၂၀၂၀ အထွေထွေရွေးကောက်ပွဲ အကြို သုံးသပ်ခန့်မှန်းချက် (ရခိုင်ပြည်နယ်)

၂၀၂၀ အထွေထွေရွေးကောက်ပွဲ အကြို သုံးသပ်ခန့်မှန်းချက် (ရခိုင်ပြည်နယ်)
၂၀၁၅ ရွေးကောက်ပွဲက ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိမဲရုံတစ်ခုတွင် ရခိုင်တိုင်းရင်းသားများ ဆန္ဒမဲပေးဖို့ တန်းစီနေစဉ်။ (ဓာတ်ပုံ - အီးပီအေ)

၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် မဲရလာဒ်များကို သုံးသပ်ခန့်မှန်းသော MCIJ ၏ အစီအစဉ်ဖြစ်ပါသည်။ ဤအစီအစဉ်အောက်တွင် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် မဲနှင့်ဆိုင်သော အချက်အလက်များ၊ လွှမ်းခြုံမြင်ကွင်း၊ ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများနှင့် အကြိတ်အနယ်ယှဉ်ပြိုင်ကြရဖွယ်ရှိသူများ၊ မီးမောင်း ထိုးပြလိုသည့် မဲဆန္ဒနယ်များနှင့် စောင့်ကြည့်လေ့လာသူများ၏ သုံးသပ်ခန့်မှန်းချက်များ ပါဝင်သည်။ ဤအစီအစဉ်ကို နိုဝင်ဘာ ၁ ရက်နေ့မှစ၍ ပြည်နယ် နှင့်/သို့မဟုတ် တိုင်းဒေသကြီး နှစ်ခုအတွက် ခန့်မှန်းသုံးသပ်ချက်ကို ထုတ်ပြန်သွားမှာဖြစ်သည်။

ဤအကြိုသုံးသပ်ခန့်မှန်းချက်အစီအစဉ်ကို ဝေယံမိုးက အဓိက ပြုစုထားပြီး အောင်မျိုးထွဋ်က ပံ့ပိုးကူညီထားသည်။

ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်လူဦးရေ   = ၃,၁၈၈,၈၀၇ ဦး

ရွေးကာက်ခံနေရာနှင့် ၂၀၁၅ မဲရလဒ်

ရွေးကောက်ခံနေရာ       = ၆၄ နေရာ

  • ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၁၇ နေရာ

          ရခိုင်အမျိုးသားပါတီ ၁၂ နေရာ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လေးနေရာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ တစ်နေရာ။

  • အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၂ နေရာ

ရခိုင်အမျိုးသားပါတီ ၁၀ နေရာ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တစ်နေရာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ တစ်နေရာ။   

  • ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၃၄ နေရာ

ရခိုင်အမျိုးသားပါတီ ၂၂ နေရာ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရှစ်နေရာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ သုံး နေရာ၊ တစ်သီးပုဂ္ဂလ တစ်နေရာ။   

  • တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ၁ နေရာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တစ်နေရာ။

၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီများ

- ရခိုင်အမျိုးသားပါတီ

- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

- ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး‌ရေးပါတီ၊

- ရခိုင့်ဦးဆောင်ပါတီ

- ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

- ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ

- အရှိုချင်းအမျိုးသားပါတီ

- ချင်းတိုင်းရင်းသားများပါတီ

- ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

- ကမန်အမျိုးသားတိုးတက်ရေးပါတီ

အားကောင်းပြီး ယှဉ်ပြိုင်မှုပြင်းထန်မည့် ပါတီများ

ရခိုင်အမျိုးသားပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ။

ရခိုင်ပြည်နယ်တွင် မြို့နယ် ၁၇ မြို့နယ်ရှိပါသည်။

လွှမ်းခြုံမြင်ကွင်း

ရခိုင်ပြည်နယ်သည် အထူးသဖြင့် မြောက်ပိုင်းတွင် အစိုးရတပ် တပ်မတော်နှင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခံထားရသူ ရခိုင့်တပ်တော် အေအေတို့ လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ဘေးဒုက္ခသည် နှစ်သိန်းလေးသောင်းဝန်း ကျင်ရှိနေပြီ ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပေအရ တပ်မတော်၏ ကိုယ်ပိုင်စီမံခွင့်ရှိသည့် ဧရိယာများရှိနေသည့် နိုင်ငံတွင် ပြည်ထောင်စုအစိုးရ အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  NLD ၏ တောင်ကုတ်မှ ကိုယ်စားလှယ်လောင်း သုံးဦး ( နှစ်ဦးမှာ လက်ရှိ ကိုယ်စားလှယ်များလည်းဖြစ်ကြသည်) ကို  ရခိုင်ပြည်နယ်အတွင်း အခြေချရန် နှစ်အနည်းငယ်ကြာကတည်းက ကြိုးစားနေခဲ့သော ကွန်ဖက် ဒရေးရှင်းလိုချင်သည့် အေအေတို့က ဖမ်းဆီးပြီး စစ်သုံ့ပန်းအဖြစ် ကြေညာထားသည်။ 

လုံခြုံရေးမတည်ငြိမ်မှုကိုအကြောင်းပြု၍ မဲဆန္ဒနယ်အချို့ ဖျက်သိမ်းမခံရခင်အထိ  ရွေးကောက်ပွဲဆိုင်ရာ ရှေ့ပြေးတစ်ကြိုခန့်မှန်းချက်များအရ  ဒေသခံ တိုင်းရင်းသားပါတီများအတွက် မဲရလာဒ်ပိုကောင်းလာပြီး ပြည်နယ်လွှတ်တော်ကိုအုပ်စီးလိမ့်မည်ဟု အပြတ်အသတ်နိုင်လိမ့်မည်ဟု ခန့်မှန်းချက်များရှိနေခဲ့သည်။

သို့သော် တဘက်တွင်လည်း မရေရာမှုက ရှိနေခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲရလာဒ်များအရ ရခိုင်ပြည်နယ် တစ်ခုလုံးတွင် ရခိုင်အမျိုးသားပါတီ (ANP) သည် အဓိကအနိုင်ရခဲ့ပြီး ရွေးကောက် ခံနေရာ ၆၄ နေရာတွင် ၄၄ နေရာအထိအနိုင်ရခဲ့သည်။  NLD က ၁၄ နေရာ၊ USDP က ငါး နေရာ၊  တစ်သီးပုဂ္ဂလက တစ်နေရာဖြင့် အသီး သီးအနိုင်ရခဲ့သည်။ ရခိုင်မြောက်ပိုင်းတွင် ANP က အားကောင်းခဲ့ပြီး တောင်ပိုင်းတွင် NLD နှင့် ပထမဆုံးအကြိမ်ရွေးကောက်ပွဲတွင် USDP က အနိုင်ရခဲ့သည်။ ၂၀၁၅-၂၀၂၀ လွှတ်တော်တွင်း ပြည်နယ်အခြေစိုက်ပါတီက အုပ်စီးနိုင်ကာ အဆိုတင်သွင်းမှုများ အောင်မြင်ခဲ့သော်လည်း ဗဟိုအစိုးရက လိုက်လျောပေးနိုင်မှုမရှိသည့် အပေါ်တွင်လည်း စိတ်ပျက်ဝေဖန်မှုများရှိနေခဲ့ကာ ၂၀၂၀ ရွေးကောက်ပွဲရလာဒ်မှ နိုင်ငံရေး မျှော်လင့်ချက် လျော့ပါးမှု သို့မဟုတ် လက်နက်ကိုင်လမ်းစဉ်ဘက် ဝါဒဖြန့် ပိုတွန်းပို့နေမှုများက လည်း ရှိနေပါသေးတယ်။

 ၂၀၂၀ ရွေးကောက်ပွဲတွင် အငြင်းပွားဖွယ်ရာ  ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်တွင် ရွေးကောက်ပွဲမကျင်းပနိုင်တော့သည့်မြို့နယ် ကိုးမြို့နယ် ( ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဗူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး) အတွက် ရွေးကောက်ခံနေရာ ၃၄ နေရာအထိ လျော့သွားမှာဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ  ပြည်သူ့လွှတ်တော် ရှစ်နေရာ၊ အမျိုးသားလွှတ်တော် ငါးနေရာ၊ ပြည်နယ်လွှတ်တော် ၁၆ နေရာ၊ တိုင်းရင်းသားရေးရာဝန်ကြီး တစ်နေရာ)အတွက်သာ ရွေးကောက်ပွဲကို ကျင်းပနိုင်တော့မှာဖြစ်ပြီး ပါတီပေါင်း ၁၀ ပါတီက ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။  

အခင်းအကျင်းအသစ်ကတော့ NLD က သံတွဲ၊ ဂွတို့တွင် အင်အားကောင်းပြီး ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ALD က ရမ်းဗြဲ၊ တောင်ကုတ်တို့တွင် အလားအလာ ရှိနေကာ ကျန်နေရာ များကိုတော့ ANP က မဲသိမ်းပိုက်သွားဖို့ရှိနေပါတယ်။

တဘက်မှာလည်း ရခိုင်မှာ ကြိုတင်မဲထွက်ပေးတာ နည်းသလို နိုဝင်ဘာ ၈ ရက်နေ့ မဲပေးတာနည်းရင်လည်း မဲရလာဒ်တွေကို ပြောင်းလဲသက်ရောက်နိုင်ပါတယ်။

မည်သို့ပင်ဖြစ်စေ ရခိုင်ပြည်နယ်ကတော့ ရွေးကောက်ပွဲအကြိုကာလမှာကော ရွေးကောက်ပွဲ လွန်ကာလမှာပါ တမူထူးခြားနေပါတယ်။ ပြည်နယ်လွှတ်တော်အတွင်း အလိုအလျောက် ထိုင်ခုံ ရသော တပ်ကိုယ်စားလှယ်များ၊ NLD နှင့် ANP တို့အကြား အားပြိုင်မှုမှသည် လွှတ်တော်ဥက္ကဌ ရွေးချယ်ခြင်းကအစ အစိုးရနှင့်လွှတ်တော်အကြား အားပြိုင်မှု ပုံစံအသစ်များကိုလည်း မြင်တွေ့ရဖွယ်ရှိနေပါတယ်။

၂၀၂၀ ရွေးကောက်ပွဲတွင် မကျင်းပဖြစ်သော မဲဆန္ဒနယ် (၃၄) နေရာ

  • ပြည်သူ့လွှတ်တော် - ကိုးနေရာ
  • အမျိုးသားလွှတ်တော် - ခုနှစ် နေရာ
  • ပြည်နယ်လွှတ်တော် - ၁၈ နေရာ

စဉ်

မြို့နယ်

ပြည်သူ့လွှတ်တော်

အမျိုးသားလွှတ်တော်

ပြည်နယ်လွှတ်တော်

၁။

ပေါက်တော

၁ နေရာ

၁ နေရာ (အမှတ် ၄)

၂ နေရာ

၂။

ပုဏ္ဏာကျွန်း

၁ နေရာ

၁ နေရာ (အမှတ် ၅)

၂ နေရာ

၃။

ရသေ့တောင်

၁ နေရာ

၁ နေရာ (အမှတ် ၆)

၂ နေရာ

၄။

မောင်တော

၁ နေရာ

၁ နေရာ (အမှတ် ၇)

၂ နေရာ

၅။

ကျောက်တော်

၁ နေရာ

၁ နေရာ (အမှတ် ၈)

၂ နေရာ

၆။

မင်းပြား

၁ နေရာ

၁ နေရာ (အမှတ် ၉)

(မင်းပြား + မြေပုံ)

၂ နေရာ

၇။

မြောက်ဦး

၁ နေရာ

၁ နေရာ (အမှတ် ၁၀)

၂ နေရာ

၈။

မြေပုံ

၁ နေရာ

 

၂ နေရာ

၉။

ဘူးသီးတောင်

၁ နေရာ

 

၂ နေရာ

 

ထူးထက်နိုင် (Accountable Actions for Arakan)- ရခိုင်ပြည်နယ်နှင့် ခိုင်ကောင်းစံ (ဝံလက်ဖောင်ဒေရှင်း - ဒါရိုက်တာ) - ရခိုင်ပြည်နယ်

တို့ကို ခန့်မှန်းသုံးသပ်ဖို့ ဖိတ်ခေါ်ထားပါတယ်။

ထူးထက်နိုင် (Accountable Actions for Arakan)

ရုပ်ပိုင်းဆိုင်ရာအရ မြင်နေရတာတော့ ရခိုင်အမျိုးသားပါတီကို အုံနဲ့ကျင်းနဲ့ အားလုံးဝိုင်းရံနေတာကို တွေ့ရတယ်၊ တောင်ကုတ်၊ မာန်အောင်၊ သံတွဲ၊ ဂွ ၊ ကျောက်ဖြူပေါ့ တောက်လျှောက် သူတို့တွေ အင်အားပြကြတယ်၊ ပြည်သူ လူထုရဲ့ထောက်ခံမှုကလည်း ပြင်းပြင်းထန်ထန်ကို ရှိနေတယ်၊ ဒါပေမယ့် ရလာဒ်ကတော့ ရွေးကောက်ပွဲကို စောင့်ကြည့်ရမှာပေါ့။

ခုရွေးကောက်ပွဲ ကျင်းပဖို့ ပယ်ဖျက်လိုက်တဲ့စာရင်းမှာ ပါမသွားတဲ့ မြို့နယ်အတော်များများမှာက ၂၀၁၅ ရလာဒ်တွေအရ NLD ကတော်တော်လေးအားကောင်းခဲ့တယ်ပေါ့နော်၊ ဒါပေမယ့် အခုအနေအထားအရ အဲ့ဒီနေရာတွေမှာ မြေပြင်လူထုထောက်ခံမှုကို ANP က ပြန်ရထားတာတွေ့ရတယ်။ ဒါက ဘာကိုဆိုလိုတာလဲဆိုရင် ၂၀၁၅ ကပေးခဲ့တဲ့မဲတွေက ANP ဘက်ကို ပြောင်းလဲသွားမယ်ဆိုတဲ့ အရိပ်အရောင်ကို တွေ့ရတာဖြစ်တယ်။ ဒါပေမယ့် ရွေးကောက်ပွဲ ပြီးသွားမှ သာအဖြေကသေချာနိုင်တယ်၊ ဘာလို့လဲဆိုရင် အခုအခြေအနေမှာ မဲရုံထဲကို မဲသွားပေးမယ့် လူတွေ ဘယ်လောက်ရှိမလဲဆိုတာ ခန့်မှန်းလို့မရသေးပါဘူး။

  • ခိုင်ကောင်းစံ (ဝံလက်ဖောင်ဒေရှင်း - ဒါရိုက်တာ) - ရခိုင်ပြည်နယ်

အခုရွေးကောက်ပွဲလုပ်ဖြစ်မယ့် မြို့နယ် ခုနှစ် မြို့နယ်မှာ အရင်ကဆိုရင် ၂၀၁၀၊ ၂၀၁၅ မှာဆိုရင် ဂွ၊ သံတွဲ၊ တောင်ကုတ်၊ မာန်အောင်၊ အမ်း တို့မှာဆိုရင် ရခိုင်အမျိုးသားပါတီက ဝင်ပြိုင်ပေမယ့် အနိုင်မရခဲ့ဘူးပေါ့နော်၊ အဲ့ဒီဘက်တွေမှာက NLD ကတော်တော်လေးကို အားကောင်းတယ်ပေါ့နော်၊ ခုကျတော့ ဒီမြို့နယ်တွေမှာ ရခိုင်အမျိုးသားပါတီကို လူထုတွေရဲ့ထောက်ခံမှုက တကယ့်ကို သောင်ပြိုကမ်းပြိုလို့ပြောလို့ရတယ်ပေါ့နော်၊ ဒါက ကိုယ်ချင်းစာစိတ်ပေါ့ ဉပမာ ရခိုင်အမျိုးသားပါတီက အရင်တုန်းက ဒီဒေသတွေမှာ ဝင်ပြိုင်ခဲ့ပေမယ့် မဲမထည့်ခဲ့ကြဘူးပေါ့နော်၊ ဒီတစ်ကြိမ်မှာကျတော့ ရခိုင်ပါတီတွေအားကောင်းတဲ့ ကိုးမြို့နယ်မှာ ရွေးကောက်ပွဲမပြုလုပ်တော့ သူတို့က ရွေးချယ်ခံခွင့်လည်း မရှိဘူး ဆုံးရှုံးတယ်၊ အဲ့တော့တောင်ပိုင်းကမြို့က လူတွေက ဒါငါတို့မဲထည့်မှဖြစ်မယ်၊ ဒီပါတီဆိုတာလည်း ငါတို့ရခိုင်လူမျိုးတွေက ပေါက်ဖွားတဲ့ပါတီဆိုတဲ့ အသိက သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာမှာ အပြောင်းအလဲဖြစ်သွားကြတယ်။ အဲ့တော့ ဒီ၂၀၂၀ ရွေးကောက်ပွဲမှာတစ်ချိန်တုန်းက ရှုံးခဲ့တဲ့ ဒီတောင်ပိုင်းကမြို့တွေမှာ ရခိုင်ပါတီအနေနဲ့ ပြန်ပြီးအနိုင်ရနိုင်တယ်လို့သုံးသပ်ပါတယ်။

ထူးထက်နိုင် (Accountable Actions for Arakan)

  • အကြိုကာလ အရေးနိမ့်နေတဲ့ ကျောက်ဖြူက ကြံ့ခိုင်ရေး

ကျောက်ဖြူဘက်က ရွေးကောက်ပွဲပြန်လုပ်ခွင့်ရတဲ့ဒေသတွေမှာ ကြံ့ခိုင်ရေးအားကောင်းကြတယ်လို့ သုံးသပ်သူတွေက သုံးသပ်ကြတယ်ပေါ့နော်။ ဒါပေမယ့် လက်တွေ့မြေပြင်မှာတော့ လူတွေက အင်နဲ့အားနဲ့ ငါတို့တော့ ကြံ့ခိုင်ရေးပါတီ၊ ငါတို့တော့နိုင်ရမည် ဆိုတာမျိုးလုံးဝမတွေ့ရဘူးပေါ့နော်၊ ဒါမှမဟုတ်သူတို့က အင်အားပြစရာမလိုဘူး ရွေးကောက်ပွဲကြမှ အနိုင်ရအောင် အလုံးအရင်းနဲ့ မဲပေးကြမယ်ဆိုတာမျိုးလားတော့ စဉ်းစားစရာရှိတာပေါ့နော်။

  • USDP က အမ်းမှာ အနိုင်ရခြေတွေရှိနေ

USDP အနေနဲ့ကတော့ အမ်းမြို့လိုနေရာမျိုးက တစ်နေရာလောက်များရမလားဆိုပြီး မျှော်လင့်လို့ရနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် အထူးသဖြင့် စစ်ဌာနချုပ်ရှိတဲ့နယ်မြေဖြစ်တယ်၊ တပ်ရင်းတွေများတယ်ပေါ့နော် အဲ့ဒီဘက်က ကြိုတင်မဲတွေများတော့ ဒီလိုမျိုးသုံးသပ်တာပါ၊ ဒါပေမယ့် တောင်ပိုင်းမှာ လက်ရှိလူထုရဲ့စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေတွေ့ရတော့ USDP အတွက် အခွင့်အလမ်းတော့ အများကြီးမတွေ့ရပါဘူးဗျ။

  • NLD အားကောင်းတာ ဂွ နဲ့ သံတွဲ

NLD အနေနဲ့လည်း ကျွန်တော်ထင်ပါတယ် ဂွတို့ဘာတို့မှာ အချို့နေရာတွေရနိုင်ပါသေးတယ်၊ နှစ်နေရာကနေ လေးနေရာလောက်ထိရနိုင်သေးတယ်လို့သုံးသပ်ပါတယ်။ ဘာလို့လဲဆိုရင် ဂွတို့ဘာတို့မှာဆိုရင် ဝန်ကြီးချုပ်ကလည်း သူ့ဒေသအတွက် အများကြီးအလုပ်လုပ်ပေးခဲ့တာပေါ့နော်၊ ဘယ်လိုပဲပြောပြော လူထုမှာကတော့ လွတ်လပ်စွာ မဲထည့်ခွင့်ရှိတော့ ရလာဒ်ကတော့ အမျိုးမျိုးဖြစ်နိုင်တာပေါ့၊၊

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly