အနာဂတ် ယာဉ်ကြောစနစ်အတွက် ဆိုးလ်မြို့တော်မှာ ဒရုန်းတက္ကစီ စမ်းသပ်ပျံဝဲ 

အနာဂတ် ယာဉ်ကြောစနစ်အတွက် ဆိုးလ်မြို့တော်မှာ ဒရုန်းတက္ကစီ စမ်းသပ်ပျံဝဲ 
Photo - AFP

နိုဝင်ဘာ ၁၂

လေပေါ်ဝဲယာဉ်တွေနဲ့အတူ အနာဂတ် ယာဉ်ကြောစနစ် မြှင့်တင်ရေးအတွက် တောင်ကိုရီးယား အစိုးရ ပြင်ဆင်စိုင်းပြင်းနေတဲ့ အစီအစဉ် တစ်စိတ်တစ်ပိုင်းအနေနဲ့ ဆိုးလ်မြို့တော်ပေါ်မှာ လူမပါတဲ့ ဒရုန်းတက္ကစီယာဉ်ကို ခရီးတို စမ်းသပ်ပျံဝဲပါတယ်။ 

တရုတ် EHang ကုမ္ပဏီ ထုတ်လုပ်တဲ့ အခု ဒရုန်းတက္ကစီကို ဟန်မြစ်ကမ်းနဘေးကနေပြီး စတင်ပျံတက်ကာ ဆိုးလ်မြို့တော်ပေါ် ပျံဝဲခဲ့တာပါ။ 

အခုလို လေပေါ်ဝဲယာဉ်တွေ တီထွင်ထုတ်လုပ်ရေးမှာ ဘိုးရင်း၊ Airbus၊ တိုယိုတာနဲ့ ဟွန်ဒိုင်းတို့အပါအဝင် ကုမ္ပဏီ တော်တော်များများဟာ ကိုယ်ပိုင်နည်းပညာနဲ့ ကိုယ်တိုင်တည်ဆောက်နေကြတာဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှုတွေ လျှော့ချနိုင်ရေးအတွက်လည်း ဖြစ်ပါတယ်။ 

တောင်ကိုရီးယား အစိုးရအနေနဲ့လည်း ယာဉ်ကြောစနစ် ပိတ်ဆို့မှု မဖြစ်ရေး စီမံကိန်းတစ်ရပ်အဖြစ် လေပေါ်ဝဲတက္ကစီတွေကို ၂၀၂၅ မှာ စတင်အသုံးပြုနိုင်ဖို့ ရည်မှန်းထားပါတယ်။ 

“စိန်ခေါ်မှုတွေကို ကျော်လွှားစရာအဖြစ် အဓိက အချက်သုံးချက် ရှိပါတယ်။ ပထမက သင့်တော်ကောင်းမွန်တဲ့ နည်းပညာဖြစ်ဖို့ပါ။ ဒုတိယအနေနဲ့ အစိုးရကနေ ပြည့်စုံလုံလောက်တဲ့ ရန်ပုံငွေ ထောက်ပံ့နိုင်နေရေးဖြစ်ပြီး နောက်ဆုံးအချက်ကတော့ ပြည်သူတွေ ယုံယုံကြည်ကြည်နဲ့ စီးနင်းကြဖို့ပဲ ဖြစ်ပါတယ်။”လို့ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန ဒရုန်းဌာနခွဲ ညွှန်ကြားရေးမှူး ဂျန်ယောင်းကီက ပြောပါတယ်။ 

“ဒီ ဒရုန်းတွေဟာ ဆိုးလ်မြို့လို မြို့ကြီးတွေက ယာဉ်ကြောပိတ်ဆို့မှု ပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။”ဆိုပြီး သူက ဆက်လက်ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly