ပလက်ဝရှိ ကျေးရွာအုပ်စု ၁၂ ခုတွင် ရွေးကောက်ပွဲ ကျင်းပခွင့်ပြုရန် KACC က ရွေးကော်ထံ တင်ပြ

ပလက်ဝရှိ ကျေးရွာအုပ်စု ၁၂ ခုတွင် ရွေးကောက်ပွဲ ကျင်းပခွင့်ပြုရန် KACC က ရွေးကော်ထံ တင်ပြ

အောက်တိုဘာ ၂၈၊ ၂၀၂၀

လာမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များ အပါအဝင် ကျေးရွာအုပ်စု ၁၀၂ အုပ်စုအနက် ၉၄ ခုကို မဲဆန္ဒနယ်မြေအဖြစ်မှ ဖျက်သိမ်းကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။  

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲ ကျင်းပနိုင်သော မဲဆန္ဒနယ်များကို ထုတ်ပြန်ခဲ့ရာ တပ်မတော်နှင့် ရခိုင့်တပ် AA တို့ တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ဘေးရှောင်စခန်းများလည်း ရှိနေသည့် ပလက်ဝမြို့နယ်ကို ထည့်သွင်းထားသဖြင့် ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် ပလက်ဝမြို့နယ်ရှိ ကျေးရွာအုပ်စု ၉၄ အုပ်စုကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ယခုကဲ့သို့ ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်ခြင်းလည်း ဖြစ်သည်။  

အဆိုပါ ဖျက်သိမ်းလိုက်သော ကျေးရွာအုပ်စု ၉၄ အုပ်စုအနက် အနည်းဆုံး ကျေးရွာအုပ်စု ၁၂ ခုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြေရှိသည့်အတွက် ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်ကို ပြန်လည် ပြင်ဆင်ပေးရန် ခူမီးချင်း မျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) က ပြည်ထောင်စု အစိုးရနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ အောက်တိုဘာလ ၂၈ ရက်နေ့တွင် စာပို့ တင်ပြထားကြောင်း KACC ပြောရေးဆိုခွင့်ရှိသူ မိုင်နန်းဝေက ပြောသည်။  

“ကပ်ပြီးမှ ဖြုတ်လိုက်တာတော့ တော်တော်လေး အဆင်မပြေဘူးပေါ့လေ။ ပထမ ကျင်းပခွင့် ကျလာပြီဆို့တော့ လူထုကတော့ ပြင်ဆင်နေကြပြီပေါ့နော်။ တိုက်ပွဲကလည်း ပြင်းထန်နေတဲ့ ဒေသဆိုတော့ အစကတည်းက ရွေးကောက်ပွဲ မလုပ်ရမှာကို စိုးရိမ်နေကြတာ။ အခက်အခဲကြားထဲက ပါလာတော့ မျှော်လင့်တာပေါ့လေ။ နီးမှပဲ ကပ်ဖြုတ်လိုက်တော့ အကုန်လုံးအတွက် ရလဒ်ကောင်းတော့ မဟုတ်တော့ဘူးပေါ့။ နစ်နာဆုံးကတော့ လူထုပေါ့လေ။ သူတို့ရွေးချယ်ချင်တဲ့ အမတ်လောင်းတွေ ရှိမယ်။ မဲပေးခွင့်မရဘဲ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေး ဆုံးရှုံးတာကတော့ တော်တော်လေး ထိခိုက်တာပေါ့” ဟု မိုင်နန်းဝေက ပြောသည်။  

ထိုသို့ ရွေးကောက်ပွဲ ကျင်းပခွင့်ပြုရန် တင်ပြထားသော ကျေးရွာအုပ်စု ၁၂ ခုမှာ ပလက်ဝမြို့ပေါ် အနီးတဝိုက်ရှိ ကျေးရွာအုပ်စုများနှင့် ဆမီးမြို့ပေါ် အနီးတဝိုက်ရှိ ကျေးရွာအုပ်စုများ ဖြစ်ပြီး ထိုနေရာများသည် ၂၀၂၀ ပြည့်နှစ်အတွင်း တိုက်ပွဲဖြစ်ပွားမှု မရှိသည့် ကျေးရွာအုပ်စုများဖြစ်ကြောင်း မိုင်နန်းဝေက ပြောသည်။  

ပလက်ဝမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ခုနစ်ခုနှင့် ကျေးရွာအုပ်စုပေါင်း ၉၅ အုပ်စု၊ စုစုပေါင်း ၁၀၂ အုပ်စုရှိပြီး လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ခြောက်သောင်းကျော် ရှိသည်။  

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ပလက်ဝမြို့နယ်တွင် မြို့ပေါ် ရပ်ကွက် ခုနစ်ခုနှင့် ကျေးရွာအုပ်စု တစ်ခုတွင်သာ ရွေးကောက်ပွဲ ကျင်းပနိုင်မည်ဖြစ်သည့်အတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ငါးသောင်း ကျော်ခန့် ဆန္ဒမဲပေးပိုင်ခွင့် ဆုံးရှုံးသွားမည် ဖြစ်သည်။  

ယခု ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်များ၏ အရှုံး၊ အနိုင် ရလဒ်ကိုမူ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တရားဝင် အသိအမှတ်ပြုပေးရန် လိုအပ်ကြောင်း ပလက်ဝမြို့နယ်အတွင်း ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (CNLD) ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးကျော်ငြိမ်းက ပြောသည်။  

“ပလက်ဝမြို့ပေါ် လေးရပ်ကွက်ရယ်၊ ဆမီးမြို့က သုံးရပ်ကွက်နဲ့ ရှင်းလက်ဝအုပ်စု တစ်နေရာပဲ လုပ်မယ်ဆိုပြီး လုံခြုံရေးအရ သတ်မှတ်ထားတယ်။ အဲဒီ သုံးရပ်ကွက်ကို လုပ်ရင်လည်းပဲ တရားဝင် အသိအမှတ်ပြုဖို့ လိုတယ်။ တချို့ တိုက်ပွဲဖြစ်တဲ့နေရာ မဟုတ်ဘဲနဲ့ လုပ်နိုင်တာ အများကြီး ရှိတယ်။ အဲဒီကဒေသခံ မဲဆန္ဒရှင်တွေက မဲထည့်ချင်တာပေါ့။ သူတို့က ထည့်လို့မရတော့ နည်းနည်း စိတ်မကောင်ဘူးပေါ့။ နိုင်ငံတော်အစိုးရက ဒီ သုံးနေရာပဲ ပေးနိုင်မယ်ဆိုတော့ ဒီ သုံးနေရာမှာ လုပ်တဲ့ မဲဆန္ဒရှင်နဲ့ အရှုံး၊ အနိုင် အတည်ပြုဖို့ လိုပါတယ်” ဟု ပြောသည်။  

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် ပလက်ဝမြို့နယ်အတွင်း တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တစ်ဦးနှင့် ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အပါအဝင် ခြောက်ပါတီက ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။  

ပလက်ဝမြို့နယ်၌ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ တစ်နေရာနှင့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ တစ်နေရာ အနိုင်ရရှိခဲ့ပြီး ချင်းတိုး တက်ရေးပါတီက ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ တစ်နေရာ အနိုင်ရရှိခဲ့သည်။  

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သည် ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်ကာ ရေလမ်းခရီးကို အားထားနေရသည့် ဒေသတစ်ခုဖြစ်ပြီး တပ်မတော်နှင့် ရခိုင့်တပ် AA တို့ တိုက်ပွဲဖြစ်ပွားနေသည့် ဒေတစ်ခုလည်း ဖြစ်ကာ စစ်ဘေးရှောင်စခန်းများလည်း ရှိနေသည်။  

အလားတူ ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒနယ် ဖျက်သိမ်းကြောင်း ကြေညာထားသည့် မြို့နယ် ကိုးမြို့နယ်အနက် လေးမြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို့ တင်ပြရန် ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများက အောက်တိုဘာလ ၂၇ ရက်နေ့တွင် သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။ ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြရန် သဘောတူခဲ့ကြသည့် မဲဆန္ဒနယ်များအနက် ဖျက်သိမ်းကြောင်း ကြေညာထားသည့် ပေါက်တောမြို့နယ်တစ်ခုလုံး၊ မောင်တောမြို့ပေါ်နှင့် တောင်ပိုင်းတခွင်၊ စစ်တွေနှင့် တောင်ကုတ်မြို့နယ်မှ ရပ်ကွက်၊ ကျေးရွာနှင့် အုပ်စုတို့ ပါဝင်သည်။

ဖျက်သိမ်းကြောင်း ကြေညာထားသည့် ကိုးမြို့နယ်တွင် မကျင်းပဖြစ်လျှင် ပြည်နယ်ကော်မရှင်၏ မူလစာရင်းအရ မဲပေးပိုင်ခွင့်ရှိသူပေါင်း ဆယ့်ခြောက်သိန်းကျော် ရှိသည့် ရခိုင်ပြည်နယ်တွင် ဆယ့်နှစ်သိန်းကျော်မှာ မဲပေး ပိုင်ခွင့် ဆုံးရှုံးသွားမည်ဖြစ်ပြီး လေးသိန်းကျော်သာ ဆန္ဒမဲပေးပိုင်ခွင့်ရှိကြမည်လည်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required