတာ တာဝန်ခံက မှားယွင်း ရိုက်နှိပ်ခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်နှင့် ရန်ကုန်တိုင်း ဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သဘောထား မဟုတ်ကြောင်း သတင်းထုတ်ပြန်သည်။  

ထို့အပြင် စာသားအမှန်မှာ “ဆရာ၊ ဆရာမအများစုသည် NLD ပါတီမှ ဆောင်ရွက်သော ရွေးကောက်ပွဲအတွက် ကြားနေ ဆောင်ရွက်နေသော ဆရာ၊ ဆရာမများဖြစ်သည်ကို တွေ့ရပါသည်” ဖြစ်ကြောင်းနှင့် ထို့ကြောင့် မြန်မာတစ်နိုင်ငံလုံးမှ ဆရာ၊ ဆရာမများအား အနူးအညွတ် တောင်းပန်ကြောင်း နိုဝင်ဘာ ၁၁ ရက်နေ့က ပြန်လည် ထုတ်ပြန်ခဲ့သည်။  

၎င်းစာသား တစ်ကြောင်းလုံးအား ကွန်ပျူတာ တာဝန်ခံက မှားယွင်းရိုက်နှိပ်ခဲ့သည်ဆိုခြင်းမှာ မည်သို့မျှ မဖြစ်နိုင်ကြောင်းနှင့် ဆရာ၊ ဆရာမများ အနေဖြင့် မဲရုံတာဝန်ကို ထမ်းဆောင်ရာတွင် မဲဆန္ဒရှင်ပြည်သူများ၊ ရွေး ကောက်ပွဲ လေ့လာစောင့်ကြည့်သူများ၊ သက်ဆိုင်ရာပါတီများမှ မဲရုံကိုယ်စားလှယ်များ၊ သတင်း မီဒီယာများ ရှေ့မှောက်၌ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ဘက်လိုက်မှု ကင်းစွာ၊ ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ခဲ့ကြောင်း ရန်ကုန်မြို့၊ တာမွေမြို့နယ် ပုသိမ်ညွန့်ရပ်ကွက်တွင် မဲရုံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် အခြေခံပညာဦးစီးဌာနမှ ဆရာမ ဒေါ်သီတာက ဆိုသည်။  

“မှားတယ်ဆိုတာဟာ စာလုံးအကျအပေါက်လေးတွေပဲ မှားတယ်ရှိရမှာပေါ့နော်။ ဒါမျိုး အကြောင်းလိုက်ကြီး မှားတယ်ဆိုတာကတော့၊ ဒါကတော့ မဖြစ်နိုင်ဘူးဆိုတာ လူတိုင်းသိပါတယ်။ အဲဒီတော့ အဲဒီ တောင်းပန်ချက်ကိုလည်း ဆရာမတို့က လက်မခံနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ဒါ စာလုံး ပေါင်းမှားတာ မဟုတ်ဘဲနဲ့ တမင်ရည်ရွယ်ချက်ရှိရှိနဲ့ သူတို့ပြောတယ်လို့ ဆရာမတို့ အားလုံးက ယူဆပါတယ်” ဟု ဆရာမ ဒေါ်သီတာက ပြောသည်။  

နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ၌ မြန်မာတစ်နိုင်ငံလုံးရှိ မဲရုံများတွင် တာဝန်ထမ်းဆောင်ခဲ့သော ဆရာ၊ ဆရာမ ဦးရေမှာ နှစ်သိန်းကျော်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly