မိုးညှင်းတွင် လေယာဉ်ဖြင့် ပစ်ခံရပြီး တိုက်ပွဲပြင်းထန်နေဟု ကေအိုင်အေပြော

မိုးညှင်းတွင် လေယာဉ်ဖြင့် ပစ်ခံရပြီး တိုက်ပွဲပြင်းထန်နေဟု ကေအိုင်အေပြော

ချင်းမိုင်၊ နိုဝင်ဘာ ၁၆ ။ ။ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင် အစိုးရ စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ တပ်မ ၈ နယ်မြေအတွင်း နိုဝင်ဘာလ ၁၄ ရက်ကစပြီး တိုက်ပွဲဖြစ်ပွားနေရာ နိုဝင်ဘာ ၁၆ရက်ကမူ အစိုးရက လေယာဉ်ဖြင့် ပစ်ခတ်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့သည်ဟု KIO ၏ ပြောရေးဆိုခွင့်ရှိသူ ဦလနန်က ပြောသည်။

 

မိုးညှင်းမြို့၏ အရှေ့ဘက်ရှိ KIA ၏ တပ်မဟာ ၈ အခြေစိုက် ဌာနချုပ်ရှိရာ တောင်ကုန်းတွက် အစိုးရ စစ်တပ်၏ ခလရ ၁၅ တပ်ဖွဲ့ အပါအဝင် စုပေါင်းတပ်တို့ဖြင့် သုံးရက်ကြာ တိုက်ပွဲ ဖြစ်ပွားနေပြီး ယနေ့တွင် အစိုးရစစ်တပ်က ဟတ်စကီ လေယာဉ် ၂ စီးဖြင့် တိုက်ခိုက်ခဲ့သည်ဟု သူက ပြောသည်။

 

“တိုက်ပွဲကတော့ ပြင်းထန်တယ်လို့ပြောရမယ်။ ဒီနေ့ပဲ ဖြစ်တာ မဟုတ်ဘူး။ ဒီနေ့ဆိုရင် ၃ ရက်ရှိ သွားပြီ။ ၁၄ ရက်က ကျနော်တို့ တပ်စခန်းတွေကို သူတို့စပြီးတော့ ဝင်ပစ်တာပါ။ အဲမှာ ကျနော်တို့စခန်းတွေ ဖယ်ပေးလိုက်ရင်းနဲ့ သူတို့က ထပ်ထပ်ပြီးတော့ တိုးလာပြီး နောက်ပိုင်း ကျနော်တို့တပ်မဟာ ၈ ရဲ့ ဌာနချုပ်ကို ဝင်ပြီးတော့ ပစ်တယ်။ ဒီနေ့ ပစ်ခတ်မှုမှာတော့ သူတို့ လေယာဉ်ကို အသုံးပြုပြီးမှ တပ်မဟာ ၈ ရဲ့ ဌာနချုပ်ကို ဝင်ပြီး ပစ်ခတ်တာမျိုးလုပ်ကြတယ်”ဟု ဦးလနန်က မဇ္ဈိမကို ပြောသည်။

 

နှစ်ဖက် အကျအဆုံးရှိသော်လည်း အသေးစိတ် မသိရသေးကြောင်း သူက ပြောသည်။

 

“မိုးညှင်းမြို့အနားမှာ စစ်အင်အားပြတဲ့အနေနဲ့ လေကြောင်းတပ်ကို ယူပြီး ဒီတောင်ကုန်းကို ပစ်ခတ်တယ်ဆိုတာက သိပ်ကို ဆိုးဝါးလှတဲ့ ဖြစ်ရပ်လို့ ပြောရမယ်။ ကျဆုံးမှုက အဓိက မဟုတ်ဘူး။ တည်ငြိမ်နေတဲ့ စစ်ရေးအခြေအနေကို ပြန်ပြီးတော့ နှိုးဆွ လိုက်တာ။ ပြန်ပြီးတော့ လှုပ်ခတ်လိုက်တာက အဓိကပါ။ ဘယ်သူကစပြီး ဒီတိုက်ပွဲကို ဖန်တီးသလဲဆိုတာက အရေးကြီးဆုံးပါ”ဟု သူက ဆက်လက် ပြောဆိုသည်။

 

ယခု တိုက်ပွဲ ဖြစ်ပွားနေသော KIA တပ်မဟာ ၈ နယ်မြေတွင် ပြီးခဲ့သည့် သုံး၊လေး နှစ်ကတည်းက တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း မရှိခဲ့ဘဲ ၂၀၁၅ ရွေးကောက်ပွဲပြီးနောက် နိုဝင်ဘာလ ၁၃ ရက် ညက ဆင်ဘိုမြို့ရှိ အစိုးရ ၏ ခလရ တပ်ရင်း ၁၄၁ တပ်ကို KIA ဘက်မှ ဝင်ရောက် ပစ်ခတ် ခဲ့သည်ဆိုသော သတင်းမှာလည်း မဟုတ်မှန်ကြောင်း ပြန်လည် ရှင်းပြခဲ့သည်ဟု သူက ပြောသည်။

 

“၁၃ ရက်နေ့ ညမှာ ဆင်ဘိုမြို့မှာရှိတဲ့ ခလရ ၁၄၁ ကို ကေအိုင်အေ တပ်ဖွဲ့ဝင်တွေ လာပစ်ပါတယ် ဆိုပြီးတော့ အပြစ်ဖို့လာတာတွေ ရှိတယ်။ သူတို့ တပ်ထဲမှာလဲ အဲဒီညမှာ လက်နက်ကြီး၊ လက်နက်ငယ် ပစ်တာမျိုး လုပ်ကြတယ်။ ရွာသားတွေလည်း ပြောတယ်။ အမှန်တကယ် ကျနော်တို့ ကေအိုင်အိုတပ်ဖွဲ့တွေက ဆင်ဘိုမြို့ကို ဝင်ဖို့ ညွန်ကြားချက်မျိုးလည်း မရှိဘူး။ ဝင်စရာအကြောင်းလည်း မရှိဘူး။ သွားပြီး ပစ်ခတ်မှာလည်း မဟုတ်ဘူး။ဒါပေမဲ့ သူတို့က တိုက်ပွဲဖန်တီးပြီး ကေအိုင်အိုဘက်က လာပစ်ခတ်ပါတယ်ဆိုပြီးတော့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးကနေ ကျနော်တို့ကို သတိပေးတာမျိုးလုပ်တယ်၊ ကျနော်တို့ဘက်ကလည်း ပြန်ပြီးတော့ ဖြေရှင်းပေးလိုက်ပါတယ်။ ဒါပေမဲ့ နောက်နေ့ ၁၄ ရက်မှာ တပ်မဟာ ၈ ရဲ့ ရှေ့တန်းစခန်းတွေကို စပြီးတော့ ထိုးစစ်ဆင်လာတယ်”ဟု သူက ပြောသည်။

 

လက်ရှိ တိုက်ပွဲဖြစ်ပွားနေမှုနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခြင်းမရှိသော်လည်း နိုဝင်ဘာလ ၁၃ ရက်က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) တိုင်းမှူး၏ သတိပေးစာနှင့် ပတ်သက်၍ ဆင်ဘိုမြိ့ရှိ အစိုးရ တပ်စခန်း ခလရ ၁၄၁ ကို KIA ဘက်မှ ဝင်ရောက် ပစ်ခတ်ခြင်း မရှိခဲ့ကြောင်း ပြန်လည် ရှင်းပြလိုက်သည်ဟု သူက ပြောသည်။

 

ထို့ပြင် လက်ရှိ အစိုးရဘက်မှ လူမှုကွန်ယက်တွင် မိုးညှင်းမြို့အား KIA က အင်အား ၃၀၀ ဖြင့် ဝင်သိမ်းယူရန် ဆင်လာနေပြီ ဖြစ်၍ အစိုးရ စ်စတပ်က ကြိုတင်ကာကွယ်သည့်အနေဖြင့် ခုခံစစ်သုံးရပါသည်ဟုဆိုကာ ရေးသားဖော်ပြမှုများ ရှိနေကာ လက်ရှိ တိုက်ပွဲများ ဆက်လက် ပြင်းထန်မည့် အလားအလာ ရှိနေသည်ဟု ဦးလနန်က ပြောသည်။

 

“သို့သော် သူတို့ အစိုးရက လူမှုကွန်ယက်မှာ ဖော်ပြတာကတော့ မိုးညှင်းမြို့ကို ကေအိုင်အေ အင်အား ၃၀၀ နဲ့ ဝင်သိမ်းဖို့ ဆင်းလာပြီ။ ဒါကြောင့် တပ်ကနေ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ခုခံစစ်သုံးရပါတယ်ဆိုပြီးတော့ ရေးသားဖော်ပြထားတာတွေ တွေ့ရတယ်။ ဒါဟာ လုံးဝ မှားယွင်းတဲ့ သူတို့ရဲ့ ရေးသားချက်ပါ။ ဒါပေမဲ့ အဲဒီအပေါ် အခြေပြုပြီးမှဘဲ သူတို့တိုက်ပွဲကို အရှိန်မြင့်လာဖို့တော့ ရှိတယ်”ဟု သူက ပြောသည်။

 

KIA အနေဖြင့် ရွေးကောက်ပွဲ မတိုင်မီ၊ ရွေးကောက်ပွဲ ကာလ၊ ရွေးကောက်ပွဲ ကျင်းပပြီးသည့်နောက်ပိုင်း ကာလများတွင် ကချင်ပြည်နယ်တွင် တိုက်ပွဲများ မရှိစေရန် ထိန်းသိမ်းခဲ့သော်လည်း အစိုးရ စစ်တပ်က တည်ငြိမ်မှုမရှိအောင် တိုက်ပွဲ ဖန်တီးနေမှုအပေါ် စဉ်းစားစရာ ဖြစ်နေသည်ဟု သူက ပြောသည်။

 

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း KIA ၏ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်းနယ်မြေများတွင်လည်း အစိုးရ စစ်တပ်နှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသလို၊ လက်ရှိ KIA ဌာနချုပ် လိုင်ဇာအနီး တဝိုင်းတွင်လည်း အစိုးရစစ်တပ်က စစ်ရေးလှုပ်ရှားမှုများရှိနေသည်ဟု ဦးလနန်က ပြောသည်။

 

လက်ရှိ မိုးညှင်းမြို့နယ်အတွင်း အစိုးရ စစ်တပ်နှင့် KIO တိုက်ပွဲ ဖြစ်ပွားနေသည်ဟု သိရသော်လည်း အခြေအနေ အသေးစိတ်ကို မသိရသေးကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) မှ ဦးဆန်အောင်က ပြောသည်။

 

KIO သည် လက်ရှိ အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မှုကြမ်းတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်ခြင်း မရှိသဖြင့် လက်မှတ်ရေးထိုးခြင်း မရှိသေးပေ။

 

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အစိုးရအဖွဲ့ ဖော်ဆောင်မည့် ငြိမ်းချမ်းရေးအပေါ် သံသယ မရှိကြောင်း မကြာသေးမီက KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က မဇ္ဈိမကို ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags