ရခိုင်စစ်ဘေးရှောင်အရေအတွက်တိုး ၂၄၀,၀၀ ဝန်းကျင်ဖြစ်လာ

ရခိုင်စစ်ဘေးရှောင်အရေအတွက်တိုး ၂၄၀,၀၀ ဝန်းကျင်ဖြစ်လာ
Photo - AFP

အောက်တိုဘာ ၂၈

ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် တိုက်ပွဲများ ဆက်တိုက်ပြင်းထန်းလျက်ရှိရာ လတ်တလော စစ်ဘေးရှောင် ၁၁၀၀၀ ဝန်းကျင်အထိ တိုးလာနေပြီး စုစုပေါင်း ၂၄၀,၀၀၀ ဝန်းကျင်ထိ ရှိလာကြောင်း မြေပြင်အချက်အလက်များအရ မဇ္ဈိမမှ စုံစမ်းသိရှိရသည်။

ရခိုင်ပြည်နယ် ရသေ့တောင်၊ စစ်တွေ၊ အမ်း၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ အမ်း၊ ကျောက်တော၊ ဘူးသီးတောင်  မင်းပြားနှင့် မြေပုံမြို့များတွင် စစ်ရှောင်များရှိနေခဲ့ကာ မောင်တောတွင်တော့ စစ်ရှောင်များမရှိတော့ဟု သိရသည်။

Rakhine Ethnics Congress(REC)မှ အောင်တိုဘာ ၁ ရက်နေက ကောက်ယူခဲ့သောစာရင်းများအရ စခန်းများတွင်ရှိသော စစ်ဘေးရှောင်နှင့် စခန်းပြင်ပရှိ စစ်ရှောင် ၂၂၆၈၀၄ ဦးရှိရာက ယခုအခါတွင် ရသေ့တောင်၊ စစ်တွေ၊ အမ်းနှင့် မြောက်ဦးတို့တွင် အစဉ်လိုက် သိသိသာသာတိုးလာပြီး ပုဏ္ဏားကျွန်းတွင် အနည်းငယ်တိုးသည်။ ကျောက်တော်၊ ဘူးသီးတောင်၊ မင်းပြားနှင့် မြေပုံမြို့နယ်များတွင်တော့ စစ်ဘေးရှောင်သူမတိုးဘဲရှိနေသည်။
 
ရသေ့တောင်

မဇ္ဈိမ၏ စုံစမ်းချက်အရ လက်ရှိ တိုက်ပွဲများ ပြင်ထန်နေသည့် ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင် ၅၀၀၀ ကျော်အထိ တိုးလာပြီး လက်ရှိတွင် စခန်းရောက် စစ်ဘေးရှောင်အရေအတွက် ၂၀၀၀၀ ကျော်ထိ ရှိလာပြီ ဖြစ်သည်။  

စစ်တွေ

စစ်ဘေးရှောင်များ အရောက်များသည့် ရခိုင်ပြည်နယ် ‌စစ်တွေမြို့တွင် မြို့ပေါ်ရှိ ကျောင်းတိုက် ၂၆ ခုသက်သက်မှပင် စစ်ရှောင်အရေအတွက် ၈၀၀၀ ကျော်ထိ ရှိလာသည်။ REC ၏ အောက်တိုဘာ ၁ ရက်နေ့စာရင်းထက်   ၂၀၀၀ ကျော် များလာခြင်း ဖြစ်သည်။  

မြောက်ဦး

မြောက်ဦးမြို့နယ်တွင်လည်း အောင်တိုဘာ ၁ ရက်နေ့ စာရင်းအရ ၁၉၀၇၈ ဦး ရှိနေရမှ လက်ရှိတွင် ၂၁၀၀၀ ဝန်းကျင်ထိ ရှိလာသည်။

အမ်းမှာလည်းတိုး

အောင်တိုဘာ ၂၀ ရက်နေ့က တိုက်ပွဲပြင်းထန်ခဲ့သော အမ်းမြို့နယ်တွင် စစ်ဘေးရှောင် ၄၀၀၀ ကျော် ရှိသည်ဟု ကိုမျိုးလွင်က ဆိုသည်။ REC က ကောက်ယူထားသော စာရင်းမှာ ၁၈၂၉ ဦးသာ ဖြစ်ရာ ၂၀၀၀ ကျော်တိုးခြင်းဖြစ်သည်။

ပုဏ္ဏားကျွန်း

အောင်တိုဘာ ၂၆ ရက်က ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ရသေ့တောင်မြို့နယ်မှ ပုဏ္ဏားကျွန်းမြို့နယ်သို့ ခြေလျင်ဖြင့် စစ်ရှောင်လာသောသူများရှိသည်ဟု ဒေသခံများက ပြောသည်။ သို့သေ်လည်း မဇ္ဈိမအနေဖြင့် ရှင်းရှင်းလင်းလင်း မသိရသေးပါ။ ပုဏ္ဏားကျွန်းတွင် ယခင်က စစ်ရှောင် အိမ်ထောင်စု ၂၆၀၈ ဦး ရှိသည်။
 
ကျောက်တော်မှာ မတိုး

လက်တလော တိုက်ပွဲများမရှိသော ကျောက်တော်မြို့နယ်မှာတော့ စားရေးနေရေး အခက်အခဲများကြောင့် စစ်ရှောင်စခန်းများတွင် လာရောက်နေထိုင်မှုများ ရှိသည့်အတွက် စစ်ဘေးရှောင်အရေအတွက်အား လောလောဆယ် ထပ်မတိုးထားကြောင်း ကူညီဆောင်ရွက်ပေးနေသည့် ကိုမောင်ထွန်းခင်က ပြောသည်။ ကျောက်တော်တွင် လက်ရှိစစ်ဘေးရှောင် အရေအတွက်မှာ ၁၆၀၀၀ ကျော်သာ စာရင်းလုပ်ထားသည်။ ထိုအရေအတွက်မှာ REC က အောင်တိုဘာလ ၁ ရက်က ကောက်ယူထားသော စစ်ဘေးရှောင်အရေအတွက် ၁၆၇၈၆ ဦးစာရင်းနှင့် သိပ်ကွာခြားမှု မရှိပေ။

ဘူးသီးတောင်လည်း မတိုး

REC စာရင်းအရ ဘူးသီးတောင်တွင်  ၉၅၄၉ ဦးရှိနေပြီး လက်ရှိ အပြောင်းအလဲ သိပ်မရှိကြောင်း ဒေသခံများက ပြောသည်။

မင်းပြားနှင့် မြေပုံ မပြောင်းလဲ

အခြားသော စစ်ဘေးရှောင်စခန်းများရှိသည့် မင်းပြားမြို့နယ်နှင့် မြေပုံမြို့နယ်များရှိ စစ်ဘေးရှောင်အရေအတွက်မှာ သိသိသာသာ ပြောင်းလဲခြင်းမရှိဟု မြေပုံမြို့နယ်ရှိ စစ်ဘေးရှောင်ကူညီပေးနေသော ကိုဝင်းသန်းက ဆိုသည်။

မောင်တောမှာ စစ်ရှောင်မရှိတော့

ဘင်္ဂလားဒေ့ရှ်နှင့် ကပ်လျက်ရှိသော မောင်းတောမြို့နယ်တွင် ယခင်က စစ်ဘေးရှောင်အရေအတွက် ၅၅၄ ဦးရှိသော်လည်း လက်ရှိတွင် တိုက်ပွဲများ မရှိတော့၍ ထိုစစ်ဘေးရှောင်များမှာ ရွာအဖြစ်ပြောင်းလဲ သွားသဖြင့် စစ်ဘေးရှောင်စာရင်း မရှိတော့ဟု ဒေသခံတစ်ဦးဖြစ်သူ ကိုကောင်းမြတ်နိုင်က ပြောသည်။

စစ်ရှောင်စခန်းတွေမှာ ဘယ်လိုရပ်တည်နေကြရလဲ

" စစ်ရှောင်စခန်းက နေရာတိုင်းမှာ မရှိပါဘူး။ ပထမ အလုပ်အကိုင်မတူပါ။ မြို့ပေါ်စခန်း နယ်စခန်း။ အခု ရပ်တည်မူအကုန်လုံးက အလှူအထောက်ပံ့နဲ့ ရပ်တည်ဟာ ၈၀ % ပါ။ ဒါက စစ်ရှောင်စခန်းထဲ မှီခိုနေသူများသာပါ။ အပြင်ထွက်လုပ်တာ ရှိပါတယ်။ COVID-19 ကြောင့် အဆင်မပြေကြပါ။ အလှူထောက်ပံ့ပေးသူတွေ ရှိပါတယ်။ ဒါမယ့် မလုံလောက်ပါ။" လို့ စစ်ဘေးရှောင်စခန်းတွေမှာ ကူညီရေး လုပ်ဆောင်နေသူတစ်ဦးက ပြောပါတယ်။

" လူ တစ်ထောင်ကို တစ်နေ့ စားဆီငါးဗူး၊ ကြက်သွန်လေးအိတ်၊ ဆန်အိတ် ၂၀။ ဒါတောင်မျှအောင် အနည်းဆုံးလျှော့ပေးတာ။ မနက် မုန့်ဖိုးမပါ။ ညနေသရေစာမပါ။ တစ်ခါတစ်ခါ ကြက်ဥကို ငါးသိန်းဖိုးတောင်။ စားဆီ နှစ်ဗူးနဲ့ မျှအောင်ပေးရတယ်။ ငါးနီတူခြောက်က ပေးပေါင်းများလှပြီ။"

" အခုက အသားငါး မစားဖူးတော့ စားရကောင်းမှန်းမသိတော့ဘူး ထင်တယ်။ စခန်းတစ်ချို့တော့စားရတယ်ကြားတယ်၊ မျှမျှတတ၊ အခုအရေးကြီးဆုံးက စစ်ရှောင်စခန်းက မသန်စွမ်း သက်ကြီးရွယ်အိုတွေ၊ ဆေးကုသခံမွေးကင်းစနဲ့ ကလေးအမေများ ဖြစ်တယ်။"

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required