ကိုအောင်မှိုင်းဆန်းအပါအဝင် ကျောင်းသားအချို့ အစာငတ်ခံဆန္ဒပြမှုကို ယာယီရပ်ဆိုင်းမည်

ကိုအောင်မှိုင်းဆန်းအပါအဝင် ကျောင်းသားအချို့ အစာငတ်ခံဆန္ဒပြမှုကို ယာယီရပ်ဆိုင်းမည်

သာယာဝတီအကျဉ်းထောင်အတွင်းမှ ကျောင်းသားအချို့ နိုင်ငံရေးအကျဉ်းသားများ နှင့် ဖမ်းဆီးခံ ကျောင်းသားများ လွတ်မြောက်ရေးအတွက် အစာငတ်ခံဆန္ဒပြနေမှုကို နိုဝင်ဘာ ၁၇ရက်ကစပြီး ယာယီရပ်ဆိုင်းသွားမည်ဟု သိရသည်။

အစာငတ်ခံ ဆန္ဒပြနေသည့် ၂၆ ရက်မြောက်နေ့ နိုဝင်ဘာလ ၁၇ရက်က ရန်ကုန်ဆေးရုံကြီး၌ ဆေးဝါး ကုသမှုခံယူနေသည့် ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင် ကိုအောင်မှိုင်းဆန်းနှင့် ကိုမျိုးမြတ်စံတို့ထံ ၂၀၀၇ ရွှေဝါရောင်သံဃာတော်များ လာရောက်မေတ္တာရပ်ခံသဖြင့် ရပ်နားလိုက်ခြင်းဖြစ်ကြောင်း ဆန္ဒပြ ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်းကပြောသည်။

"'ဒီမနက် ၂၀၀၇ ရွှေဝါရောင်တုန်းက ပါဝင်ခဲ့တဲ့ ဆရာတော်တွေ ကျွန်တော်တို့ကို လာပြီးတော့ မေတ္တာရပ်ခံ တယ်။ ဘာပဲ ဖြစ်ဖြစ် ကျွန်တော်တို့ အသက်အန္တရာယ်အတွက် စိုးရိမ်လို့ ရပ်နားပေးဖို့ ဒါမှမဟုတ်လည်း ယာယီရပ်ဆိုင်းပေးဖို့ သူတို့ မေတ္တာရပ်ခံတယ်။ ဆရာတော်တွေနဲ့အတူ ကျွန်တော်ရဲ့ လုပ်ဖော်ကိုင်ဖက် အဖွဲ့ အစည်းတွေကလည်း မေတ္တာရပ်ခံထားတာရှိတယ်။ အန်တီဒေါ်အောင်ဆန်းစုကြည်ကလည်း မေတ္တာရပ်ခံထားတာရှိတယ်။ အဲဒါတွေအားလုံးကို လက်ခံတဲ့အနေနဲ့ အစာငတ်ခံဆန္ဒပြမှုကို ယာယီရပ်ဆိုင်းလိုက်ပါတယ်။ လိုအပ်တဲ့အချိန် သင့်တော်တဲ့အချိန် လိုအပ်လာတယ်ဆိုရင် ကျွန်တော်တို့ ပြန်စရင်စမှာပေါ့။ ခုလောလောဆယ်တော့ ရပ်ဆိုင်းလိုက်တာပေါ့"ဟု ကိုအောင်မှိုင်းဆန်းက ပြောသည်။

အစာငတ်ခံဆန္ဒပြမှုကြောင့် ကျန်းမာရေးအခြေအနေအရ ရန်ကုန်ဆေးရုံကြီးတွင် ရောက်ရှိနေသည့် ကိုအောင်မှိုင်းဆန်း နှင့် ကိုမျိုးမြတ်စံတို့က ယာယီရပ်နားရန် ပြောကြားခဲ့ပြီး သာယာဝတီထောင်တွင်းမှ ကိုအောင်မြင့်ဟန်၊ ကိုသိန်း၊ ကိုရဲထွဋ်လွင် နှင့် ကိုဒိန်းဒေါင်တို့အပါအဝင် အစာငတ်ခံဆ္ဒပြနေသူများလည်း တိုက်ပွဲကို ယာယီရပ်နားမည်ဖြစ်သည်။

နိုဝင်ဘာ ၁၄ရက်ကလည်း ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ပါတီက အစာငတ်ခံ ဆန္ဒပြနေသည့် ကျောင်းသားများကို အစာငတ်ခံ တိုက်ပွဲဝင်နေမှုကို ရပ်ရန် မေတ္တာရပ်ခံခဲ့သေးသည်။

တစ်နိုင်ငံလုံးရှိ နိုင်ငံရေး အကျင်းသားများ အမြန်ဆုံးလွှတ်ပေးရန်တောင်းဆိုသည့်အနေဖြင့် ဗမာနိုင်ငံလုံး ဆိုင် ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင် ကိုအောင်မှိုင်းဆန်းက အောက်တိုဘာလ (၂၃)ရက်က စတင်ကာ သာယာဝတီအကျဉ်းထောင်အတွင်း၌ အစာငတ်ခံ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ယင်းသို့ အစာငတ်ခံ ဆန္ဒပြမှုကြောင့် ကျန်းမာရေးအခြေနေစိုးရိမ်ရသည့်အတွက် ကိုအောင်မှိုင်းဆန်းနှင့် ကိုမျိုး မြတ်စံကို ရန်ကုန်ပြည်သူ့ဆေးရုံးကြီးသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစေခဲ့သော်လည်း အားဆေးသွင်းရန် ကိုအောင်မှိုင်းဆန်းက ငြင်းဆိုခဲ့သည်။

သာယာဝတီ အကျဉ်းထောင်အတွင်း၌ အောက်တိုဘာလ ၂၃ရက်တွင် ကိုအောင်မှိုင်းဆန်းမှ စတင် အစာငတ်ခံ ဆန္ဒပြခဲ့ပြီး အောက်တိုဘာ ၂၈ ရက်တွင် ကိုသန်းထိုက်၊ ကိုမျိုးထက်ပိုင်နှင့် ကိုမျိုးမြတ်စံတို့ ၃ ဦး၊ နိုဝင်ဘာ ၂ရက်တွင် ကိုဆွေလင်းထွန်း၊ ကိုဖြိုးဓန၊ ကိုမာနော်၊ ကိုကျော်စွာလင်းတို့ ၄ ဦး၊ နိုဝင်ဘာလ ၇ ရက်တွင် ကို အောင်မြင့်ဟန်၊ ကိုသိန်း၊ ကိုခန့်အောင်၊ ကိုရဲထွဋ်ဝင်းနှင့် ကိုစိုးမိုးနိုင်တို့ ၅ဦးလည်း ပါဝင်ဆန္ဒပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly