၂၀၂၀ အထွေထွေရွေးကောက်ပွဲ အကြို သုံးသပ်ခန့်မှန်းချက် (ရှမ်းပြည်နယ်)

၂၀၂၀ အထွေထွေရွေးကောက်ပွဲ အကြို သုံးသပ်ခန့်မှန်းချက် (ရှမ်းပြည်နယ်)
ရှမ်းပြည်နယ် ၊အင်းလေးကန် မြင်ကွင်း ။ Photo: AFP

၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် မဲရလာဒ်များကို သုံးသပ်ခန့်မှန်းသော MCIJ ၏ အစီအစဉ်ဖြစ်ပါသည်။ ဤအစီအစဉ်အောက်တွင် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသ ကြီးအလိုက် မဲနှင့်ဆိုင်သော အချက်အလက်များ၊ လွှမ်းခြုံမြင်ကွင်း၊ ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများနှင့် အကြိတ်အနယ်ယှဉ်ပြိုင်ကြရဖွယ်ရှိသူများ၊ မီးမောင်း ထိုးပြလိုသည့် မဲဆန္ဒနယ်များနှင့် စောင့်ကြည့်လေ့လာ သူများ၏ သုံးသပ်ခန့်မှန်းချက်များ ပါဝင်သည်။ ဤအစီအစဉ်ကို နိုဝင်ဘာ ၁ ရက်နေ့မှစ၍ ပြည်နယ် နှင့်/သို့မဟုတ် တိုင်းဒေသကြီး နှစ်ခုအတွက် ခန့်မှန်းသုံးသပ်ချက်ကို ထုတ်ပြန်သွားမှာဖြစ်သည်။

ဤအကြိုသုံးသပ်ခန့်မှန်းချက်အစီအစဉ်ကို ဝေယံမိုးက အဓိက ပြုစုထားပြီး အောင်မျိုးထွဋ်က ပံ့ပိုးကူညီထားသည်။

ရှမ်းပြည်နယ်

ရှမ်းပြည်နယ်လူဦးရေ                  = ၅၈၈၄၄၃၂ ဦး

မဲထည့်ခွင့်ရှိသူဦးရေ                    = ၃၁၄၀၆၂၁ ဦး

ရွေးကောက်ခံနေရာ                    = ၁၆၃ နေရာ

၂၀၁၅ မဲရလဒ်

  • ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၄၈ နေရာ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၁၂ နေရာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ ၁၅ နေရာ၊   ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၁၂ နေရာ၊ တအောင်း(ပလောင်) အမျိုးသားပါတီ သုံး နေရာ၊ ပအိုင်း အမျိုးသားအဖွဲ့ချုပ် (PNO)ပါတီ သုံးနေရာ၊ ‘ဝ’ ဒီမိုကရက်တစ်ပါတီ တစ်နေရာ၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ တစ်နေရာ၊ တစ်သီးပုဂ္ဂလ တစ်နေရာ။  

  • အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၂ နေရာ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ သုံးနေရာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ သုံး နေရာ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ သုံးနေရာ၊ တအောင်း (ပလောင်)အမျိုးသားပါတီ နှစ် နေရာ၊ ပအိုင်း အမျိုးသားအဖွဲ့ချုပ် (PNO)ပါတီ တစ်နေရာ။   

  • ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၉၆ နေရာ

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ ၃၂ နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ၂၄ နေရာ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၂၁ နေရာ၊ တအောင်း(ပလောင်)အမျိုးသားပါတီ ခုနှစ် နေရာ၊ ပအိုင်း အမျိုးသားအဖွဲ့ချုပ် (PNO)ပါတီ ခြောက် နေရာ၊ ‘ဝ’ ဒီမိုကရက်တစ်ပါတီ နှစ် နေရာ၊ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ တစ်နေရာ၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ တစ်နေရာ၊ ‘ဝ’အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ တစ် နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ တစ် နေရာ။

  • တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ၇ နေရာ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နှစ် နေရာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ တစ် နေရာ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ တစ်နေရာ၊ အာခါအမျိုးသား ဖွံ့ဖြိုးတိုးတက် ရေးပါတီ တစ်နေရာ၊ တစ်သီးပုဂ္ဂလ တစ်နေရာ။  

၂၀၂၀ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီများ

  • ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
  • အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
  • ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ
  • တအောင်း(ပလောင်) အမျိုးသားပါတီ
  • ပအိုင်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီ
  • ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ
  • ပြည်သူ့ပါတီ
  • ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ
  • ညီညွတ်သောဒီမိုကရက်တစ်ပါတီ
  • ပြည်သူ့ရှေ့ဆောင်ပါတီ
  • တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
  • ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ
  • ကချင်အမျိုးသားကွန်ဂရက်ပါတီ
  • လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ
  • အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
  • ‘ဝ’ အမျိုးသားပါတီ၊ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊

အားကောင်းပြီး ယှဉ်ပြိုင်မှုပြင်းထန်မည့်ပါတီများ

  • ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
  • အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
  • ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ
  • တအောင်း(ပလောင်) အမျိုးသားပါတီ
  • ပအိုင်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီ
  • ‘ဝ’ ဒီမိုကရက်တစ်ပါတီ ။

ရှမ်းပြည်နယ်တွင် မြို့နယ် ၅၅ မြို့နယ်ရှိပြီး ပြည်သူ့လွှတ်တော် ၄၉ နေရာနှင့် အမျိုးသားလွှတ်တော် ၁၂ နေရာရှိသည်။

ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ နမ္မတူ၊ နမ့်ဆန်၊ မန်တုန်၊ ကျိုင်းတုံ၊ မိုင်းခတ်၊ မိုင်းယန်း၊  မိုင်းပြင်း၊ တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းရောင်း၊ တောင်ကြီး၊ ညောင်ရွှေ၊ ကလော၊ ရပ်ဆောက်၊ ဖယ်ခုံ၊ ရွာငံ၊ ပင်းတယ၊ ဟိုပုန်း၊ ဆီဆိုင်၊ ပင်လောင်း၊ ကွတ်ခိုင်၊ နမ့်ခန်း၊ မူဆယ်၊ မဘိန်း၊ မိုးမိတ်၊ မက်မန်း၊ မိုင်းဆက်၊ မိုင်းတုံ၊ တန့်ယန်း၊ မိုင်းရယ်၊ လားရှိုး၊ သိန္နီ၊ ကွမ်းလုံ၊ မိုးနည်း၊ မိုင်းပန်၊ မောက်မယ်၊ လင်းခေး၊ ကုန်းကြမ်း၊ လောက်ကိုင်၊ ကြေးသီး၊ ကွန်ဟိန်း၊ နန့်ဆန်၊ မိုင်းကိုင်၊ မိုင်းရှူး၊ လဲချား၊ လွိုင်လင်၊ ဟိုပန်မြို့နယ်များဖြစ်သည်။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ မကျင်းပဖြစ်သောမြို့နယ်များ -

မိုင်းကိုင်၊ ပန်ဝိုင်၊ မိုင်းမော၊ နားဖန်း၊ ပန်းဆန်း(ပန်းခမ်း)  (“ဝ” ထိန်းချုပ်မှုနယ်မြေများနှင့် မိုင်းလား အထူးဒေသများဖြစ်ကာ ယခင်ကလည်း ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိပါ။) နှင့် မိုင်းလား   

လွှမ်းခြုံအမြင်

တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေထဲ အကြီးဆုံးဖြစ်ပြီး စတုရန်းကီလိုမီတာပေါင်း ၁၅၅,၈၀၀ ကျယ်ဝန်းတဲ့ တြိဂံပုံစံရှိတဲ့ ရှမ်းပြည်နယ်ဟာ တရုတ်နိုင်ငံနဲ့ပါ နယ်နမိတ်ချင်းထိစပ်နေပြီး ပထဝီနိုင်ငံရေးအရ အရေး ပါလှပါတယ်။ ပြည်နယ်ကို ရှမ်းအရှေ့၊ ရှမ်းမြောက်၊ ရှမ်းတောင်ရယ်လို့ သုံးပိုင်းခွဲခြားပါတယ်။ ရှမ်းပြည်နယ်အတွင်း ရှမ်း၊ ပအိုဝ်း၊ ကယန်း အင်းသား၊ တောင်ရိုး၊ ဓနု၊   ကချင်၊ ဝ၊ ကိုးကန့်၊ တအာန်း (ပလောင်)၊ ကယန်း၊ အာခါ၊ လားဟူ နဲ့ ဗမာတွေ နေထိုင်ကြပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာတော့ ပြည်သူ့လွှတ်တော်နေရာ ၄၉ နေရာ၊ အမျိုးသား လွှတ်တော်နေရာ ၁၂  တို့ အတွက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

တပ်မတော်လက်အောက်ခံ  ပြည်သူ့စစ်လက်နက်ကိုင်အဖွဲ့တွေ လွှမ်းမိုးအုပ်ချုပ်မှု နယ်မြေတွေ လည်းရှိတဲ့ ရှမ်းပြည်နယ်ဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ နိုင်ငံရေး လမ်းကြောင်းနဲ့ ရွေး ကောက်ပွဲဗျူဟာ မြောက် ပြည်နယ်တစ်ခုလို့ ပြောလို့ရမယ်ထင်ပါတယ်။ စုံလင်ကွဲပြားတဲ့ လူမျိုးစုငယ်တွေနဲ့ မဟာ မိတ်ဖွဲ့တာ၊ လက်တွေ့အကျိုးစီးပွားအပေါ်မှာ ကာလရှည်လက်တွဲခဲ့တာတွေကနေ ပြည်ခိုင်ဖြိုးကို ရွေးကောက်ပွဲမှာ ထိပ်ကနေ ပန်းဝင်သူဖြစ်စေခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ USDP ဟာ ပြည်ထောင်စု လွှတ်တော်မှာ ၁၈ နေရာ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD နဲ့ ပြည်ထောင်စု အစိုး ရအာဏာရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ၁၅ နေရာကိုယ်စီရရှိခဲ့ပါတယ်။ တအောင်းပလောင်၊ ဝ၊ ပအိုဝ်နဲ့ ကိုးကန့်ပါတီတွေလည်း အနိုင်ရနေရာ တွေရှိနေခဲ့ပါတယ်။

ဖက်ဒရယ်လမ်းစဉ်မွေးဖွားရာ ရှမ်းအမျိုးသားတို့ရဲ့နိုင်ငံရေး၊ ပျက်သုဉ်းသွားခဲ့တဲ့ ဗမာပြည်ကွန် မြူနစ်ပါတီရဲ့ လက်နက်ကိုင်တော်လှန်ရေးနောက်ဆက်တွဲနဲ့ လူမျိုးစုတွေရဲ့ ကိုယ်ပိုင်ပြဌာန်း ခွင့်ဆိုင်ရာ ဗဟိုအစိုး ရကို လက်နက်ကိုင်ပုန်ကန်မှုအားကောင်းနေဆဲဖြစ်ပြီး အမျိုးသား ရေးဝါဒလည်း ခေတ်စားသလို တပ်မတော်တပ်စခန်းတွေလည်းများပါတယ်။။ ဗဟိုအစိုးရ အဆက်ဆက်ဟာ စီမံကိန်းကြီးတွေမှာ ဒေသခံတွေရဲ့ အသံကိုလစ်လျူရှုခဲ့ကြလို ပဋိပက္ခတွေရှိနေပြီး စိုက်ပျိုးရေးအခြေပြုကာ သစ်တောနဲ့ ဓာတ်သတ္တုတူးဖော်မှုတွေရှိတဲ့ ရှမ်းပြည်နယ်ဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု အရင်းအမြစ်တစ်ခုလည်းဖြစ်နေပါ တယ်။

ရှမ်းနိုင်ငံရေးပါတီကြီးတွေဖြစ်တဲ့ လူငယ်ကိုယ်စားလှယ်တွေ၊ အမျိုးသမီးကိုယ်စားလှယ်တွေနဲ့ အခြားလူမျိုးကိုယ်စားလှယ်တွေပါထဲ့သွင်းကာ စနစ်ချယှဉ်ပြိုင်လာတဲ့ ကျားခေါင်းတံဆိပ် ပိုင်ရှင် ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD နဲ့ ကျားဖြူတံဆိပ် ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ SNDP တို့ဟာ နမ့်ခမ်းနဲ့ ကွန်ဟိန်းတို့မှာသာ အကြိတ်အနယ် ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

အကျင့်ပျက်ခြစားမှုနဲ့ လူသားလုံခြုံရေးအားနည်းမှုတွေလည်းရှိနေတဲ့ ပြည်နယ်မှာ၂၀၂၀ ရွေး ကောက်ပွဲမှာ ကြံ့ခိုင်ရေးရဲ့ အဓိက ပြိုင်ဘက်ဟာ SNLD ဖြစ်လာပြီး NLD ကတော့ အရနည်းသွားမယ့် အနေအထားဖြစ် ပါတယ်။

ခွန်ဂျန်( ရွေးကော်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့) နဲ့ တက်ကြွလှုပ်ရှားသူ ကြာရေရှယ်တို့ကို သုံးသပ်ခန့်မှန်းဖို့ ဖိတ်ခေါ်ထားပါတယ်။

ခွန်ဂျန်

  • ကွတ်ခိုင်

“ပြည်သူ့လွှတ်တော်မှာဆိုရင် ကြံ့ခိုင်ရေးကအနိုင်ရနိုင်ခြေများတယ်၊ ဘာကြောင့်လဲဆိုရင် တရုတ်လူမျိုး တွေ များတယ်၊ ကြံ့ခိုင်ရေးထောက်ခံသူတွေများတဲ့အတွက်ကြောင့်ဖြစ် တယ်။ နောက်တအာန်းပါတီလည်း အားကောင်း တယ်၊ အဲ့ဘက်မှာက တအာန်း လူမျိုးစုတစ်ခုပဲ အများစုရှိကြတော့ သူတို့လည်းအားကောင်း နိုင်တယ်၊ ဒီပါတီနှစ်ခုတော့ ပြိုင်ဆိုင် ရလိမ့်မယ်၊ ဒီချုပ်ပါတီကတော့ ဒီလောက်ကြီး အားသိပ်မကောင်းဘူး။”

  • SNLD အားကောင်းတဲ့ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ မူဆယ်၊လားရှိုး

“ ခြုံငုံပြီးပြောမယ်ဆိုရင် ဒီဒေသတွေမှာတော့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD က အားကောင်းနိုင်တယ်။ လူဦးရေအရကြည့်မယ်ဆိုရင် ရှမ်းတိုင်းရင်းသားတွေများ တယ်။ နောက်တစ်ခုက သူ့ပါတီမှာ အခြား တိုင်းရင်းသားတွေလည်း ပါဝင်လာတာကိုတွေ့ရတယ် အဲ့တော့ဒေသခံလူမျိုးစုတွေအစုံအလင်ပါလာတော့ သူကအားကောင်းလာတယ်၊ အဓိကကတော့ တအာန်းပါတီနဲ့ ကြံ့ခိုင်ရေးပါတီနဲ့ အဓိပြိုင်ရမယ်၊ ဒီချုပ်ပါတီက သိပ် ပြီးအားမကောင်းဘူး။”

TNP အားကောင်းတဲ့ နမ့်ဆန်၊ မန်တုံ၊ နန့်ခမ်းမြို့နယ်များ

တအာန်းအမျိုးသားတွေအများစုနေထိုင်ပြီး တအာန်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) သြဇာလွှမ်းပြီး တအာန်းအမျိုးသားပါတီ TNP   အားသာတဲ့နယ်မြေတွေဖြစ်ပါတယ်။

  • ကိုးကန့်ပါတီ ကြံ့ခိုင်ရေးကို ယှဉ်ရခက်မယ့် လောက်ကိုင်

“ကိုးကန့်လူမျိုးတွေများတဲ့ ဒေသဖြစ်တဲ့ အတွက် ကိုးကန့်ပါတီကအားကောင်းနိုင်တယ်၊ အဓိကကတော့ လူမျိုးစုကိုအခြေခံတဲ့ ပါတီတွေက သူတို့လူမျိုးစုတွေအများစုနေထိုင်ကြတဲ့ ဒေသတွေမှာ အားကောင်းတာ ကိုတွေ့ရ တယ်။ ကြံ့ခိုင်ရေးပါတီနဲ့ အဓိကပြိုင်ဆိုင်ရမယ်။”

ဟိုပန်နဲ့ မက်မန်း

၀ ပါတီတွေအနေနဲ့ ပြည်ခိုင်ဖြိုးကို မနည်းပြိုင်ရမှာဖြစ်ပါတယ်။

  • ဒီချုပ်ကို SNLD ယှဉ်ရမယ့်  နောင်ချို

“နောင်ချိုဘက်မှာတော့ ဓနုပါတီတွေတွေရှိမယ်။ သူတို့ကလည်း ပါတီကွဲတွေရှိနေတော့ မဲရနိုင်ခြေကလည်း ကွဲသွာ‌တော့ အားသိပ်မကောင်းဘူး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဒီနှစ်ပါတီက အဓိကယှဉ်ပြိုင်ရမယ်ပေါ့နော်။”

မိုးမိတ်၊ မဘိမ်း

NLD အနိုင်ရမယ့် နေရာတွေဖြစ်ပါတယ်။

ဟိုပုန်း၊ ဆီဆိုင်၊ ပင်လောင်း

ပအိုဝ်းအမျိုးသားအဖွ့ဲချုပ်အမာခံနယ်မြေများဖြစ်၍ PNO ပင်နိုင်ပါလိမ့်မည်။

လွန်ဆွဲနေတဲ့ တောင်ကြီး၊ ရပ်စောက်၊ ကလော၊ ညောင်ရွှေ၊ ဖယ်ခုံ၊ ပင်းတယ၊ ရွာငံ

ပြည်ခိုင်ဖြိုးနှင့် ဒီချုပ်အကြား အားပြိုင်ရမည့်နယ်မြေများဖြစ်သည်။

လင်းခေး၊ ကျေးသီး၊ မိုင်းရှုး၊ ကွန်ဟိန်း၊ လဲချား၊ မိုးနဲ

SNLD အခြေပြုဒေသများဖြစ်၍ တစ်ခြားပါတီများ ယှဉ်မရပါ။

ပြည်ခိုင်ဖြိုးလက်လွှတ်ရမယ့် လွိုင်လင် နမ့်စန်၊ မောက်မယ်၊ မိုင်းပန်

၂၀၁၅ မကြေပွဲကို SNLD က ပြန်ဆင်နွှဲမှာဖြစ်ပြီး ပြည်ခိုင်ဖြိုးလက်လွှတ်ရဖွယ်ရှိနေပါသည်။

ကြာရေရှယ်(တက်ကြွလှုပ်ရှားသူ)

  • NLD စည်းရုံးရေးကောင်းလာတဲ့ ကျိုင်းတုံ၊ မိုင်းပျဉ်း ၊ တာချီလိတ်၊

“ရှမ်းအရှေ့မှာတော့ ၂၀၁၅ ရွေးကောက်ပွဲရလဒ်တွေကိုကြည့်ရင် ကြံ့ခိုင်ရေးက ၈၀ ရာခိုင်နှုန်းလောက်အနိုင်ရထားတဲ့ အတွက် သူကအားကောင်းတယ်လို့ဆိုရမယ်။ ဒီနောက်ပိုင်း မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လည်း စည်းရုံးရေးအင်အား တွေကောင်းလာတယ်၊ အရင်တုန်းကမရှိတဲ့နေရာတွေမှာ ပါတီဝင်တွေတိုးလာတာတွေအများ ကြီးတွေ့ရတယ်။ ဒီတစ်ခေါက်တော့ ဒီနှစ်ပါတီက ၅၀ /၅၀ ဖြစ်နိုင်တယ်၊ တော်တော်ပြိုင်ဆိုင်ရလိမ့် မယ်။”

  • လားဟူအားတက်လာတဲ့ မိုင်းဆက်၊ မိုင်းတုံ

“ဒီနေရာမှာတော့ လားဟူပါတီတွေအားကောင်းနိုင်တယ်၊ ကိုယ်စားလှယ်ကလည်း ပါတီဥက္ကဌ ကိုယ်တိုင်ဝင်ပြိုင်တဲ့ ဒေသလည်းဖြစ်တော့ အားကောင်းတာကိုတွေ့ရတယ်၊ နောက် တစ်ခုက လားဟူလူမျိုးတွေလည်း အများစု ရှိတဲ့ဒေသတွေဖြစ်တယ်၊ အဓိကကတော့ သူတို့က ကြံ့ခိုင်ရေးကိုလည်း တင်ပေးခဲ့ပြီးသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း တင် ပေးပြီးပြီ။ သို့ပေမယ့် ပြဿနာတစ်စုံတစ်ရာရှိ တဲ့အခါကျတော့ ကိုယ့် လားဟူပါတီဆီ ကပဲ အချိန်မရွေး အကူအညီရတော့ ဒီတော့ ဒီတစ်ခေါက်တော့ လားဟူပါတီက အားကောင်း နိုင်တယ်။”

  • ဒီချုပ်ရဲ့ မိုင်းဖြတ်

မိုင်းဖြတ်မှာက ဒီချုပ်က ပြည်သူ့လွှတ်တော်မှာ ဝင်ပြိုင်မယ့်ကိုယ်စားလှယ်က လားဟူတွေထဲမှာ သမိုင်းနောက်ခံကောင်းတဲ့၊ အရှိန်အဝါရှိတဲ့လူဆို‌တော့ သူကနိုင်ခြေများတယ်၊ ပြီးတော့ မဲပေးပိုင်ခွင့်ရှိတဲ့ လားဟူလူမျိုးများ တဲ့ဒေသလည်းဖြစ်တော့ သူကအားသာနိုင်တယ်။”

သိန္နီ၊ မိုင်းရယ်၊ တန့်ယန်း

ရှမ်းအမျိုးသားများသလို SNLD အားကောင်းရာဒေသများဖြစ်လို့ မဲအများစုကို သိမ်းပိုက်ပါလိမ့်မယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly