အမေရိကန်၏ ပြည်နယ် တစ်ဝက်ကျော်က ဆီးရီးယားဒုက္ခသည်များကို လက်ခံရန်ငြင်းဆန်

အမေရိကန်၏ ပြည်နယ် တစ်ဝက်ကျော်က ဆီးရီးယားဒုက္ခသည်များကို လက်ခံရန်ငြင်းဆန်

ဝါရှင်တန်၊ နိုဝင်ဘာ-၁၇ ။            ။ အငြင်းပွားဖွယ် ရွှေ့ပြောင်းအခြေချပြဿနာနဲ့ ပတ်သက်လို့ ဖက်ဒရယ်အစိုးရကသာ နောက်ဆုံး ဆုံးဖြတ်ရမှာဖြစ်ပေမယ့်လည်း အမေရိကန်နိုင်ငံ၏   ပြည်နယ်အုပ်ချုပ်ရေးမှူး တစ်ဝက်ကျော် ၂၆ပြည်နယ်ကမူ ဆီးရီးယားဒုက္ခသည်များကို ၎င်းတို့၏ ပြည်နယ်များအတွင်းသို့ ရွှေ့ပြောင်းအခြေချမှုကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့ကြသည်။

ဒုက္ခသည်များ ဝင်ရောက်ခွင့်ပြုခြင်းကို ဆန့်ကျင်နေကြသည့် ပြည်နယ်များမှာ အလာဘားမားနှင့် ဂျော်ဂျီယာ၊ တက္ကဆက်နှင့် အရီဇိုးနား၊ မီချီဂန်နှင့် အီလီနွိုက်စ်၊ မိန်းနှင့် နယူး ဟင့်ပရှိုင်းယားတို့   ဖြစ်သည်။ ငြင်းဆန်သည့် ပြည်နယ်၂၆ခုအနက် ပြည်နယ်တစ်ခုသာလျှင် ရီပတ်ဘလီကင် အုပ်ချုပ်ရေးမှူးဖြစ်သည်။

ပါရီအကြမ်းဖက်တိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်နေသည်ဟု ယုံကြည်ရသည့် သံသယရှိသူများအနက်မှ အနည်းဆုံးတစ်ဦးမှာ ဆီးရီးယားဒုက္ခသည်များနှင့်ရော၍ ဥရောပသို့ ဝင်ရောက်လာခဲ့သည်ဟု အာဏာပိုင်များက ထုတ်ဖော်ပြောကြားခဲ့ပြီးနောက်ပိုင်းတွင် ယခုကဲ့သို့ အမေရိကန်ပြည်နယ်များက ဆီးရီးယားဒုက္ခသည်များ ဝင်ရောက်ခွင့်ကို ငြင်းဆန်ကြောင်း ကြေညာချက်များ ထွက်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။

ထိုသံသယရှိသူမှာ သူ့ကိုယ်သူ အာမတ် အယ်လ် မူဟမ္မတ်ဟု အမည်ရသည့် ဆီးရီးယားနိုင်ငံသားတစ်ယောက်အဖြစ် ဟန်ဆောင်ကာ အောက်တိုဘာလအစောပိုင်းက ဂရိနိုင်ငံသို့ ဝင်ခွင့်ရခဲ့သူဖြစ်သည်ဟု ဆိုသည်။

ပြည်နယ်အုပ်ချုပ်ရေးမှူးအချို့က နိုင်ငံတော်စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ပြန်လည်နေရာချထားသည့် ဆီးရီးယားဒုက္ခသည်များကို လက်ခံရန် ငြင်းဆန်မည် (သို့မဟုတ်ပါက) ဖြစ်နိုင်ဖွယ်ရှိသည့် လုံခြုံရေးအန္တရာယ်များအဖြစ် အနီးကပ်စောင့်ကြည့်စစ်ဆေးမည်ဟု ပြောကြားခဲ့သည်။

၂၀၁၁ခုနှစ်နောက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စုက ဆီးရီးယားဒုက္ခသည် ၁၅၀၀ကိုသာလျှင် လက်ခံခဲ့သော်လည်း လာမည့်နှစ်တွင် ၁၀၀၀၀အထိ ဝင်ခွင့်ပြုမည်ဟု အိုဘားမားအစိုးရက စက်တင်ဘာလတွင် ကြေညာခဲ့သည်။

‘အိုင်အက်စ်တွေကို ခြေမှုန်းနေတာဟာ အမေရိကန်စံတွေကို ကမ္ဘာကြီးကို မီးမောင်းထိုးပြခြင်းလည်း မည်ပါတယ်။ ကျနော်တို့ရဲ့စံတွေကို ကျောခိုင်းပြီး စစ်နဲ့ ဖိနှိညှဉ်းပန်းမှုတွေက ထွက်ပြေးလာနေကြသူတွေကို ငြင်းပယ်နေတဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေဟာ ကျနော်တို့ရဲ့ အကြောက်တရားတွေကို ကမ္ဘာကြီးကို မီးမောင်းထိုးပြနေသလို ဖြစ်နေပါလိမ့်မယ်’ဟု အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီက နိုဝင်ဘာလ ၁၆ရက်နေ့က ပြောကြားခဲ့သည်။

ဒုက္ခသည်များကို ဝင်ခွင့်ပြုမည် မပြုမည်ကို ဖက်ဒရယ်အစိုးရကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်မှန်သော်လည်း ပြည်နယ်တစ်ခုချင်းစီက လက်ခံမှုလုပ်ငန်းစဉ်ကို ပိုမိုခက်ခဲအောင် လုပ်လာနိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly