ကိုဗစ်ကော်မတီ ညွှန်ကြားချက် ဖောက်ဖျက်သူကို လွိုင်ကော်တွင် အမှုဖွင့် 

ကိုဗစ်ကော်မတီ ညွှန်ကြားချက် ဖောက်ဖျက်သူကို လွိုင်ကော်တွင် အမှုဖွင့် 
ဓာတ်ပုံ - စောသန်းထိုက်ဦး

နိုဝင်ဘာလ ၅၊ ၂၀၂၀ 

ကယားပြည်နယ် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ၏ ညွှန်ကြားချက်ကို လိုက်နာရန် ပျက်ကွက်သဖြင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် နေထိုင်သူတစ်ဦးကို သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၃၀ (က)၊ (ပ) ၃၀၆/၂၀၂၀ ဖြင့် လွိုင်ကော်မြို့မ ရဲစခန်း၌ အမှုဖွင့် တိုင်ကြားထားကြောင်း သိရသည်။  

စက်တင်ဘာလ ၁၅ ရက်နေ့က မန္တလေးမှတစ်ဆင့် ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ် လမ်းအတိုင်း ဆိုင်ကယ်ဖြင့်လာခဲ့သော စိုင်းဝဏ္ဏ ဆိုသူသည် ပီကင်းကောခူ ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှု မခံဘဲ ဒီမော့ဆိုမြို့နယ် လေးမိုင်စံပြရွာသို့ ရောက်ရှိခဲ့ကြောင်း‌ စိစစ်တွေ့ရှိရသဖြင့် လွိုင်ကော်မြို့မ ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း ကယားပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး Facebook လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။ 

ကျန်းမာရေး စစ်ဆေးမှုမခံခဲ့သူ စိုင်းဝဏ္ဏကို စိစစ်တွေ့ရှိရပြီးနောက် ကွာရန်တင်း စင်တာ ဝင်ခိုင်းခဲ့ပြီး ဆက်လက်၍ နေအိမ်တွင် သီးခြားနေထိုင်ခဲ့ရသောကြောင့် ယခုမှ အမှုဖွင့် အရေးယူရခြင်းဖြစ်ကြောင်း လွိုင်ကော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးလည်းဖြစ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌလည်း ဖြစ်သူ ဦးရန်နိုင်ဝင်းက ဆိုသည်။ 

လွိုင်ကော်မြို့မ ရဲစခန်းမှ စခန်းမှူး ကျော်လင်းထွန်းက စိုင်းဝဏ္ဏကို နိုဝင်ဘာလ ၄ ရက် ညတွင် တရားလိုပြုလုပ်၍ အမှုဖွင့်ထားကြောင်း မဇ္ဈိမကို အတည်ပြုသည်။  

“မြို့နယ် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု အဖွဲ့ကနေပြီးတော့ ကျွန်တော့ကို တရားလို ပြုလုပ်တိုင်တန်းဖို့ ဆိုပြီး သူတို့က အကြောင်းကြားတာကိုး။ အကြောင်းကြားတော့ ကျွန်တော်က တရားလိုလုပ်ပြီး အမှုဖွင့်ပေးထားတယ်” ဟု စခန်းမှူး ကျော်လင်းထွန်းက ပြောသည်။  

နိုင်ငံတော်အစိုးရက ကိုဗစ်ကူးစက်ရောဂါ ဖြစ်ပွားမှုကြောင့် ကန့်သတ် တားမြစ်မှုများပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာပြီးနောက် ချိုးဖောက်သူများကို သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မဖြင့် အရေးယူမှုများ ရှိလာခြင်း ဖြစ်သည်။ 

စက်တင်ဘာလ ၂၉ ရက်နေ့ကလည်း ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ကွာရန်တင်း စင်တာတွင် လုံခြုံရေး ရဲတပ်ဖွဲ့နှင့် ကျန်းမားရေး ဝန်ထမ်းများကို ရန်ပြုပြီး ထွက်ပြေးရန် ကြိုးစားသူတစ်ဦးကို သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်နှင့် ခြောက်လ ချမှတ်ခဲ့သည်။  

တာဝန်ပေးအပ်ခြင်း ခံရသည့် ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်၏ ညွှန်ကြားချက် တစ်ရပ်ရပ်ကို လိုက်နာရန် တမင် ပျက်ကွက်ခြင်းတို့ကြောင့် ပြစ်မှုထင်ရှားပါက တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၃၀ (က) တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly