အာဏာရှင်နတ်ဆိုးနဲ့ ညစာအတူစားရပေမယ့် ၊ လမ်းကြောင်းမှန်ပေါ် တင်ပေးနိုင်ခဲ့သူ

အာဏာရှင်နတ်ဆိုးနဲ့ ညစာအတူစားရပေမယ့် ၊ လမ်းကြောင်းမှန်ပေါ် တင်ပေးနိုင်ခဲ့သူ

စစ်တပ်နဲ့ အရပ်သား ပူးတွဲအုပ်ချုပ်ရတဲ့ စပ်ကြား စနစ်မျိုးကို လေ့လာရင် မလေ့လာ မဖြစ်လေ့လာရတဲ့ တိုင်းပြည်က ချီလီဖြစ်တယ်။

၁၉၉၀ ခုနစ်မှာ စတင်တဲ့ အာဏာရှင်ခေတ်လွန် စပ်ကြားစနစ် အခြေခံ ဥပဒေဟာ

အာဏာရှင် ပီနိုချေး နဲ့ စစ်ဗိုလ်ချုပ်တွေကို အကာကွယ်ပေးတဲ့ အခြေခံ ဥပဒေ ၊ တစ်နည်းအားဖြင့် စစ်တပ်လွှမ်းမိုးမှုရှိတဲ့ အခြေခံဥပဒေဖြစ်တယ်။ ( လက်ရှိ ၂၀၀၈ အခြေခံဥပဒေကျင့်သုံးတဲ့မြန်မာမှာလို ကာလုံ ကောင်စီ တောင်ပါသေးတာပါ )။

ချီလီ နဲ့ မြန်မာ ကွာဟချက်ကတော့ မြန်မာလို့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ မရှိဘဲ၊ တစ်ခါတစ်ခါ အိမ်နီးချင်း အာဂျင်တီးနားနိုင်ငံနဲ့ ကျွန်းတို့ ရေပိုင်နက် အငြင်းပွား ကာလတို တိုက်ပွဲဖြစ်တာလောက်ပဲရှိတယ်။

ဒီမိုကရေစီ အကူးအပြောင်းမှာ အရေးကြီးတဲ့ ကာလဖြစ်တဲ့ အာဏာရှင်ခေတ်လွန်ပထမသက်တမ်းမှာ သမ္မတတာဝန်ယူခဲ့ရတဲ့ အိုက်ဝင် Aylwin ဟာ အတော်သတိထားခဲ့ရတယ်။ သူဟာ အာဏာရှင် ပီနိုချေး လက်ထက်မှာ အတိုက်အခံခေါင်းဆောင်လုပ်ခဲ့သူလည်းဖြစ်တယ်။

(၁) အိုက်ဝင် အနေနဲ့ စစ်တပ်ကို လုံခြုံရေးအရ ခြိမ်းခြောက်တာမျိုးမဖြစ်အောင် သူ့လက်ထက်မှာ လူ့အခွင့်အရေး လိုကိစ္စမျိုးကို သိပ်ဇောင်းမပေးခဲ့ပါ။ ဇောင်းမပေးခဲ့ဘူးဆိုတဲ့နေရာမှာ ထပ်ကျူးလွန်ခွင့်ပေးတာမျိုး မဟုတ်ပါ။ လူ့အခွင့်အရေး သိပ်ဦးစားမပေးလို့ ဝေဖန်ခံရတာတွေလည်း ရှိခဲ့တယ်။

သို့ပေမယ့်လည်း အတိတ်ကာလ ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် လုံခြုံရေး တပ်တွေ ၊ ရဲတွေက တာဝန်မယူ တာဝန်မခံနိုင်သေးသည့်တိုင်အောင် Victims ဖြစ်ခဲ့တဲ့ မိသားစုတွေ မိသားစုဝင်တွေကို သူကိုယ်တိုင် တွေ့ဆုံတွေ နှစ်သိမ့်ပေးတာတွေ မေတ္တာရပ်ခံတာတွေ လုပ်ခဲ့တယ်။ ဒါကလည်း အပြောင်းအလဲ ကာလအစမှာ အမှန်တရားနဲ့ တရားမျှတမှုကို ချက်ခြင်း မရှာပေးနိုင်သေးသည့်တိုင်အောင် အစိုးရအနေနဲ့ မေ့မထားဘူးဆိုတာကို ကျေနှပ်နှစ်သိမ့်လိုရင်းဖြစ်တယ်။

(၂) တိုင်းပြည် တည်ငြိမ်ရေး ၊ ဖရိုဖရဲဖြစ်နေတဲ့အုပ်ချုပ်ရေး ယန္တရား အားကောင်းရေး ၊ ဥပဒေစိုးမိုးရေးနဲ့ စီးပွားရေးပြန်လည် ဦးမော့လာစေရေးကို ဦးစားပေးခဲ့တယ်။

သူကိုယ်တိုင်လည်း ဥပဒေဘောင်အတွင်းပဲနေတယ်။ ဥပဒေတွေကို လက်တစ်လုံးခြားတာ ဥပဒေတွေကို ကျော်လွန်ပြီး အာဏာရယူတာတွေ မဖြစ်အောင်ရှောင်တယ်။

ဥပဒေ ကျော်လွန်ပြီး အာဏာ ခွဲဝေဖို့ အာဏာရှင် နောက်ခံအုပ်စုဘက်က မြူဆွယ်တာမျိုးတွေ ရှိပေမယ့် သူက ငြင်းဆန်ခဲ့တယ်။

လူဟောင်းလူသစ် ပေါင်းရတဲ့ အုပ်ချုပ်ရေးယန္တရား ၊ ဗျူရိုကရေစီ ကို စနစ်တကျ မြော်မြင်တည်ဆောက်သလို ၊ စီးပွားရေး မရှိဘဲ ဒီမိုကရေစီ အောင်မြင်ဖို့ ခက်တယ်ဆိုတာကို သူသဘောပေါက်တော့ စီးပွားရေး ဦးမော့လာအောင် အထူးဇောင်းပေးတယ်။ ကံကောင်းတဲ့အချက်က အာဏာရှင်အောက် ရောက်တဲ့ တိုင်းပြည်ချင်းအတူတူ အာဂျင်တီးနားလို နိုင်ငံထက်စာရင် ချီလီ ၊ ဘရာဇီးတို့က အာဏာရှင်စနစ်အောက်မှာတင် စီးပွားရေး ကို အတိုင်းအတာတစ်ခုအထိ တည်ဆောက်နိုင်ခဲ့ဖူးတာကလည်း အတွေ့အကြုံအရ အထောက်အပံ့ဖြစ်စေခဲ့တယ်။ နိုင်ငံတကာ ဆက်ဆံရေးကောင်းအောင်လုပ်တယ်။ စီးပွားရေးပုံမှန်ဖြစ်အောင် တိုးတက်အောင်လုပ်တော့ ဒီမိုကရက်တစ် အကူးအပြောင်းမှာ အတန်ငယ် တည်ငြိမ်တဲ့ အခင်းအကျင်းမျိုးဆောင်ကြဉ်းနိုင်ခဲ့တယ်။

(၃) မဟာမိတ် မူဝါဒ နဲ့ ဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေအားကောင်းစေရေးကို အထူးအလေးထားတယ်။

နတ်ဆိုးနဲ့ ညစာစားရတဲ့ အခင်းအကျင်းမျိုးမှာ ကိုယ်က ခြေလှမ်းမမှားဖို့ ဂရုစိုက်ရသလို တစ်ချိန်တည်းမှာလည်း ကိုယ့် လုံခြုံရေး အကာကွယ်ဖြစ်ရေးအတွက် အရေးကြုံလာရင် ထိုး လို့ရအောင် ခက်ရင်းကို လက်ထဲ မြဲမြဲမြံမြံ ကိုင်ထားရမယ်ဆိုတာ သူက သဘောပေါက်တယ်။ ဒါကြောင့် ဘဝတူ အတိုက်အခံ ဒီမိုကရက်တစ်အင်အားစုတွေနဲ့ မဟာမိတ် ဆက်ဆံရေး မပျက်အောင်နေတယ်။ အစိုးရ ရာထူးတွေပါပေးတယ်။

အရေးပါတဲ့ သူ့ရဲ့ အုပ်ချုပ်ပုံမူဝါဒမှာထူးခြားချက်ကတော့ တစ်ဦးထဲ ငါတကောကော မလုပ်ပဲ အစိုးရထဲပါနေတဲ့မတူညီတဲ့ အုပ်စုတွေရဲ့ အစုအဖွဲ့လိုက်ဆောင်တဲ့ အများသဘောတူ ဆုံးဖြတ်ချက် Consensus နဲ့ ဆုံးဖြတ် အုပ်ချုပ်ပုံပဲဖြစ်တယ်။

ဒီမိုကရက်တစ်အင်အားစုတွေ ညီညွတ်မှုမရှိရင် ဒီမိုကရေစီ အကူးအပြောင်း အောင်မြင်မှာမဟုတ်ဘူးဆိုတဲ့ အယူအဆကို ယုံယုံကြည်ကြည်နဲ့ အကောင်ထည်ဖော်တယ်။ အရပ်ဘက် အဖွဲ့အစည်းတွေ ၊ မီဒီယာတွေ

တခြားအစိုးရမဟုတ်တဲ့ အင်စတီကျူးရှင်းတွေက အကူးအပြောင်းဖြစ်စဉ်အပေါ် စိတ်ဝင်တစား ပူးပေါင်းပါဝင်မှု အားကောင်းအောင် ဖန်တီးပေးထားနိုင်ခဲ့ပြီး အကူးအပြောင်းကာလ အတွင်း ပိုမိုခိုင်မာတောင့်တင်းတဲ့ စုစည်းညီညွတ်မှုကို ပုံဖော်ပေးနိုင်ခဲ့တယ်။

သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ဦးစားပေးတယ်။ လွတ်လပ်တဲ့ မီဒီယာတွေပေါ်ပေါက်လာအောင် ၊ လွတ်လပ်တဲ့ တရားစီရင်ရေး နဲ့ လွှတ်တော် အခင်းအကျင်းတွေ ပေါ်ထွက်လာစေဖို့ အထူးဝါယမ စိုက်ထုတ်တယ်။

ပါတီတည်ဆောက်ရေးကိုလည်း အထူးအလေးပေးခဲ့ကာ ၊ သူကိုယ်တိုင်လည်း မင်ဒဲလား ၊ ကင်တေးဂျုံစတဲ့ အကူးအပြောင်း အောင်မြင်ခဲ့တဲ့ ဒီမိုကရေစီခေါင်းဆောင်တွေလိုပဲ သက်တမ်း တစ်ကြိမ်သာ အစိုးရကို တာဝန်ယူခဲ့တယ်။

(၄) စစ်တပ် တည်ရှိမှုကို ခြိမ်းခြောက်တဲ့ အလုပ်မျိုးမလုပ်ပါ။

အထက်မှာ ဆိုခဲ့သလို စစ်တပ်ကို ပြန်ပြီး ခြိမ်းခြောက်တာမျိုးဖြစ်စေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အပြစ်ပေးအရေးယူမှုတွေလိုကိစ္စမျိုး ဦးစားမပေးသလို တစ်ချိန်တည်းမှာလည်း အစိုးရရဲ့ တည်ကြည်သမာဓိ ဂုဏ်သိက္ခာရှိမှုတွေကို အားကောင်းစေမယ့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးလို လုပ်ငန်းစဉ်တွေတွေကို နိုင်ငံရေး ၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု မဟာဗျူဟာနဲ့ ချိတ်ဆက်ပြီး ဖော်ဆောင်စေတယ်။

လုံခြုံရေး ကဏ္ဍကို ပြောင်းလဲနိုင်ရေးအတွက် ကြိုတင်မျှော်မြင် ပြင်ဆင်တာတွေ လွှတ်တော်ကနေ ထိန်းကျောင်းတာတွေ လုပ်ပေမယ့် အတင်းအကျပ် လုပ်တာမျိုးမဟုတ်သလို ရန်စ နားရွက်တံတွေ့းဆွတ်တာမျိုးလည်း မလုပ်ပါ။ဆိုလိုရင်းက စစ်တပ် အင်စတီကျူးရှင်း ပြုပြင်ပြောင်းလဲမှုအတွက် Reform ကို ရည်ရွယ်တာမျိုး သာဖြစ်ပြီး Undermine လျော့ပါးအောင်လုပ်တာမျိုးမဟုတ်ပါ။ စနစ်ကိုပဲ ပြောင်းလဲအောင်ကြိုးစားတာဖြစ်ပြီး အင်စတီကျူးရှင်းကို မတိုက်ခိုက်တဲ့ ခြေလှမ်းကို ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

(၅) Guardian ဟာ Guardian ၊ Praetorian ဟာ ပရေတိုးရီးယန်းပဲ ဆိုတဲ့ အယူအဆဟာ အဲဒီ

စပ်ကြားစနစ် အစောပိုင်းမှာလည်း တွေ့ခဲ့ရတယ်။

တစ်ကြိမ်မှာ ပီနိုချေးရဲ့ သားတစ်ဦး အကျင့်ပျက်ခြစားမှုအကြောင်း မီဒီယာတွေက ဖော်ထုတ် ရေးသားရာကတစ်ဆင့် အစိုးရ အဆောက်အုံတွေ နဲ့ မီဒီယာတိုက်တွေကို ပီနိုချေးရဲ့ လုံခြုံရေးတပ်က ဝင်ရောက်စီးနင်းတာ ၊ မြို့လယ်ခေါင်ကို တင့်ကား တွေနဲ့ ပတ်မောင်းပြ လှည့်လည်ပြတာတွေ လုပ်ခဲ့တယ်။

အာဏာရှင်က လာတဲ့ တပ်တွေမှာ တွေ့ရလေ့ရှိတဲ့ Guardian ကာကွယ်စောင့်ရှောက်အယူအဆ နဲ့ ပရေတိုးရီးယန်း လို့ခေါ်တဲ့ အယူအဆ အနည်းနဲ့ အများဆိုသလို ရှိတာကြောင့်လည်း ကျားသနားမှ နွားချမ်းသာဆိုတဲ့ အနေအထားမျိုး သူတို့ရဲ့ပါဝါကို စစ်တပ်က ပြလေ့ရှိတာပဲဖြစ်ပါတယ်။

ပရေတိုးရီးယန်း အယူအဆကို ဒီနေရာမှာ အနည်းငယ်ရှင်းပြပါရစေ။ ရှေးခေတ် ဂရိ တို့ ရောမပြည်မှာ ပရေတိုးရီးယန်းခေတ်၊ အင်ပါယာ အရှင်စစ်ဘုရင်တွေရဲ့ ကိုယ်ရံတော်တပ်တွေကို ပရေတိုးရီးယန်းလို့ခေါ်တယ်။ အေဒီ ၁ ရာစု ရောမပြည်ရဲ့ နိုင်ငံရေးမှာ အတော်ကို အရေးပါတဲ့ အခန်းကဏ္ဍက ရှိခဲ့တယ်။ ပထမတော့ လုံခြုံရေး နယ်သစ်ချဲ့ရေးလောက်မှာသာ အရေးပါတဲ့ ပရေတိုးရီးယန်းတွေဟာ နိုင်ငံရေးမှာ အရေးပါလာချိန် သူတို့ မလိုလားတဲ့ ဘုရင်တွေ အုပ်ချုပ်သူတွေကို သုတ်သင်တာ ရာထူးချတာတွေ လုပ်လေ့ရှိပြီး သူတို့ သဘောနဲ့ ကိုက်ညီသူတွေကိုသာ အုပ်ချုပ်ခွင့် ပေးလေ့ရှိတာပါ။ တကယ်လို့ ဖြုတ်ချလို့မရသူဖြစ်နေရင် သဘောဆန္ဒမတွေ့ရင် အဲဒီလူ ကောင်း ကောင်းမွန်မွန်အုပ်ချုပ်လို့မရအောင် မကြာခဏ ဖျက်လို ဖျက်ဆီးလုပ်တတ်တာပါ။ ဒါကြောင့်နိုင်ငံရေးသမားတွေဟာ စစ်တပ်အနေနဲ့ သူ့ရဲ့ ပရော်ဖက်ရှင်နယ် အလုပ်မှာသာ အာရုံစိုက်ဖို့နဲ့ အုပ်ချုပ်ရေးထဲ ဝင်မစွက်အောင် တန်စိုးလက်ဆောင်ပေး လာဘ်ထိုးဖို့ မကြာခဏ စဉ်းစားကြရတယ်။

ဒါကြောင့် လည်း ပလေတိုရဲ့ The Republic မှာ စစ်သည်တွေအနေနဲ့ ပြည်သူတွေဆီက ချီးမြှောက်မှုကို လိုအပ်တဲ့အကြောင်း ဖော်ပြထားတာပါ။ ခေတ်ဟောင်းနိုင်ငံတော် တည်ဆောက်ရေး အယူအဆကို အလေးပေးတဲ့ ပလေတိုရဲ့ အဆိုအရတော့ စစ်သည်တော် Warriors တွေနဲ့ အုပ်ချုပ်သူတွေဟာ တိုင်းပြည်အကျိုးသယ်ပိုးရတဲ့အတွက် အသိအမှတ်ပြုချီးမြှောက်ခံရသင့်တယ်လို့ ယူဆလေ့ရှိပြီး အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံ သာမန်ပြည်သူတွေကို အလွှာခြားစေမယ့် အယူအဆမျိုး ပလေတိုက ဖော်ထုတ်ဖူးတယ်။

အဲဒီ အယူအဆဟာ ခေတ်ဟောင်းနိုင်ငံတော်ထူထောင်မှုတွေနဲ့ အာဏာရှင်တွေအဖို့ လက်စွဲလိုဖြစ်ခဲ့ပြီး အဲဒီအယူအဆကြောင့်လည်း ဒီမိုကရေစီ အကူးအပြောင်းနိုင်ငံတွေမှာ အရပ်ဘက်နဲ့ စစ်ဘက်အကြား တင်းမာမှုတွေ ပိုဖြစ်စေခဲ့တာဖြစ်တယ်။

(၆) ခေါင်းဆောင်မှု အရေးကြီး

အကျဉ်းအကျပ်ကာလမှာ ခေါင်းဆောင်မှု အရေးကြီးသလို တိုင်းသူပြည်သားတွေကို ပါဝါပြခြိမ်းခြောက်ခံရတဲ့ အထက်မှာဖော်ပြခဲ့တဲ့ အစိုးရရုံးတွေကို စစ်တပ်တွေ စီးနင်းတဲ့ ကိစ္စမျိုး ၊ မြို့လယ်ခေါင်မှာ တင့်ကားတွေ လှည့်လည်ပြတဲ့ ကိစ္စမျိုးမှာလည်း အရပ်သား အစိုးရဘက်က ဦးဆောင်မှုက အရေးကြီးပါတယ်။

အိုက်ဝင် အနေနဲ့ အဲဒီလို ဖြစ်တဲ့ ကိစ္စကို တုန်လှုပ်မှုမရှိဘဲ တိုင်းသူပြည်သားတွေ စိတ်ခြောက်ခြား အားငယ်တာမျိုး သွေးပျက်တာမျိုး၊ အစိုးရရဲ့ ဦးဆောင်မှုနဲ့ တည်ကြည်မှု ၊ တရားဝင်မှုကို ဒွိဟပွား စိတ်ပျက်တာမျိုး မဖြစ်စေဖို့ အတွက် ချက်ခြင်းပဲ တိုင်းပြည်ကို မိန့်ခွန်း ပြောခဲ့ပါတယ်။

ဒါကတော့ " ချီလီရဲ့ ဒီမိုကရေစီဟာ ခြိမ်းခြောက်မှု အန္တရယ်အောက် ရောက်နေတာ မဟုတ်သေးဘူး' ဆိုပြီး မကြောက်လန့်ဖို့နဲ့ ညီညွတ်ဖို့ မက်ဆေ့ချ်ပေးခဲ့တာဖြစ်ပါတယ်။ စစ်တပ်က အချိန်မရွေးကြိတ်ချေနိုင်တဲ့ အခြေအနေမျိုးရောက်နေတာကို သူသိပေမယ့်လည်း အမှန်တရားနဲ့ တရားမျှတမှုဟာ အခုအချိန်အထိ ဖြစ်နိုင်မျှော်လင့်နိုင်သေးတဲ့အကြောင်း ပြောဆိုခဲ့တယ်။

(၇) အရပ်ဘက်- စစ်ဘက် ဆက်ဆံရေး နဲ့ ဒီမိုကရက်တစ် အကူးအပြောင်း

အရပ်ဘက် စစ်ဘက် ဆက်ဆံရေးကို အင်စတီကျူးချင်း ဆက်ဆံရေး အဖြစ် အစိုးရ တည်ကြည်မှု အပေါ် အခြေခံလို့ တည်ဆောက်တယ်။ ပုဂ္ဂိုလ်ရေးအကျိုးစီးပွား ၊ ပါတီနိုင်ငံရေးအကျိုးစီးပွားအပေါ် အခြေမခံခဲ့ပါ။ ဒါကြောင့်လည်း ပီနိုချေး အဖမ်းခံရချိန်နဲ့ မရှိတော့တဲ့ချိန်မှာ နောက်ထပ် တက်လာတဲ့ တပ်ခေါင်းဆောင်တွေအနေနဲ့ တစ်ဆင့်ချင်းသွားနေတဲ့ ဒီမိုကရက်တစ် ကူးပြောင်းရေးကိုကော အရပ်သား အုပ်ချုပ်မှုအပေါ် ယုံကြည်မှု တိုးလာချိန်နဲ့ သွားတိုက်ဆိုင်ခဲ့ပြီး အရပ်သားအုပ်ချုပ်မှုအပေါ် ကြီးကြီးမားမား အနှောင့်အယှက်မပေးတော့ပါ။

တစ်ဖက်မှာလည်း တက်လာခဲ့တဲ့ ချိီလီအရပ်သားအစိုးရတွေဟာ စစ်တပ်ရဲ့ ပရော်ဖက်ရှင်နယ်ကျတဲ့ စစ်တပ်အဖြစ် ကူးပြောင်းနိုင်ရေး နဲ့ နောက်ကြောင်းမပြန်စေရေး အထူးသဖြင့် Coup-Proofing လို့ ခေါ်တဲ့ အာဏာသိမ်း မခံရစေရေးအတွက် အရံအတားတွေကို လုပ်ဆောင်ရာမှာ နိုင်ငံတော် တည်ဆောက်ရေး ၊

တရားဥပဒေစိုးမိုးရေး ၊ စီးပွားရေးကောင်းမွန်မှု နဲ့ ဒီမိုကရက်တစ် အင်စီကျုးရှင်းများ အားကောင်းစေရေးတို့ကို ခိုင်မာစွာတည်ဆောက်ရင်း ဓမ္မဓိဋ္ဌာန်ကျတဲ့ အရပ်ဘက် အုပ်ချုပ်မှုဘောင်ကို ချဲ့ယူနိုင်ခဲ့တာဖြစ်ပါတယ်။

" ချီလီရဲ့ ဖွဲ့စည်းတည်ဆောက်လည်ပတ်မှု နဲ့ အခြေခံ ဥပဒေကိုကြည့်ရင် အခွင့်အရေးက အနည်းငယ်ပဲရှိပြီး စစ်အုပ်စုအနေနဲ့ အာဏာစွန့်ဖို့ အလွယ်တကူမဖြစ်နိုင်အောင် ကြိုတင်ကာကွယ်မှုတွေနဲ့အတူ တပ်ဖွဲ့စည်းမှု ကိုအတော်လေး စုစုစည်းစည်းနဲ့ လုပ်ထားခဲ့တာပါ။ ဒါပေမယ့် ဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေ အလေ့အထတွေ အားကောင်းလာချိန် ၊ အရပ်ဘက် စစ်ဆက်ဆက်ဆံရေး ယုံကြည်မှု မြင့်လာချိန်နဲ့ ၉၈ ပီနိုချေး လန်ဒန်မှာ အဖမ်းခံရချိန်တို့ တိုက်ဆိုင်နေမှုဟာ အရေးပါတဲ့ အပြောင်းအလဲအတွက် သော့ချက်ကျတဲ့ အခိုက်အတန့်တွေ ဖြစ်ခဲ့တယ်။ ' လို့ Harold Trinkunas က မှတ်ချက်ပြုပါတယ်။

မြန်မာကို လွန်ခဲ့တဲ့ ခြောက်နှစ်ကျော်က လာခဲ့တဲ့ ဖရန်စစ် ဖူကူယားမား က ခုလို သတိပေးဖူးတယ်။

' ဒီအချိန်မှာ NLD ဟာ လူတစ်ယောက်တည်းကိုပဲ ဝန်းရံနေတာ မဟုတ်တဲ့ အခြား ဒီမိုကရက်တစ် ပါတီ အင်အားစုတွေကိုလည်း တိုးတက်လာဖို့ လုပ်ရပါမယ်။ ဒါမှ ကွဲပြားခြားနားတဲ့ လူတွေဆီက အကြံဉာဏ် အမြောက် အမြားလက်ခံမယ့် အဖွဲ့အစည်း တည်ဆောက်ပုံတစ်ခုဖြစ်မယ်လို့ ကျွန်တော်ထင်တယ်။ဒီမိုကရက်တစ်မူဘောင် ခိုင်မာအားကောင်းမှုနဲ့ တရားဥပဒေစိုးမိုးရေး အားကောင်းလာမှုကသာ အသွင်ကူးပြောင်း ရေးအောင်မြင်ဖို့ သော့ချက်ကျတဲ့ အချက်တွေဖြစ်ပါလိမယ့်။ အာဏာရှင် ပီနိုချေး လက်အောက်က ချီလီကိုကြည့်ပါ။ အရပ်သားနဲ့ ပူးတွဲအုပ်ချုပ်မှု စတင်ပြီး ၁၅နှစ်အကြာမှာ အကုန် အိုကေတယ်။ ' လို့ နှိုင်းယှဉ် သတိပေးထောက်ပြ ထားပါတယ်။   ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly