ဦးသိန်းစိန် လက်အောက်တွင်သာ နိုင်ငံတည်ငြိမ်နိုင်ဟု ဦးဝီရသူမိန့်

ဦးသိန်းစိန် လက်အောက်တွင်သာ နိုင်ငံတည်ငြိမ်နိုင်ဟု ဦးဝီရသူမိန့်

မြန်မာနိုင်ငံ၏ အခြေအနေမှာ သမ္မတဦးသိန်းစိန်လက်အောက်တွင်သာ တည်ငြိမ်မှုရှိလိမ့်မည်ဟု ရွေးကောက်ပွဲရလဒ်အပေါ် အံ့သြ စိတ်ပျက်သည့် ဦးဝီရသူက မိန့်ကြားသည်။

"မြန်မာနိုင်ငံက သမ္မတဦးသိန်းစိန်လက်အောက်မှာသာ တည်ငြိမ်မှုရှိပါလိမ့်မယ်။ သမ္မတဦးသိန်းစိန်ကပဲ ရခိုင်က မွတ်စလင်တွေကို ထိန်းနိုင်မှာဖြစ်ပါတယ်။"ဟု မစိုးရိမ်ကျောင်းတိုက်တွင် သည်နေးရှင်းက အင်တာဗျူးရာ၌ ဦးဝီရသူက မိန့်ကြားခဲ့သည်။ ဦးဝီရသူက အကြမ်းဖက်ပဋိပက္ခများကြောင့် သေကျေပျက်စီးမှုများ၊ နေရပ်ပြောင်းရွှေ့ရသူများ ထောင်ပေါင်းများစွာရှိခဲ့သည့် ရခိုင်ပြည်နယ်အခြေအနေကို ရည်ညွန်းကာ မိန့်ကြားခြင်းဖြစ်သည်။

ဦးဝီရသူနှင့်အတူ အမျိုးဘာသာစောင့်ရှောက်ရေးအသင်း မဘသအဖွဲ့တို့သည် လွှတ်တော်တွင် မွတ်စလင်အခွင့်အရေးအပေါ် တင်းကြပ်သည့် ဥပဒေများကို အတည်ဖြစ်ရန် တွန်းတိုက်လှုပ်ဆောင်ခဲ့သည်။ ရဟန်းဘဝဖြင့် ၂၈ နှစ် နေထိုင်ခဲ့သူ ဦးဝီရသူက ဘာသာရေးနှင့် ပတ်သက်ကာ ဝေဖန်မှုများ ရှိထားသော်လည်း ဗုဒ္ဓဘာသာတစ်ဦးအနေဖြင့် မွတ်စလင်များအတွက် ရန်လိုမုန်းထားစိတ်မရှိကြောင်း အခိုင်အမာဆိုသည်။

"မဘသက ဘာလုပ်လဲဆို၊ ပြည်သူတွေပတ်လည်မှာ အန္တရာယ်ပုန်းတွေရှိနေတယ်ဆိုတာကို ရိုးရိုးရှင်းရှင်း သတိပေးတာပါပဲ။"ဟု ဦးဝီရသူက ဆိုသည်။

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာအတွက် ကာကွယ်မှု လိုအပ်ကြောင်း ဦးဝီရသူက အခိုင်အမာ မိန့်သည်။ "နိုင်ငံကို ကာကွယ်ဖို့ စစ်တပ်ကို လိုပါတယ်။ ပြီးတော့ ဘာသာသာသနာကို ကာကွယ်ဖို့ မဘသအဖွဲ့က လိုအပ်ပါတယ်။"ဟု မိန့်သည်။

မြန်မာနိုင်ငံ၏ အခြေအနေကိုလည်း တောရိုင်းဆင်များ ချင်းနင်းကျုးကျော်လာသည့် ကျေးရွာတစ်ရွာနှင့် ဥပမာပေးခိုင်းနှိုင်းပြသည်။ "တောင်ဆင်ရိုင်းတွေက ပတ်လည်ဝိုင်းနေတယ်။ ပြည်သူတွေကို အိမ်ထဲမှာနေပြီး တံခါးတွေ ပိတ်ထားဖို့ ပြောရပါမယ်။ ဆင်တွေကို သွားပြီး ထိခိုက်အောင် လုပ်ဖို့ ပြောနေတာ မဟုတ်ပါဘူး။"ဟု ရှင်းပြသည်။

သို့သော် နိုင်ငံလူဦးရေ၏ ငါးရာခိုင်နှုန်းအောက်တွင်သာ ရှိသေးသည့် မွတ်စလင်များက လက်ရှိတွင် မြန်မာနိုင်ငံအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်နေသည်ဟု ပြောကြားရန်အတွက်မူ ဦးဝီရသူက တုံ့ဆိုင်းနေခြင်းမရှိပေ။ မွတ်စလင်အမျိုးသားများနှင့် ဗုဒ္ဓဘာသာအမျိုးသမီးများ လက်ထပ်ပေါင်းသင်းပြီးနောက် အစ္စလာမ်ဘာသာသို့ အတင်းအဓမ္မ ကူးပြောင်းခြင်းများ ခံနေရကြောင်းကို ဦးဝီရသူက ထောက်ပြပြောဆိုသည်။ ရခိုင်တွင် ရိုဟင်ဂျာဆိုသူများက အစ္စလာမ်နိုင်ငံ ထူထောင်မည်ဟုလည်း ရှုမြင်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး သဘောထားအမြင်ကို မေးမြန်းရာတွင် "NLD ရွေးကောက်ပွဲနိုင်ခဲ့ရင် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ကို ထိန်းနိုင်လိမ့်မှာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်က မွတ်စလင်များအခွင့်အရေးအတွက် ပိုပြီး ကတိစကားများ ပေးပါတယ်။"ဟု မိန့်သည်။

ထိုပြင် ဦးဝီရသူက ဖွဲ့စည်းပုံပြင်ဆင်ရေး မည်သည့် ကြိုးပမ်းမှုမဆို ဆန့်ကျင်သတိပေးထားသည်။ ဖွဲ့စည်းပုံပြင်ဆင်ခြင်းက ပြင်းထန်သည့် ပဋိပက္ခများကို ပေါ်ပေါက်စေမည်ဖြစ်ကြောင်း အခိုင်အမာပြောသည်။ "ထိုင်းနိုင်ငံမှာလို ရှပ်နီ၊ ရှပ်ဝါကြား ထိပ်တိုက်တွေ့မှုတွေလိုမျိုး ပဋိပက္ခတွေနဲ့ အဆုံးသတ်သွားနိုင်တယ်။"ဟု မိန့်ကြားသည်။

"မြန်မာပြည်သူတွေက ပြုပြင်ပြောင်းလဲရေးအတွက် ဆန္ဒပြင်းပြနေကြတယ်။ ဒါပေမယ့် ဒီလိုအခြေအနေမျိုးမှာ ပြောင်းလဲရေးဆိုတာက အရမ်းအန္တရာယ်များတယ်။ ကြိုးတန်းပေါ်လမ်းလျှောက်နေသလိုပဲ။ ဘာတွေဖြစ်လာနိုင်တယ်ဆိုတာ ဘယ်သူမှ မသိဘူး။ အီဂျစ်လို အဆုံးသတ်သွားနိုင်ပါတယ်။"ဟုလည်း ဦးဝီရသူက မိန့်ကြားထားခဲ့သည်။

Ref: The Nation

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly