မြိတ်တွင် ကြိုတင်မဲကောက်ယူနေစဉ် နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားသဖြင့် ကောက်ယူမှုကို ခေတ္တရပ်နားခဲ့ရ

မြိတ်တွင် ကြိုတင်မဲကောက်ယူနေစဉ် နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားသဖြင့် ကောက်ယူမှုကို ခေတ္တရပ်နားခဲ့ရ
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

နိုဝင်ဘာလ ၄ရက်

မြိတ်မြို့၊ မြိတ်တောင်နယ်မြေရှိ ရပ်ကွက်တွင် အိုမင်းမစွမ်း၊သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ အပါဝင် အကြောင်းအမျိုးမျိုးကြောင့် မဲရုံသို့ ကြိုတင်ဆန္ဒမဲ ကိုယ်တိုင်လာရောက်ပေးနိုင်ခြင်းမရှိသည့် နေအိမ် များသို့ ကြိုတင်မဲများကောက်ယူစဉ် လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ၎င်းကြိုတင်မဲကောက်ယူမှုကို ခေတ္တရပ်နားခဲ့ရကြောင်း သိရသည်။

ရပ်ကွက်ကော်မရှင်အဖွဲ့များသည် နိုဝင်ဘာ ၄ရက်က မြိတ်တောင်နယ်မြေ၊ဇေယျာသီရိ(၁)ရပ်ကွက်၊သုခလမ်း သို့ မဲဆန္ဒရှင်များကြိုတင်ဆန္ဒမဲပေးနိုင်ရန် လိုက်လံကောက်ယူစဉ် နံနက် ၉နာရီခွဲခန့်အချိန်၌ နေအိမ်တစ်အိမ်အ တွင်း ဘုရားမီးပူဇော်ထားသည့် လျှပ်စစ်မီးသီးတွဲမှ အပူလွန်ကဲကာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုဖြစ်ပွားခြင်းကြောင့် ရပ်ကွက်နေပြည်သူများနှင့် မြိတ်ခရိုင်မီးသတ်တပ်ဖွဲ့မှ မီးသတ်ကား သုံးစီတို့ဖြင့် လာရောက်မီးငြိမ်းသတ်ခဲ့ရာ နံနက် ၁၀နာရီခန့်အချိန်တွင် မီးငြိမ်းသွားခဲ့သည်။

ထိုသို့ကြိုတင်မဲကောက်ယူနေစဉ် မီးလောင်မှုဖြစ်ပွားခြင်းကြောင့် အချို့သော မဲလက်မှတ်များမှာ ရေဆိုပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ရပ်ကွက် ကော်မရှင်အဖွဲ့ဝင်များက ကြိုတင်မဲကောက်ခံမှုကို ခေတ္တရပ်နားခဲ့ပြီး ရေဆိုပျက်စီးခဲ့သည့် မဲလက်မှတ်များအား အသစ်ပြန်လည် လဲလှယ်မှုများပြုလုပ်ပေးရန် စီစဉ်ခဲ့ရသည်။

 “ဒီနေ့က အိမ်တိုင်ရာရောက် ကြိုတင်မဲကို ရပ်ကွက် အလိုက် လိုက်ကောက် နေပါတယ်၊ အခု မီးလောင်မှု ဖြစ်ပွားတဲ့ လမ်းမှာတော့ စကောက်တာနဲ့ မီးလောင်မှု ဖြစ်ပွားတာ ဖြစ်လို့ မဲကောက်ယူဖို့ ခေတ္တ နားခဲ့ရတယ်”ဟု မြိတ်တောင်နယ်မြေ ရပ်/ကျေး ကော်မရှင်အဖွဲ့ဝင်တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ၁၉၅၀၀ ခန့် ရှိပြီး မီးလောင်မှုဖြစ်ပွားသည့် နေအိမ်ပိုင်ရှင်အား မြိတ် မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူနိုင်ရန် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

လက်ရှိတွင် မီးငြိမ်းခဲ့ပြီးဖြစ်သည့်အတွက် ကြိုတင်ဆန္ဒမဲကောက်ယူများကို ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲတာဝန်ရှိ သူများက ပုံမှန်အတိုင်း ပြန်လည်ကောက်ယူနေကြောင်းလည်း ကော်မရှင်အဖွဲ့ဝင်များထံမှ သိရသည်။

အဆိုပါ မြိတ်တောင်နယ်မြေတွင် မဲရုံပေါင်း ၃၀ ရှိပြီး၊ ဆန္ဒပေးနိုင်သူ ၃၀၃၇၁ ဦးရှိသည်။

နိုင်ငံရေး ပါတီ ရှစ်ခုဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP)၊ မွန်ညီညွတ်ရေး ပါတီ၊ ပြည်သူ့ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)၊ ပြည်သူ့ဆေရှ့ဆောင်ပါတီ (PPP)၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UBP)နှင့် ကရင်ပါတီတို့မှ ကိုယ်စားလှယ်လောင်း ၃၇ ဦးက ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly