မိုးညှင်းတိုက်ပွဲကြောင့် ရွာသား ၂၀၀ကျော် ထွက်ပြေးတိမ်းရှောင်နေရ

မိုးညှင်းတိုက်ပွဲကြောင့် ရွာသား ၂၀၀ကျော် ထွက်ပြေးတိမ်းရှောင်နေရ

ချင်းမိုင်၊ နိုဝင်ဘာ ၁၇ ။ ။ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်း အစိုးရ စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပြီး တိုက်ပွဲကြောင့် ရွာသား ၂၀၀ ကျော် ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၄ ရက်မှ ယနေ့ထိ မိုးညှင်းမြို့နယ်ရှိ KIA တပ်မဟာ ၈ ဌာနချုပ်ရှိရာတောင်ကုန်းသို့ အစိုးရ စစ်တပ်ဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်လာသဖြင့် အနီးအနားရှိ လယ်၊ ယာ လုပ်ကိုင်နေသော ရွာသားများ မိုးညှင်းမြို့သို့ ထွက်ပြေး တိမ်းရှောင်လာနေသည်ဟု မိုးညှင်းမြို့မှ ဆရာဆိုင်းနော်က ပြောသည်။=

“သူတို့တွေက မိုးညှင်းအနီး တောတောင်တွေမှာ တောင်ယာ လုပ်ကိုင်နေတဲ့ ရွာသားတွေနဲ့ မြို့ပြင်က ရွာတွေက လူတွေဖြစ်ကြတယ်”ဟု သူက ပြောသည်။

မိုးညှင်းမြို့ရှိ ကက်သလစ်ဘုရားကျောင်းတွင် (၆၀)ဦး၊ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတွင် (၁၀၁) ဦး၊ အလိဂန် ဘုရားကျောင်းတွင် (၅၀) ဦး၊ လွတ်လပ်သော ခရစ်ယာန်အသင်းတော်တွင် (၁၀) ဦးတို့ အပါအဝင် စစ်ပြေးဒုက္ခသည် စုစုပေါင်း ၂၀၀ ကျော်ရှိနေပြီ ဖြစ်ကြောင်း သူက ပြောသည်။

ယနေ့ နိုဝင်ဘာလ ၁၇ ရက်တွင် အစိုးရ စစ်တပ်မှ မိုးညှင်းဗျူဟာမှူးမှ မိုးညှင်းမြို့ အုပ်ချုုပ်ရေးမှူးရုံးသို့ ဘာသာပေါင်းစုံမှ တာဝန်ရှိသူများအား ခေါ်ယူ၍ မည်သူမျှ မြို့ပြင်သို့ မထွက်ရန်၊ အကယ်၍ မြို့ပြင်သို့ ထွက်ပါက ပစ်ခတ်မည်ဟု သတိပေးပြောဆိုခဲ့သည်ဟု ဒေသခံများက ပြောသည်။

အစိုးရစစ်တပ်နှင့် KIA တပ်တို့အကြား ယနေ့တွင် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပြီး ညနေပိုင်းတွင် လက်နက်ကြီးသံများ ကြားနေရသလို၊ မိုးညှင်းမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာသော ရွာသားများ ရှိသည်ဟု သိရသော်လည်း အသေးစိတ်မသိရသေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ ပြည်နယ်လွှတ်တော်အမှတ် (၁) ကိုယ်စားလှယ်လောင်း ဦးတင်အေးက မဇ္ဈိမကို ပြောသည်။

“ ဒီနေ့က ညနေပိုင်း လက်နက်ကြီး ၆ ချက်လောက် ထုနေတာတော့ ကြားနေရတယ်။ ရွာသားတွေ ကက်သလစ်ဘုရားကျောင်းတွေမှာ ရောက်နေတယ်လို့တော့ကြားတယ်။ အဲဒီမှာ ဒါဝယ်နဲ့ ဒညှင်းသူ ဆိုတဲ့ရွာနှစ်ရွာ ရှိတယ်။ တိုက်ပွဲက မရပ်သေးဘူး ပြောရမယ်။ ဘာလို့လဲဆိုတော့ အစိုးရ စစ်ကြောင်းတွေက မနေ့ညကလည်းတက်တယ်။ ဒီနေ့လည်း ကားတွေနဲ့ တက်နေတယ်။ တပ်ရင်းကတော့ ၃၈၅၊ ၃၈၆ ပေါ့။ ဟိုမှာတော့ ခုခံနေတဲ့သဘောရှိတယ်”ဟု သူက ပြောသည်။

“မြို့ပေါ်ကလူတွေကတော့ ကျနော်တို့ကချင်ပြည်နယ်မှာကတော့ တိုက်ပွဲတွေ ရိုးသွားပြီ။ ဒီကြားထဲမှာ တိုက်ပွဲအသံမကြားတော့ဘူး။ အခုမှ တိုက်ပွဲအသံကြားတော့ ကချင်မှာက ရိုးသွားပါပြီ”ဟု သူက ပြောသည်။

လက်ရှိ တိုက်ပွဲ ဖြစ်ပွားနေသော မိုးညှင်းမြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိခဲ့သည်မှာ ၃၊၄ နှစ်ကြာပြီ ဖြစ်ရာမှ ယခုနှစ် ရွေးကောက်ပွဲ ကျင်းပပြီးနောက် နိုဝင်ဘာလ ၁၄ ရက်မှ စတင်၍ အစိုးရစစ်တပ်က KIA တပ်မဟာ ၈ ဌာနချုပ် ရှိရာသို့ ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု KIA က ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က နိုဝင်ဘာလ ၁၆ ၇က်က ပြောဆိုခဲ့သည်။

တိုက်ပွဲဖြစ်ပွားသည့် အကြောင်းရင်းနှင့် ပတ်သက်၍ မိုးညှင်းတွင် ကေအိုင်အေမှ ထောင်ထားသည့် မိုင်းပေါက်ကွဲမှု ၁၂ကြိမ်ဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူ နှစ်ဦး သေဆုံးကာ ၁၆ဦး ဒဏ်ရာရခဲ့သည့်အတွက် နိုဝင်ဘာ ၁၅ရက် နေ့လည်က တပ်မတော်က နယ်မြေရှင်းလင်းရာမှ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

ယင်းအပြင် နိုဝင်ဘာ ၁၆ရက်က ကေအိုင်အေက အင်းအားများ ထပ်မံပူးပေါင်းတိုက်ခိုက်မှုကြောင့် နေ့လည်ပိုင်းတွင် တပ်မတော် (လေ)က လေကြောင်းပစ်ကူဖြင့် တိုက်ခိုက်ပေးခဲ့ပြီး မိုးညှင်းမြို့အနီးရှိ အမြောက်စခန်းများမှလည်း အမြှောက်များဖြင့် ပစ်ကူ တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။ တိုက်ပွဲအတွင်း အစိုးရဘက်မှ စစ်သည်အချို့ အသက်ပေးခဲ့ရပြီး ဒဏ်ရာရမှုများလည်းရှိသည်ဟု တပ်မတော်က ထုတ်ပြန်ထားသော်လည်း ကျဆုံးမှု အတိအကျကိုတော့ ထုတ်ပြန်ခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags