“ဒေါ်အောင်ဆန်းစုကြည် မလောဖို့ လိုတယ်”

“ဒေါ်အောင်ဆန်းစုကြည် မလောဖို့ လိုတယ်”
ဓာတ်ပုံ - ဟောင်ဆာ
 

ရွေးကောက်ပွဲနိုင်တဲ့ အတိုက်အခံနဲ့ ပြည်သူတွေ စိုးရိမ်မယ်ဆိုရင်လည်း စိုးရိမ်စရာပါပဲ။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မယ့်အကြောင်း ပြောလာပြန်ပါပြီ။ ဒီလိုပြောဆိုတာ မထူးဆန်းပေမယ့် အခု ပြောဆိုချက်မှာတော့ ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့တဲ့ စကားတွေနဲ့ ဆက်စပ်နေတာ တွေ့ရတော့ စိုးရိမ်ရတယ်ဆိုတာဟာ စကားအဖြစ်လောက် မကဘူးဆိုတာကတော့ သေချာသွားတဲ့ သဘောပါ။ ဘာတွေ ပြောနေကြတာလဲ၊ ဘာတွေ ဖြစ်နေကြတာလဲ၊ အစိုးရ အကူးအပြောင်း အဆင်ပြေ ချောမွေ့နိုင်ပါ့မလားဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သံတောင်ကြီးတပ်နယ်နဲ့ တောင်ငူတပ်နယ်က အရာရှိ အရာခံ အကြပ်တပ်သားတွေကို တွေ့ဆုံပြောဆိုခဲ့ပြီး အစိုးရပိုင် သတင်းစာတွေနဲ့ တပ်မတော်ပိုင် မြဝတီ သတင်းစာတွေမှာ ဖော်ပြထားတာတွေထဲ အခုကိစ္စလဲ ပါပါတယ်။ “ဥပဒေမှာ နိုင်ငံသားအားလုံးအတွက် ပြဌာန်းချက်ဖြစ်ကြောင်း၊ ဥပဒေကို လေးစားလိုက်နာရမည် ဖြစ်ကြောင်း၊ ဥပဒေအထက်တွင် မည်သူမှ မရှိကြောင်း၊ ဥပဒေ ချိုးဖောက်မှု၊ မသိကျိုးကျွံပြုမှု၊ လက်တစ်လုံးခြား ပြုမှုများသည် ဥပဒေအရ ငြိစွန်းပါက အရေးယူရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ -၂၀ တွင် တပ်မတော်မှ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် ရှိသဖြင့် အခြေခံဥပဒေကို ထိပါးလာမည့် ကိစ္စရပ်များနှင့် တို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရမည် ဖြစ်ကြောင်း၊ စစ်ဘက်ဆိုင်ရာ ဥပဒေများ၊ နယ်ဘက်ဆိုင်ရာ ဥပဒေများနှင့် ထုတ်ပြန်ထားသည့် ဥပဒေများကိုပါ အလေးထား လိုက်နာ စောင့်ထိန်းသွားရန် လိုအပ်ကြောင်း” ဆိုပြီး ဖော်ပြထားပါတယ်။

မပြေးသော်ကံရာရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ပြောကြားချက်ဟာ ပြီးခဲ့တဲ့ရက်ပိုင်း ရွေးကောက်ပွဲပြီးကာစ နိုင်ငံတကာ သတင်းမီဒီယာတွေကို ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့တဲ့ စကားနဲ့ ဆက်စပ်နေပါတယ်။ အားလုံးသိကြပြီဖြစ်တဲ့အတိုင်း အဲဒီကာလ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာတွေကတော့ သူ့အနေနဲ့ ဖွဲ့စည်းပုံအရ သမ္မတလုပ်ခွင့် မရှိပေမယ့် သမ္မတအထက်က နေမယ်၊ အစိုးရအဖွဲ့ကို စီမံခန့်ခွဲမယ်၊ သမ္မတဆိုတာ အမည် ပညတ်လောက်ပဲ။ ဘာလုပ်ပိုင်ခွင့်မှ ရှိမှာမဟုတ်ဘူး၊ ပါတီရဲ့ မူဝါဒ သဘောထားကိုပဲ အကောင်အထည်ဖော်ရလိမ့်မယ်ဆိုတဲ့ စကားမျိုးတွေ ပြောဆိုခဲ့လို့ပါပဲ။ ဒီစကားတွေနဲ့ ပတ်သက်ပြီး လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီမညီ ငြင်းခုံပြောဆိုမှုတွေလည်း ပြည်တွင်း ပြည်ပကနေ ပေါ်ထွက်လာပါတယ်။ အင်န်အယ်လ်ဒီရဲ့ ထပ်ပိုင်းခေါင်းဆောင်တွေနဲ့ အင်န်အယ်လ်ဒီ ဥပဒေပညာရှင်တွေကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်မှာ ဖွဲ့စည်းပုံကို ချိုးဖေါက်တဲ့ သဘောမပါဘူး၊ ဥပဒေနဲ့ မငြိစွန်းဘူးလို့ ပြောဆိုခဲ့ကြပါတယ်။ နောက်ပိုင်း ဖွဲ့စည်းပုံပါ သမ္မတနဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေဟာ ပါတီနဲ့ အဆက်ဖြတ်ရမယ်ဆိုတဲ့ အချက်ကို ထောက်ပြ ပြောဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ဘယ်နေရာက နေမလဲ မေးခွန်းထုတ်လာတဲ့အခါ အင်န်အယ်လ်ဒီ ဥပဒေပညာရှင် တစ်ချို့က ဖွဲ့စည်းပုံကို ပြင်ရမယ်ဆိုတာမျိုး ပြောဆိုတာလည်း ရှိခဲ့ပြန်ပါတယ်။

လက်ရှိ အနေအထားကို ပြန်ပြီး သုံးသပ်ကြည့်ရင် အင်န်အယ်လ်ဒီဟာ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့ပါပြီ။ သမ္မတ ရွေးချယ်နိုင်၊ အစိုးရ ဖွဲ့နိုင်တော့မယ်ဆိုတာလည်း သေချာသလောက် ရှိသွားပါပြီ။ ဒီအခြေအနေအောက်မှာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကနေ သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်နာယက သူရဦးရွှေမန်း၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ သီးခြားစီ တွေ့ဆုံလိုကြောင်း စာပေးပို့ တောင်းဆိုခဲ့သလို၊ သက်ဆိုင်သူတွေကလည်း ရွေးကောက်ပွဲ လုပ်ငန်းစဉ် ပြီးဆုံးရင် တွေ့ဆုံပါ့မယ်လို့ ကတိပြုထားကြပြီ ဖြစ်ပါတယ်။ ဒါ့အပြင် သမ္မတ ဦးသိန်းစိန်က အစိုးရအာဏာကို လွဲှပြောင်းပေးမယ့်အကြောင်း၊ စိတ်မပူကြဖို့ ပြောဆိုထားသလို၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း တပ်မတော် တပ်မှူးတပ်သားတွေကို အာဏာရလာမယ့် အစိုးရအဖွဲ့နဲ့ ပူးပေါင်းလုပ်ကိုင်ကြဖို့ မိန့်မှာ ကြားတာမျိုး ရှိခဲ့ပြီလည်း ဖြစ်ပါတယ်။ ပြောရရင် အခြေအနေ အားလုံးဟာ အဆင်ပြေပြေ ဖြစ်ပေါ် တိုးတက်နေတာပါ။ ဒါ့အပြင် ဒီအခြေအနေတွေ အားလုံးဟာလည်း လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ဘောင်ထဲကနေ ဖြစ်ပေါ် တိုးတက်လာတာတွေပါ။ ဒါ့ကြောင့် နှစ်ပေါင်း ၅၀ ကျော်အတွင်း တစ်ကြိမ်တစ်ခါမှ မပေါ်ပေါက်သေးဖူးတဲ့ ရွေးကောက်ခံ အစိုးရတစ်ရပ်လက်ထဲ အာဏာလွဲှပြောင်းရေး အဆင်ပြေပြေ ဖြစ်အောင် ၂၀၀၈ အခြေခံဥပဒေ ဘောင်ထဲကနေပဲ ဆောင်ရွက်သွားရမှာဖြစ်ပြီး အဲဒါသာ အဆင်ပြေခဲ့ရင် မြန်မာနိုင်ငံ ပြည်သူနဲ့ နိုင်ငံအတွက် အလွန်ကြီးမားတဲ့ အောင်မြင်မှုလို့ ခေါ်နိုင်တဲ့ အနေအထား ရောက်လာမှာ ဖြစ်ပါတယ်။

မှန်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ လုပ်ခွင့်မရအောင် တားမြစ်ထားတဲ့ တရားမျှတမှုမရှိတဲ့ ပုဂ္ဂိုလ်ရေးဆန်တဲ့ ထိုးနှက်မှုတစ်ခု ရှိနေပါတယ်။ ဒီပြဿနာကိုလည်း ဖြေရှင်းဖို့ လိုပါတယ်။ ဒီပြဿနာ ဖြေရှင်းရေးဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ခေါင်းစဉ်အောက်မှာ ရှိနေပါလိမ့်မယ်။ လက်ရှိ အခြေအနေအရ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ဖွဲ့စည်းပုံပါ နည်းလမ်းနဲ့ပဲ လုပ်ကိုင် ဆောင်ရွက်နိုင်မှာဖြစ်ပြီး အဲလို လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ခေါင်းဆောင်တွေ တစ်ဦးနဲ့တစ်ဦး တစ်ဖက်နဲ့တစ်ဖက် နားလည်မှု ရှိလာကြမှ ဖြစ်မှာပါ။ ဒီလို အခြေအနေမျိုး လာမယ့် ၃-၄ လအတွင်း ပေါ်ပေါက်မလာနိုင်သေးဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီဘက်က အထူးနားလည်ဖို့ လိုပါတယ်။ ဒါတင်မက ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စကို လွှတ်တော် စခေါ် ခေါ်ခြင်း ကြိုးစားတာမျိုး မလုပ်မိဖို့လည်း လိုပါတယ်။ လွှတ်တော်နဲ့ အစိုးရအဖွဲ့ထဲမှာ တပ်မတော်နဲ့ အင်န်အယ်လ်ဒီ အတူတကွ အလုပ်လုပ်ရင်း နားလည်မှု တည်ဆောက်နိုင်ပြီဆိုတဲ့ အချိန်ကျမှ လုပ်ကိုင် ဆောင်ရွက်နိုင်ကြမှာပါ။ အထူးသဖြင့် ဒီအခြေအနေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပိုပြီး နားလည်ဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ရင် အစိုးရ အပြောင်းအလဲ ကိစ္စ မချောမမွေ့ ဖြစ်သွားနိုင်ပါသေးကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly