ဝန်ကြီးရာထူး စိတ်ကူးမယဉ်ရန် ပါတီဝင်အမတ်များကို ဒေါ်စု သတိပေး

ဝန်ကြီးရာထူး စိတ်ကူးမယဉ်ရန် ပါတီဝင်အမတ်များကို ဒေါ်စု သတိပေး

နေပြည်တော်၊ နိုဝင်ဘာ ၁၆ ။ ။ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်မည်ဖြစ်သည့်အတွက် ရွေးကောက်ပွဲအနိုင်ရ ပါတီဝင်များအနေဖြင့် ပြည်ထောင်စုအဆင့် အစိုးရဝန်ကြီး၊ ဒုဝန်ကြီးများဖြစ်ရမည်ဟု စိတ်ကူးယဉ်မနေကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပါတီဝင်အမတ်များကို သတိပေးလိုက်သည်ဟု NLDဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က သတင်းထောက်များကို ပြောသည်။
 
ဒေါ်အောင်ဆန်းစုကြည်က ပါတီဝင်အမတ်တစ်ချို့အား နိုဝင်ဘာ ၁၆ရက်ကပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီး I -12အဆောင်တွင် ပြောဆိုလိုက်ခြင်းဖြစ်ပြီး “ဝန်ကြီး၊ ဒုဝန်ကြီး စိတ်ကူးမယဉ်ကြနဲ့တဲ့၊ ဒါပဲ ပြောတာ။ ယဉ်တော့ ဘယ်သူသိတာမှတ်လို့… ဟားဟား(ရယ်လျက်)” ဟု ဦးဝင်းထိန်က ပြောသည်။
 
ထို့ပြင် အနိုင်ရအမတ်လောင်းများအနေဖြင့် စည်းကမ်းရှိရှိနေထိုင်ရန်၊ ရွေးကောက်ပွဲအောင်ပွဲများ မလုပ်ရန် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားခဲ့သေးသည်ဟု ပါတီဝင် အမတ်တစ်ဦးက ဆိုသည်။
 
ကြေငြာပြီး ရွေးကောက်ပွဲရလာဒ်များအရ NLDပါတီသည် အပြတ်အသတ် အနိုင်ရရှိကာ အစိုးရတစ်ရပ်ဖွဲ့နိုင်သည့် ပမာဏထက်ပင် ကျော်လွန်နေပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly