ရွေးကောက်ပွဲသည် ဒီမိုကရေစီနည်းကျ ပြောင်းလဲရေး ပေါ်ပေါက်ရန် အဓိက အခွင့်အလမ်းဟု ကုလ အတွင်းရေးမှူးချုပ် ပြော

ရွေးကောက်ပွဲသည် ဒီမိုကရေစီနည်းကျ ပြောင်းလဲရေး ပေါ်ပေါက်ရန် အဓိက အခွင့်အလမ်းဟု ကုလ အတွင်းရေးမှူးချုပ် ပြော
Photo - AFP

နိုဝင်ဘာ ၇၊ ၂၀၂၀

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် မြန်မာ့ အထွေထွေ ရွေးကောက်ပွဲကို စောင့်ကြည့်နေမည်ဖြစ်ပြီး ရွေးကောက်ပွဲသည် ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲရေးများ ပေါ်ပေါက်ရေး အရေးပါသော အခွင့်အလမ်းဟု မှတ်ယူကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောသည်။

ငြိမ်းချမ်းစွာ၊ အစီအစဉ်တကျနှင့် ယုံကြည်စိတ်ချရသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းသည် ပိုမိုကောင်းမွန်သော အားလုံးပါဝင်သည့် စဉ်ဆက်မပြတ် ဖွံဖြိုးရေး၊ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ လုပ်ဆောင်မှုများ၊ လူ့အခွင့်အရေးနှင့် တပ်မတော်ကို အရပ်ဘက်က ထိန်းချုပ်မှု အပါအဝင် ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲရေးများ ပေါ်ပေါက်ရေး အရေးပါသော အခွင့်အလမ်းဟု ပြောကြောင်း ၎င်း၏  ပြောခွင့်ရသူ စတက်ဖင် ဒူဂျာရစ်၏ နိုဝင်ဘာလ ၆ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။   

ယင်းအချက်များက ဒုက္ခသည်များ လုံခြုံစွာနှင့် ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်ရေး လမ်းဖွင့်ပေးရန် ကူညီပေးနိုင်မည် ဖြစ်ကြောင်းလည်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ပြောသည်။  

COIVD-19 ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး အာရုံစိုက် လုပ်ဆောင်နိုင်ခွင့်ရရန် မြန်မာနိုင်ငံတစ်ဝန်း အပစ်အခတ်များ ရပ်ထားရေး တောင်းဆိုမှုကိုလည်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ထပ်လောင်း ပြောသည်။

မြန်မာနိုင်ငံတွင် အထူးသဖြင့် ထိခိုက်လွယ်သည့် အရပ်သားများ ရှိနေပြီး တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် ရခိုင်နှင့် ချင်းပြည်နယ်တွင် လက်နက်ကိုင် ပဋိပက္ခများ ဆက်လက် ဖြစ်ပွားနေသည့် ဧရိယာများနှင့် ပတ်သက်၍လည်း စိုးရိမ်ပူပန်နေဆဲဖြစ်ကြောင်းလည်း သူက ဆိုသည်။      

အရပ်သားများနှင့် အရပ်ဘက် အခြေခံအဆောက်အဦများကို ကာကွယ်ရန်နှင့် နိုင်ငံတကာ လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေများကို တာဝန်ရှိမှုအပေါ် လေးစားရန်လည်း မစ္စတာ ဂူတာရက်စ်က သက်ဆိုင်ရာ လက်နက်ကိုင် တပ်ဖွဲ့များကို တိုက်တွန်းထားသည်။

ထို့အပြင် ကုလသမဂ္ဂနှင့် မဟာမိတ်များ၏ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးများကို မပိတ်ပင်ရေးသည်လည်း အရေးကြီးကြောင်း၊ မြန်မာပြည်သူများအတွက် အရေးပါသည့် အဆင့်တွင် ဂုဏ်သိက္ခာရှိပြီး ငြိမ်းချမ်းရေး ရရှိအောင် လုပ်ဆောင်မှုတွင် ကုလသမဂ္ဂ၏ ထောက်ခံအားပေးမှုကိုလည်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ထပ်လောင်း အတည်ပြုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly