ကိုဗစ်ဘေးကင်းစေတဲ့နည်းလမ်းနဲ့ စက်ရုပ်အဖြစ် လန်ဒန်အနုပညာပြပွဲကို ကြည့်ရှုနိုင် 

ကိုဗစ်ဘေးကင်းစေတဲ့နည်းလမ်းနဲ့ စက်ရုပ်အဖြစ် လန်ဒန်အနုပညာပြပွဲကို ကြည့်ရှုနိုင် 
Photo - AFP

အောက်တိုဘာ ၃၁ 

ဗြိတိန်က ခေတ်သစ် ပန်းချီ၊ ပန်းပုအနုပညာရှင်တစ်ဦးဖြစ်တဲ့ ဖီးလစ်ကိုးလ်ဘတ်ရဲ့ Lobsteropolis လို့အမည်ပေးထားတဲ့ အနုပညာပြပွဲမှာ  ပြပွဲအတွင်း လှည့်လည့်သွားနိုင်ပြီး တခြားသူတွေနဲ့ ဆက်သွယ်ပြောဆိုနိုင်တဲ့ စက်ရုပ်ကနေတစ်ဆင့် အဝေးရှိ ကွန်ပျူတာ ဒါမှမဟုတ် ဖုန်းကနေ ပြပွဲကို ထိန်းချုပ်ကြည့်ရှုနိုင်သလို လူကိုယ်တိုင်လည်း လာရောက်လည်ပတ်နိုင်အောင် စီစဉ်ထားပါတယ်။  

ကိုဗစ်-၁၉ ကပ်ရောဂါကာလ လော့ဒေါင်းချမှတ်ထားတဲ့အချိန်မှာ ပြပွဲကျင်းပမယ့်နည်းလမ်းကို စဉ်းစားရာကနေ ခုလို စိတ်ကူးရလာဖြစ်တယ်လို့ ဖီးလစ်က ဆိုပါတယ်။ 

ဒါ့အပြင် ဒီစိတ်ကူးဟာ လူမှုအကွာအဝေး ကန့်သတ်ချက်တွေကို လိုက်နာဖို့ အနာဂတ်ဖြေရှင်းချက်တစ်ခုလည်း ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ 

လန်ဒန်မှာကျင်းပမယ့် အနုပညာပြပွဲကို အွန်လိုင်းကနေ ပြသတာထက် လူတွေက ကင်မရာပါတဲ့စက်ရုပ်ကနေတစ်ဆင့် ပြပွဲကိုလေ့လာနိုင်မယ့် ဆန်းပြားတဲ့ စိတ်ကူးအကောင်အထည်ဖော်ဖို့ ဖီးလစ်က စိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။  

တကယ်တော့ အနုပညာပြပွဲကို လေ့လာချင်သူက စက်ရုပ်အနေနဲ့သွားပြီး မိတ်ဆွေတွေနဲ့တွေ့ဆုံတာဖြစ်ပါတယ်။  

တခြားသူတွေနဲ့လည်း စက်ရုပ်ကင်မရာကနေတစ်ဆင့် စကားစမြည်ပြောဆိုနိုင်ပြီး နောက်ထပ် အစစ်အမှန် ခြေလှမ်းတစ်ခုလို ခံစားတွေ့ကြုံရမှာဖြစ်ပါတယ်။  

ပန်းချီ၊ ပန်းပုအနုပညာရှင် ဖီးလစ်ကိုးလ်ဘတ်က “လူတွေက စိတ်ကူးယဉ်ဆန်မှုကို နှစ်သက်ကြတယ်လို့ ကျွန်တော်ထင်ပါတယ်။ log in လုပ်ပြီးတာနဲ့ စက်ရုပ်ကို ထိန်းချုပ်နိုင်ပြီး အနုပညာပြပွဲကို ကြည့်ရှုနိုင်ပါတယ်။ ဒီနေရာကို အမှန်တကယ်ရောက်သလို ခံစားရမှာပါ။ လူ့အဖွဲ့အစည်းတွေအနေနဲ့  ဖန်တီးထားပြီးရေရှည်ထိန်းသိမ်းဖို့လိုတဲ့ ယဉ်ကျေးမှုဆိုင်ရာတန်ဖိုးတွေအားလုံးကို အထောက်အပံ့ဖြစ်စေမယ့်လှုပ်ရှားမှုတွေ လိုအပ်ပါတယ်။ ဖြေရှင်းချက်တွေအကောင်အထည်ပေါ်လာအောင်၊ အရာရာ ပုံမှန်ဖြစ်နေအောင်လုပ်ဆောင်ဖို့ တာဝန်ရှိပါတယ်။ စက်ရုပ်တွေကတော့ ဖြစ်နိုင်ခြေရှိတဲ့ အနာဂတ်ဖြေရှင်းချက်အတွက် ကိုယ်စားပြုတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီနည်းလမ်းဟာ ကပ်ရောဂါဖြစ်နေတဲ့အချိန်မှာ လူတွေခပ်ခွါခွါနေစေဖို့လည်း အမှန်တကယ်ပဲ ကူညီရာရောက်ပါတယ်” လို့ပြောပါတယ်။  

ဖီးလစ်ဟာ အနုပညာသမားတစ်ယောက်အနေနဲ့ အနုပညာနဲ့ နည်းပညာကို ပူးပေါင်းဖန်တီးပြီး ခုလိုအချိန်မှာ မတူညီတဲ့အရာတစ်ခုကို ကြိုးစားလုပ်ဆောင်ဖို့ အခွင့်အရေးပေးတုန်း အသုံးချလိုက်တာပဲဖြစ်ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required