တရုတ်ရဲ့ခြိမ်းခြောက်မှုတွေကို ဆန့်ကျင်ပြီး အိန္ဒိယဘက်က ရပ်တည်သွားမယ်လို့ မိုက်ပွန်ပဲယိုပြော

တရုတ်ရဲ့ခြိမ်းခြောက်မှုတွေကို ဆန့်ကျင်ပြီး အိန္ဒိယဘက်က ရပ်တည်သွားမယ်လို့ မိုက်ပွန်ပဲယိုပြော
Photo - AFP

အောက်တိုဘာ ၂၈   

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပဲယိုနဲ့ ကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စပါတို့ဟာ အိန္ဒိယမှာ ထိပ်သီးအဆင့်ဆွေးနွေးပွဲပြုလုပ်နေစဉ်မှာပဲ  အမေရိကန်က လုံခြုံရေးကိုထိပါးစေတဲ့ တရုတ်ရဲ့ခြိမ်းခြောက်မှုတွေကို  အင်္ဂါနေ့မှာ သတိပေးပြောဆိုလိုက်ပါတယ်။   

အမေရိကန်နဲ့ အိန္ဒိယနှစ်နိုင်ငံစလုံးဟာ ဗျူဟာမြောက်ဆက်ဆံရေးခိုင်မြဲတဲ့ လက္ခဏာသစ်တစ်ရပ်အနေနဲ့ အရေးကြီးတဲ့အချက်အလက် မျှဝေမှုဆိုင်ရာသဘောတူညီချက်ကို အပြီးသတ်လုပ်ဆောင်မှာလည်းဖြစ်ပါတယ်။  

ပွန်ပဲယိုနဲ့ အက်စ်ပါက  အိန္ဒိယပြည်ပရေးရာဝန်ကြီး  ဆူဘရာမန်ဉာဏ် ဂျိုင်ရှန်ကာနဲ့ ကာကွယ်ရေးဝန်ကြီး ရာ့ဂျ်နာ့ဆင်း တို့နဲ့ ဆွေးနွေးပွဲတွေစတင်ခဲ့ပြီးတဲ့နောက် ပွန်ပဲယိုက “ဒီမိုကရေစီအင်အားကြီးနှစ်နိုင်ငံအနေနဲ့ ပိုမိုနီးကပ်စွာဆောင်ရွက်ဖို့ ဒီနေ့ဟာ အခွင့်အရေးသစ်တစ်ခုဖြစ်ပါတယ်” လို့ အောက်တိုဘာ ၂၇ ရက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။  

ပွန်ပဲယိုက “ ကျွန်တော်တို့နှစ်နိုင်ငံဟာ ဝူဟန်ကအစပြုခဲ့တဲ့ ကပ်ရောဂါတိုက်ဖျက်ရေးမှာ  ပူးပေါင်းဆောင်ရွက်ဖို့၊ လုံခြုံရေးနဲ့လွတ်လပ်မှုအပေါ် တရုတ်ကွန်မြူနစ်ပါတီရဲ့ခြိမ်းခြောက်မှုကို ထိပ်တိုက်ရင်ဆိုင်ဖို့နဲ့  ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို တိုးမြှင့်ဖို့ ပူးပေါင်းဆောင်ရွက်သွားမှာပါ။ အမေရိကန်နဲ့တရုတ်တို့ဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ခြိမ်းခြောက်မှုတင်မကဘဲ ခြိမ်းခြောက်မှုပုံစံအားလုံးကို တွန်းလှန်ဖို့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်သွားမှာပါ ” လို့ပြောပါတယ်။  

အက်စပါက လည်း  “စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့နဲ့ လွတ်လပ်ပြီး ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်  ဒေသကို အနာဂတ်မှာ ကောင်းကောင်းထိန်းသိမ်းထားနိုင်ဖို့ အိန္ဒိယနဲ့ ပိုမိုခိုင်မာတောင့်တင်းတဲ့ဆက်ဆံရေးလိုအပ်တယ်” လို့ ဆိုပါတယ်။  

ထောက်လှမ်းရေးအချက်အလက်မျှဝေခြင်းဆိုင်ရာ သဘောတူညီချက်ကိုလည်း အင်္ဂါနေ့နှောင်းပိုင်းမှာ လက်မှတ်ထိုးဖို့ စီစဉ်ထားကြပါတယ်။   

ဖလှယ်ရေးနဲ့ပူးပေါင်းဆောင်ရွက်မှုအခြေခံသဘောတူညီချက်အရ အိန္ဒိယရဲ့ ဒုံးကျည်ပစ်မှတ်တွေနဲ့ တပ်ဖွဲ့တွေနေရာချထားရာမှာ အထောက်အကူဖြစ်စေမယ့် ထိပ်တန်းလျှို့ဝှက်ချက်တွေဖြစ်တဲ့  ဂြိုဟ်တု နဲ့ အာရုံခံကိရိယာဆိုင်ရာ  အချက်အလက်တွေကို အမေရိကန်က ထောက်ပံ့ပေးမှာဖြစ်ပါတယ်။   

ဒါ့အပြင် တိုက်လေယာဉ်တွေမှာ နောက်ဆုံးပေါ် လေကြောင်းဆိုင်ရာနည်းပညာတွေ ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။  ဒါကြောင့် အက်စပါက US F-18 တိုက်လေယာဉ်တွေဝယ်ဖို့နဲ့ ရုရှားလက်နက်တွေကို မှီခိုအားထားမှုကနေ လွတ်ကင်းအောင် အိန္ဒိယကို တောက်လျှောက်တိုက်တွန်းနေခဲ့တာဖြစ်ပါတယ်။  

ဒါပေမယ့် အိန္ဒိယက ၎င်းရဲ့ ပြည်တွင်းဖြစ် စစ်လက်နက်တွေကိုသာ ပိုမိုလိုလားပြီး ရင်းနှီးမြှုပ်နှံမှုတွေတိုးအောင် လုပ်ချင်နေခဲ့တာပါ။   

နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးတွေဟာ  အချက်အလက်မျှဝေခြင်းတွေ တိုးချဲ့လုပ်ဆောင်သွားဖို့နဲ့ အလားအလာရှိတဲ့ နယ်ပယ်သစ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့  ဆွေးနွေးခဲ့ကြတယ်လို့ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။  

အိန္ဒိယနဲ့အမေရိကန်တို့ဟာ မကြာသေးမီနှစ်တွေအတွင်း  တရုတ်နဲ့ဆက်ဆံရေးတင်းမာမှု ပိုမိုကြီးထွားလာခဲ့ကြပါတယ်။  

ဇွန်လတုန်းက ဟိမဝန္တာနယ်စပ်မှာ တရုတ်တပ်ဖွဲ့တွေနဲ့ အိန္ဒိယတပ်ဖွဲ့တွေ ခိုက်ရန်ဖြစ်ပွားပြီးကတည်းက  အိန္ဒိယဟာ နိုင်ငံတကာစစ်ရေးထေက်ပံ့မှုကို ရယူဖို့ ကြိုးစားခဲ့ပါတယ်။   

အိန္ဒိယက အမေရိကန်ဆီကနေ ရာသီဥတုအေးချိန်အသုံးပြုတဲ့ စစ်ဘက်ဆိုင်ရာ အသုံးအဆောင်တွေကိုလည်း ဝယ်ယူမှာဖြစ်ပါတယ် ။  

နောက်လမှာ အိန္ဒိယသမုဒ္ဒရာမှာ ဩစတြေးလျအပါအဝင် ရေတပ်စစ်ရေးလေ့ကျင့်ဖို့ လည်း သဘောတူညီပြီးဖြစ်ပါတယ်။ အစဉ်အလာအားဖြင့် မလာဘာစစ်ရေးလေ့ကျင့်မှုဟာ အိန္ဒိယ၊ အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့သာ ပါဝင်ကြတာဖြစ်ပါတယ်။   

အိန္ဒိယ၊ အမေရိကန်၊ ဂျပန်နဲ့ ဩစတြေးလျတို့ပါဝင်တဲ့  Quad လို့ခေါ်တဲ့ လေးနိုင်ငံမဟာမိတ်အဖွဲ့ကို  ပိုမိုခိုင်မာတဲ့ဖွဲ့စည်းပုံ ဖြစ်စေချင်တယ်လို့ အမေရိကန်တာဝန်ရှိသူတွေ‌က ပြောခဲ့ပါတယ်။   

ပွန်ပဲယိုဟာ အိန္ဒိယနဲ့ဆွေးနွေးပွဲအပြီးမှာ သီရိလင်္ကာ၊ မော်လ်ဒိုက်ဗ်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေဆီ ဆက်လက်ထွက်ခွါမှာဖြစ်ပါတယ်။   

သီရိလင်္ကာနဲ့ မော်လ်ဒိုက်ဗ်တို့မှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ လွှမ်းမိုးမှု တိုးလာခြင်းက အမေရိကန်နဲ့အိန္ဒိယနှစ်နိုင်ငံစလုံးကို စိုးရိမ်ပူပန်မှုတွေဖြစ်စေခဲ့ပါတယ်။   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required