အမြင်အာရုံမသန်စွမ်းသူအများစု လက်စမ်းစာပါမဲလက်မှတ်ဖြင့် မဲမပေးနိုင်ခဲ့

အမြင်အာရုံမသန်စွမ်းသူအများစု လက်စမ်းစာပါမဲလက်မှတ်ဖြင့် မဲမပေးနိုင်ခဲ့
ဓာတ်ပုံ- ဦးစောသောင်းကြည်

ရန်ကုန်၊ နိုဝင်ဘာ ၁၁

၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲတွင် အမြင်အာရုံမသန်စွမ်းသူအများစုရှိရာမဲရုံများ၌ လက်စမ်းစာပါမဲ လက်မှတ်ဖြင့် မဲပေးနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မြန်မာနိုင်ငံမျက်မမြင်များအသင်းတို့ ဆွေးနွေးစီစဉ်မှုများရှိခဲ့သော်လည်း အမြင်အာရုံမသန်စွမ်းသူအများစုမှာ လက်စမ်းစာပါမဲလက်မှတ်ဖြင့် မဲပေးနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

မဲပေးရမည့် နိုဝင်ဘာလ ၈ ရက်နေ့မတိုင်ခင် နိုဝင်ဘာလ ၇ ရက်နေ့မှသာ လက်စမ်းစာဖြင့် မဲပေးနည်းလမ်းညွှန်စာအုပ်ရောက်ရှိလာသောကြောင့် အများစုမှာ လက်စမ်းစာပါမဲလက်မှတ်ဖြင့် မဲပေးနိုင်ခြင်းမရှိခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တွင် အမြင်အာရုံမသန်စွမ်းသူအများစုရှိရာ ခဝဲခြံမျက်မမြင်ကျောင်းမှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးစောသောင်းကြည်က မဇ္ဈိမကို ပြောသည်။

၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲအတွက် ခဝဲခြံမျက်မမြင်ကျောင်းတွင် အမြင်အာရုံမသန်စွမ်းသူကျောင်းသားနှင့် ဝန်ထမ်းစုစုပေါင်း ၁ဝဝ ကျော်မဲပေးခွင့်ရှိပြီး လက်စမ်းစာနှင့်မဲပေးခြင်းကို လူအနဲငယ်သာ မဲပေးခဲ့ရကြောင်း ဦးစောသောင်းကြည်က ပြောသည်။

“သူတို့အနေနဲ့ စီစဉ်ပေးပေမယ့် ဘာပြဿနာရှိလည်းဆိုတော့ လက်စမ်းစာနဲ့ မဲတွေ ဘယ်လိုပေးရမလဲ အဲ့ဒါမျိုးတွေပေါ့နော်။ စာအုပ်က နောက်ကျတယ်။ ကျွန်တော်တို့ အဲ့ဒီအတွက် အဆင်သင့်မဖြစ်ဘူး။ လက်စမ်းစာနဲ့ ပေးမယ်ဆိုတာကျတော့လည်း ကျွန်တော်တို့က လေ့ကျင့်ချိန်မရှိဘူးဖြစ်သွားတာပေါ့။ ရောက်တာနောက်ကျတဲ့အတွက် အခက်အခဲရှိတယ်။ နည်းနည်းပါးပါးတော့ လက်စမ်းစာနဲ့ ပေးတဲ့သူရှိမယ်။ ကျွန်တော်တို့ဘက်ကသူ အများစု၊ အကုန်လုံးနီးပါးလောက်ကတော့ ယုံကြည်ရတဲ့သူခေါ်သွားပြီးပဲ ပေးဖြစ်တယ်” ဟု ၎င်းက ပြောသည်။

အမြင်အာရုံမသန်စွမ်းသူတစ်ဦးသည် ပုံမှန်အားဖြင့် မိမိမဲပေးလိုသည့် ပါတီကိုယ်စားလှယ်လောင်းကို ဘေးလူတစ်ဦးဦးကို ပြောပြပြီး ထိုသူ၏ အကူအညီဖြင့် မဲပေးရသော်လည်း လက်စမ်းစာပါမဲလက်မှတ်နှင့် မဲပေးနိုင်ပါက ဘေးလူအကူအညီမပါဘဲ မိမိဆန္ဒအတိုင်း အခြားလူများနည်းတူ မဲပေးနိုင်မည်ဖြစ်သည်။ 

ထိုသို့အမြင်အာရုံမသန်စွမ်းသူများအနေဖြင့် လက်စမ်းစာဖြင့် မဲပေးနိုင်သည့် အစီအစဉ်ကို အောက်ခြေရပ်ကျေးအဆင့်ရွေးကောက်ပွဲကော်မရှင်များ၊ မဲရုံဝန်ထမ်းအများစုမသိရှိကြောင်းလည်း မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့(မီလီ) က ထုတ်ပြန်သည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးက မဲရုံအချို့တွင် လေ့လာခဲ့ရာ၌ မဲရုံဝန်ထမ်းများ၏ ၇၉ ရာခိုင်နှုန်းက မသိရှိကြကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရွှေမင်းသားဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်ကတော့ ဒီမြို့နယ်မှာ အမြင်အာရုံမသန်စွမ်းသူရှိရင် တစ်လကြိုပြော သူတို့ လက်စမ်းစာလုပ်ပေးမယ်ပြောထားတယ်။ ဒီမြို့နယ်မှာ မျက်မမြင်ရှိမရှိ သတင်းအချက်အလက်အတိအကျမရဘူး။ မျက်မမြင်အသင်းအချို့ကလည်း ပရောဂျက်အနေနဲ့ ပေးမယ်ဆိုတာလုပ်ပေမယ့် ပေးမယ့်သတင်းအချက်အလက်ကို မဖြန့်ဘူးဖြစ်နေတယ်။ UEC ဘက်ကလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ တိုင်းနဲ့ ပြည်နယ်ကတော့ သိရင်သိမယ်။ ခရိုင်နဲ့ မြို့နယ်က အဲ့ဒါတွေမသိဘူးဗျ” ဟု ပြောသည်။

အမြင်အာရုံမသန်စွမ်းသူများအနေဖြင့် မမြင်စာအသုံးပြုကာ ဆန္ဒမဲပေးခြင်းကို ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် စတင်လုပ်ဆောင်ခဲ့ပြီး ထိုစဉ်က မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စံပြမဲရုံအဖြစ် ၁၇ခု ခန့်သာ လုပ်ဆောင်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ မျက်မမြင်များအသင်းမှ သိရသည်။

၂၀၂၀ရွေးကောက်ပွဲတွင် မသန်စွမ်းသူများပါ လက်လှမ်းမီမဲပေးနိုင်မည့် စံပြမဲရုံအရေအတွက်မှာ ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲတုန်းကထက် သိသိသာသာများလာပြီး မြန်မာတစ်နိုင်ငံလုံးတွင် ၁၇ဝ နီးပါးရှိလာကြောင်း မသန်စွမ်းသူများအရေးဆောင်ရွက်နေသူများထံမှ သိရသည်။
မြန်မာနိုင်ငံတွင် မသန်စွမ်းသူဦးရေ ၂၃ သိန်းကျော်နှင့် မဲပေးခွင့်ရှိသူ ရှစ်သောင်းခုနစ်ထောင်ကျော်ရှိကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly