အပစ်ရပ်စာချုပ် အကောင်ထည်ဖော်ရေးအစည်းအဝေးမှာ သူတို့ပြောကြားတဲ့မိန့်ခွန်း

အပစ်ရပ်စာချုပ် အကောင်ထည်ဖော်ရေးအစည်းအဝေးမှာ သူတို့ပြောကြားတဲ့မိန့်ခွန်း

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အစည်းအဝေးကို နိုဝင်ဘာ ၁၇ရက်က နေပြည်တော်ရှိ Horizon Lake View hotel ၌ စတင်ကျင်းပနေပြီဖြစ်သည်။ 

အစည်းအဝေးသို့ဒုသမ္မတ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး လုပ်ငန်းကော်မတီ (UPWC) ဥက္ကဋ္ဌ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဒုတိယဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေး မစတင်ပြီ အစိုးရဘက်မှ UPDJC ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နှင့် UPDJC ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ တိုင်းရင်းသားဘက်က ဖဒိုကွယ်ထူးဝင်း နှင့် ခွန်ဥက္ကာတို့က အဖွင့်မိန့်ခွန်းများ ပြောကြားခဲ့သည်။ 

ဝန်ကြီး ဦးအောင်မင်းပြောကြားသည့် မိန်းခွန်း ... 

ဒုတိယ သမ္မတကြီးပြောသွားသလိုပါပဲ ။ ကျွန်တော်တို့အစိုးရကျန်ရှိနေတဲ့ သတ်တမ်းအတွင်းမှာ NCA ရဲ့ သဘောတူညီမှုတွေအတိုင်း အပြည့်အဝအကောင်အထည်ဖော်သွားနိုင်အောင် ကြိုးစားသွားမှာ ဖြစ်ပါတယ်။ နောင်တက်လာမယ် အစိုးရအသစ်အတွက် ုငြိမ်ချမ်းးရေးလုပ်ငန်းစဉ်များနဲ့ ပတ်သက်ပြီး အခြေခဲအုတ်မြစ်တွေကို ခိုင်ခိုင်မာမာ ချသွားမှာ ဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း အန်င်စီအေကို အောက်တိုဘာ ၁၅ ရက်မှာ နိုင်ငံတော်စိုးရနဲ့ တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့တို့ လက်မှတ်ထိုးပြီးခဲ့ကြပါတယ်။ 

အန်င်စီအေရဲ့ ပထမဆုံးအကောင်အထည်ဖော်ရမယ့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်ဆဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝး JICM ကို နိုင်ငံတော်သမ္မတက အောက်တိုဘာ ၁၅ ရက်နေ့မှာ ဖွင့်လှစ်ကျင်းပပေးခဲ့ခြင်းဖြစ်ပါတယ်။ JICM ကို အေက်တိုဘာ ၁၆ ၁၇ ရက်နေ့တွေမှာ ဒုတိယ သမ္မတကြီး ဒေါက်တာစိုင်းမောက်ခန်း ဦးဆောင်ပြီး ဆက်လက်ကျင်းပခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC တို့ကို ဖွဲ့စည်းခဲ့ပါတယ်။ JMC အနေနဲ့ Code of conduct ကိုရေးဆွဲပြီးဖြစ်တယ်ဆိုတာ သိရပါတယ်။ ဒါ့အပြင် JMC အဆင့်ဆင့်ရဲ့ လုပ်ငန်းလမ်းညွှန်တွေကို လည်း ညှိနှိုင်းရေးဆွဲပြီးဖြစ်လို့ မကြာခင်မှာ JMC လုပ်ငန်ေးတွ စတင်နိုင်တော့မယ်လို့ မျှော်လင့်ရပါတယ်။ 

JMC လုပ်ငန်းတွေကတော့ အစိုးရအပြောင်းအလဲ မှာ ဒီအတိုင်းဘဲ ဆက်ရှိသွားမှာ ဖြစ်ပါတယ်။ ဒါကိုအမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့ ကျွန်တော်တို့ အစိုးရလက်ထက်မှာ အစွမ်းကုန် ကြိုးစားသွားပါမယ်။ နိုင်ငံတကာဘက်ကလည်း JMC လုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်ဖို့ ကူညီဆောင်ရွက်သွားမယ်လို့ ကျွန်တော်တို့ကို ဆွေးနွေးထားပါတယ်။ JMC အလုပ်အဖွဲ့ကို အမြန်ဆုံးအကောင်အထည်ဖော်ပြီး JMC ကို ဆက်လက်လုပ်ဆောင်သွားကြဖို့ တိုက်တွန်းလိုပါတယ်။ 

UPDJC ဖွဲ့စည်းမှုကို အစိုးရကိုယ်စားလှယ်များ၊ လက်နက်ကိုင်တိုင်းရင်းသားကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ အချိုးတူ ၁၆ ဦးစီဖွဲ့စည်းဖို့ သဘောတူညီခဲ့ကြပါတယ်။ ယခုအခါ အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၆ ဦးစီဖွဲစည်းခဲ့ပြီး ဖြစ်ပါတယ်။ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် ၁၆ ဦးရရှိဖို့အတွက် နိုဝင်ဘာ ၁၂ ရက်နေ့ MPC မှာ နိုင်ငံရေးပါတီများနဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ယခုလာမယ့် နိုဝင်ဘာလ ၂၁ ရက်နေ့မှာ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် ၁၆ ဦးရွေးနိုင်ဖို့ ဖိတ်ကြားခဲ့ပြီး ရန်ကုန်တိုင်ဒေသကြီး အစိုးအဖွဲ့ရုံးမှာ အစည်းအဝေးကျင်းပသွားမှာဖြစ်ပါတယ်။ 

နိုင်ငံရေးပါတီကိုယ်စားလှယ် ၁၆ ဦးရရင် UPDJC ဖွဲ့စည်းမှု ပြီးပြည့်စုံပြီဖြစ်ပါတယ်။ အဲဒီ့ကနေ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ရေးဆွဲရေးကို ဆက်လက်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ဒီအတွက်လည်း နိုဝင်ဘာ ၂၄ ရက်နေ့မှာ အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ နိုင်ငံရေးပါများမှ ကိုယ်စားလှယ် ၁၆ ဦးစီ စုစုပေါင်း ၄၈ ဦးပါဝင်တဲ့ သုံးပွင့်ဆိုင် UPDJC ကော်မတီကို တွေ့ဆုံနိုင်အောင် ကြိုးစားဆောင်ရွက်လျက် ရှိပါတယ်။ ဒီနေ့ JICM အစည်းအဝေးအပြီးမှာ JMC နဲ့ UPDJC သီးခြားဆက်လက်ဆွေးနွေးဖို့ ဖြစ်ပါတယ်။ ဆွေးနွေးကြမယ့် ကိစ္စတွေကတော့ JMCကရေးဆွဲထားတဲ့ Code of Conduct နဲ့ လုပ်ငန်းလမ်းညွှန်တွေကို JICMက အတည်ပြုပေးမှာဖြစ်ပါတယ်။ UPDJC အတွက်ကတော့ နိုင်ငံရေးပါတီများပါဝင်ရေး ကိစ္စ၊ အင်စီအေကိုအခြေခံပြီးဆောင်ရွက်ရမယ့် နိင်ငံရေးဆွေးနွေးပွဲ ကိစ္စရပ်များနဲ့ နိုင်ငံရေးဆွေးနွေးပွဲမူဘောင် အချိန်မှီပေါ်ပေါက်လာရေးကိစ္စတို့ကို ဆွေးနွေးမှာဖြစ်ပါတယ်။ သီးခြားစီ JMC…UPBJC ကော်မတီတွေ ဆွေးနွေးပြီးရင် မနက်ဖြန်မှာ JICM အစည်းအဆက်လုပ်ပြီးဆုံးဖြတ်ချက်များ အတည်ပြုချက်များ ချမှတ်ပေးဖို့ဖြစ်ပါတယ်။ ဒါမှသာ အင်စီအေ Timeline အတိုင်း ၂၀၁၅ ဒီဇင်ဘာ ၁၄ ရက်မတိုင်ခင် မူဘောင်ဆိုင်ရာဆွေးနွေးပွဲတွေ စနိုင်ပါလိမ့်မယ်။ မူဘောင်ဆိုင်ရာဆွေးနွေးအတည်ပြုနိုင်ဖို့ ဖြစ်ပါတယ်။ ဒီလိုပဲ အန်င်စီအေ ကတိကဝတ်တွေအတိုင်း ၂၀၁၆ ခုနစ် ဇန်နဝါရီ ၁၄ ရက်မတိုင်မှီ ပထမဆုံးအကြိမ် ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကြီးကို စတင်ဖို့ဖြစ်ပါတယ်။ ဒါမှသာ နောက်ဆက်ပြီး တာဝန်ယူမယ့် အစိုးရအဖွဲ့ကို ငြိမ်းချမ်းရေးအခြေခံကောင်း အုတ်မြစ်တွေ ချပေးနိုင်မှာဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ကျွန်တော်တို့ အစိုးရသက်တမ်းမှာ အန်င်စီအေစာချုပ်ကို မချိုးမဖောက်ဘဲ အကောင်အထည်ဖော်သွားဖို့ သံဓိဋ္ဌာန် ချမှတ်ထားပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေ အကောင်အထည်ဖော်ဖို့ ဆက်လက်ကြိုးစားမှာဖြစ်သလို အပစ်အခတ်ရပ်စဲရေး ခိုင်မာရေးကိစ္စရပ်များနဲ့ ကျန်ရှိနေသေးတဲ့ အဖွဲ့တွေကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ခိုင်ခိုင်မာမာ ပါဝင်လာအောင် ဆက်လက်လုပ်ဆောင်သွားမယ်ဆိုတာ ပြောကြားလိုပါတယ်။

 

ဦးခွန်ဥက္ကာပြောကြားသည့် မိန့်ခွန်း .....

ကျွန်တော်တို့ NCA စာချုပ်ပေါ်မှာ ဗဟိုပြုပြီးတော့ ကြိုးပမ်းလာတာဟာ နှစ်နှစ်၊ သုံးနှစ် ကာလမှာ ယုံကြည်မှုတည်ဆောက်နိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ EAO ရှစ်ဖွဲ့နဲ့ ပြည်ထောင်စုအစိုးရတို့ဟာ အတူတကွ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် NCA ဟာ အသက်ဝင်လာတဲ့အပေါ်မှာ ပြည်ထောင်စုတစ်ဝှမ်းလုံးမှာလည်း အာဏာသက်ရောက်မှုရှိလာတယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ 

ဒီအာဏာသက်ရောက်မှုအရလုပ်ဆောင်ချက်တွေဟာလည်း အခုချိန်မှာထိထိရောက်ရောက် ဖြစ်လာတာကိုတွေ့ရတာ ဝမ်းသာပါတယ်။ ဒီNCA ပါ ပြဋ္ဌာန်းချက်များအရ ကျွန်တော်တို့ JICM အစည်းအဝေးခေါ်ယူခြင်း၊ JICM အစုအဖွဲ့စုဖွဲ့လုပ်ဆောင်ခြင်းနဲ့ UPDJC စုဖွဲ့လုပ်ခြင်းများဟာ ပြီပြီပြင်ပြင်ဖြစ်လာပြီးတော့ တစ်စုံတစ်ရာလည်း အကောင်အထည်ဖော်နေပြီလို့တွေ့ရပါတယ်။ 

ပြည်ထောင်စုအစိုးရဘက်က သမ္မတကြီးအပါအဝင် ကာကွယ်ရေးဦးစီးချုပ်တို့ဦးဆောင်ပြီး NCA အပေါ်မှာ အပြည့်အဝ ပါဝင်လက်မှတ်ရေးထိုးခြင်းဟာ အင်မတန်မှခိုင်လုံတဲ့ ကတိကဝတ်တွေဖြစ်တယ်လို့ မိမိတို့အနေနဲ့ အလေးအနက်ယုံကြည်ပါတယ်။ ဒီလိုအပြန်အလှန်စောင့်ထိန်းအပ်သော ကတိကဝတ်တွေကနေပြီးတော့ ပေါ်ထွက်လာတဲ့ ရလဒ်ကောင်းတွေကို ကျွန်တော်တို့ပြည်သူတွေအားလုံနဲ့ နိုင်ငံတကာကလည်း အထူးအလေးထားစောင့်ကြည့်နေပါတယ်လို့ ကျွန်တော်တို့တင်ပြလိုပါတယ်။ 

တစ်ခုပဲရှိတာက ခုနကကျွန်တော်တို့ ဒုသမ္မတကြီးပြောသလိုပဲ အချို့အဖွဲ့အစည်းတွေဟာ အကြြောင်းအမျိုးမျိုးကြောင့် ကျန်ရစ်တာရှိပါတယ်။ ဖိတ်ခေါ်ခြင်းခံထားရသော်လည်းပဲ NCA မှာပါဝင်လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးတဲ့ အဖွဲ့အစည်းတွေကတော့ ဒီလုပ်ငန်းစဉ်တွေမှာပါဝင်လာနိုင်ဖို့ သဘောထားကြီးကြီးနဲ့ထပ်မံဖိတ်ခေါ် စေချင်ပါတယ်။ ပြည်ထောင်စုအကြီးအကဲများ၊ တပ်မတော်အကြီးအကဲများအနေနဲ့ စိတ်ရှည်သည်းခံပြီးတော့ အကြိမ်ကြိမ်ထပ်မံဖိတ်ခေါ်ခြင်းဟာ ငြိမ်းချမ်းရေးကို ဘယ်လောက်အလေးထားတယ်ဆိုတာ သက်သေပြရာရောက်ပါတယ်။ ထို့ပြင်လည်းပဲ လက်တလောစစ်ပွဲများနဲ့ စစ်ဆင်ရေးများနဲ့ ရန်လိုမှုများကို လျော့ချရပ်ဆိုင်းပေးခြင်းအားဖြင့် မေတ္တာစေတနာကို ပေါ်လွင်ထင်ရှားစေမှာဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်တို့ ရေးထိုးပြီးခဲ့တဲ့ NCA ထဲမှာ COHA ကိုဟာဆိုတဲ့ အစိတ်အပိုင်းပါဝင်တယ်လို့ယုံကြည်ထားလို့ပဲဖြစ်ပါတယ်။ 

ဒုတိယသမ္မတကြီးနဲ့ ခေါင်းဆောင်ကြီးများနဲ့ လုပ်ဖော်ကိုင်ဖက်များခင်ဗျာ... ကျွန်တော်ဟာ ပအိုဝ်းလူမျိုးတစ်ယောက်ဖြစ်ပါတယ်။ ပအိုဝ်းအဖွဲ့အစည်းတစ်ရပ်အနေနဲ့ တာဝန်ယူနေပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့၊ တပ်မတော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ခွင့်ရတာဟာ ဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့နဲ့ ဘဝတူလုပ်ဖော်ကိုင်ဖက်များသည်ပင်လျှင် ရံဖန်ရံခါ အမြဲတမ်းတော့မဟုတ်ပါဘူး၊ ရံဖန်ရံခါ လူမျိုးငယ်အဖွဲ့အစည်းငယ်များအပေါ်မှာ တန်းတူဆက်ဆံမှုမျိုး ရံဖန်ရံခါအားနည်းမှုမျိုးကျွန်တော်တို့ တွေရှိရလို့ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ PNLO အပါအဝင် လက်မှတ်ရေးထိုးပြီးတဲ့ ရှစ်ဖွဲ့အနေနဲ့ NCA အကောင်အထည်ဖော်ရေးမှာ အချိန်ပိုယူပြီးတော့ အလေးအနက်ထားပြီးတော့ အလုပ်လုပ်နိုင်မယ့်အခြေအနေ ပေါ်ပေါက်လာပါတယ်။ 

ဒါ့ကြောင့် နိုင်ငံရေးမူဘောင်ရေးဆွဲအတည်ပြုရေးကိစ္စရပ်များမှာသော်လည်းကောင်း၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကိစ္စရပ်များမှာသော်လည်းကောင်း အောင်အောင်မြင်မြင် တာဝန်ထမ်းဆောင်နိုင်ဖို့ ကတိပြုခြင်းနဲ့ နိဂုံးချုပ်တင်ပြအပ်ပါတယ်။

 

ဖဒိုကွယ်ထူးဝင်း ပြောကြားသည့်မိန့်ခွန်း ....

လေးစားအပ်ပါသော နိုင်ငံတော်ဒုတိယသမ္မတနှင့်တကွ ဒုတိယအကြိမ်မြောက် ညှိနှိုင်းအစည်းအဝေး JICMကို တက်ရောက်လာကြတဲ့ နိုင်ငံတော်အစိုးရမှ ခေါင်းဆောင်ကြီးများ၊ တပ်မတော် လွှတ်တော်ကိုယ်စားလှယ်ခေါင်းဆောင်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ နှစ်ဖက်မှ အကြံပေးပုဂ္ဂိုလ်များ အလုပ်အဖွဲ့ဆောင်များနဲ့ သတင်းမီဒီယာသမားများအားလုံး ရှေးဦးစွာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာပါစေကြောင်း ဆန္ဒပြု မေတ္တာပို့သ အပ်ပါတယ်။ 

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက် NCAပါ သဘောတူညီချက်များကို အကောင်အထည်ဖော်ရာအတွက် အခုကျင်းပတဲ့ ဒုတိယအကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်အဝေးဟာ အရေးကြီးပြီး ဒီအစည်အးဝေးမှာ ရရှိလာတဲ့ သဘောတူညီချက်များ၊ အတည်ပြုချက်များဟာ အနာဂတ် NCAကို အကောင်အထည်ဖော်နိုင်ရေးအတွက် အင်မတန်မှအရေးကြီးသည့် ဆုံးဖြတ်ချက်များ အတည်ပြုခြင်းများ ဖြစ်မှာ ဖြစ်ပါတယ်။ စာချုပ်ပါ သဘောတူညီချက်များအကောင်အထည်ဖော်ဆောင်ရွက်ရမယ့် လုပ်ငန်းများကို သတ်မှတ်သည့်အချိန်အတွင်း ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန် အလွန်မှ အရေးကြီးလှပါတယ်။ NCAပါ သဘောတူညီချက်များကို မချိုးဖောက်မိရန်လည်း လိုအပ်ပါတယ်။ အချိန်ကန့်သတ်မှု များစွာရှိသော်လည်း ယခုအချိန်ထိ NCAပါ သဘောတူညီချက်များကို မိမိတို့နှစ်ဖက်မှ တာဝန်ရှိပုဂ္ဂိုလ်များရဲ့ ပြောဆိုဆောင်ရွက် အကောင်အထည်ဖော်မှုများဟာ အလွန်တရာမှ အားရကျေနပ်မိပါတယ်။ 

ရှေ့ဆက်လက်ပြီး NCAစာချုပ်ပါ သဘောတူညီချက်များဖြစ်တဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာအောင်ဆောင်ရွက်မည့်လုပ်ငန်းများနဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးများဖြစ်ပေါ်လာရေးလုပ်ငန်းများဟာ အလွန်မှအရေးကြီးတဲ့လုပ်ငန်းများဖြစ်ပါတယ်။ 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတို့ဟာ မိမိတို့အမျိုးသားကို ကိုယ်စားပြုပြီး မိမိတို့အမျိုးသားတို့ရဲ့ နိုင်ငံရေး လိုလားချက်များကို လိုအပ်မှုအရ လက်နက်ကိုင်နည်းလမ်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပေမယ့်လည်း နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးရေးနည်းဖြင့်သာ အဖြေရနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။ ဒီယုံကြည်မှုအတိုင်းလည်း ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဟာ အစိုးရအဆက်ဆက်မှာ နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပေါ်ရေးအတွက် အစဉ်တစိုက် တောင်းဆိုလာကြပါတယ်။ သို့သော်လည်း ကျွန်တော်တို့ တောင်းဆိုသလို လွန်ခဲ့တဲ့အချိန်ကာလမှာ အကောင်အထည်မပေါ်ခဲ့ပါဘူး။ ယခု တစ်ပြည်လုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ် NCAမှာ လက်မှတ်ရေးထိုးတဲ့ နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဟာ စာချုပ်ပါ သဘောတူညီချက်များကို တစ်ဆင့်ပြီးတစ်ဆင့် အတူတကွ ညှိနှိုင်းပူးပေါင်းအကောင်အထည်ဖော်ခြင်းအားဖြင့် ယခုဖြစ်ရှိနေတဲ့ လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်နိုင်မှာ ဖြစ်ပါတယ်။ 

ကျွန်တော်တို့မျှော်မှန်းတဲ့ တွေ့ဆုံဆွေးနွေးရေးလည်း ဖြစ်ပေါ်လာမှာဖြစ်ပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲမှတစ်ဆင့် မိမိတို့တိုင်းရင်းသားလိုလားတဲ့ ကျွန်တော်တို့နိုင်ငံနဲ့ သင့်တော်တဲ့ ဒီမိုကရက်တစ်ဖက်ဒရယ်စနစ်ကို အခြေခံထားတဲ့ ပြည်ထောင်စုကို တည်ဆောက်သွားနိုင်မှာ ဖြစ်ပါတယ်။ တက်ရောက်လာတဲ့ ခေါင်းဆောင်ကြီးများအားလုံး၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ပါ သဘောတူညီချက်အတိုင်း ပါဝင်သင့်၊ ပါဝင်ထိုက်တဲ့ သူများအားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲမှတစ်ဆင့် ကျွန်တော်တို့ နိုင်ငံတော်ရဲ့အနာဂတ် အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ ဝိုင်းဝန်းကြိုးပမ်းကြပါလို့ တိုက်တွန်းနှိုးဆော်ရင်း နိဂုံးချုပ်အပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags