အဇာဘိုင်ဂျန်နဲ့ တိုက်ပွဲအတွက် အာမေးနီးယား အရန်တပ်တွေကို ရှေ့တန်းလွှတ်ဖို့ စစ်သင်တန်းပေး

အဇာဘိုင်ဂျန်နဲ့ တိုက်ပွဲအတွက် အာမေးနီးယား အရန်တပ်တွေကို ရှေ့တန်းလွှတ်ဖို့ စစ်သင်တန်းပေး
Photo - AFP

 အောက်တိုဘာ ၂၈ 

အငြင်းပွား နာဂေါ်နိုကာရာဘတ်ခ် ရှေ့တန်းဆီ စေလွှတ်ဖို့အတွက် အာမေနီးယားစစ်တပ်ဟာ အရန်တပ်ဖွဲ့ဝင်တွေကို စစ်သင်တန်းပေး လေ့ကျင့်ပေးလျက် ရှိနေပါတယ်။  

ဆိုဗီယက်ဝင် နိုင်ငံဟောင်းတွေဖြစ်ကြတဲ့ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်ကြားမှာ စက်တင်ဘာ ၂၇ ရက်ကစပြီး ကာရာဘတ်ခ်ဒေသနဲ့ ပတ်သက်လို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ 

 “ကျွန်တော်တို့ဟာ ကိုယ့်ဆန္ဒအလျောက် စစ်မှုထမ်းဖို့ ဝင်ရောက်လာကြတာပါ။ ကျွန်တော်တို့ အားလုံးကို ဒီမှာ စစ်သင်တန်းပေးပါတယ်။ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပြီး ရှေ့တန်း ထွက်ချင်နေပါပြီ။ စစ်ပွဲမှာ ကျွန်တော်တို့ပဲ အပြတ်အနိုင်ရမှာပါ။”လို့ အရန်တပ်သားတစ်ဦးဖြစ်တဲ့ အက်ဂါပိုဂိုဆိုင်ယန်က ပြောပါတယ်။ 

“အရန်တပ်သားတွေအဖြစ်နဲ့ ကျွန်တော်တို့ရဲ့ စွမ်းရည် တိုးတက်ဖို့ ဒီမှာ စစ်သင်တန်း လာဆင်းတာပါ။ ကျွန်တော်တို့ဟာ စစ်တပ်မှာ အသုံးဝင်စေရပါမယ်။ စစ်ပွဲနိုင်မယ်လို့လည်း ကျွန်တော်တို့ ယုံကြည်တယ်။”ဆိုပြီး အာမေးနီးယား အရန်တပ်သား အနုရှာဗန်က ပြောပါတယ်။ 

“အရန်တပ်သားတွေကို နည်းဗျူဟာနဲ့ သေနတ်ပစ် သင်တန်းတွေ ပေးနေပါတယ်။ သူတို့တွေက စိတ်ထက်သန်ပြီး ကြံ့ခိုင်မှုလည်း ရှိကြတယ်။ တိုက်ပွဲဆီ ချီတက်ဖို့ သူတို့ အဆင့်ဖြစ်နေပြီ။ တိုက်ပွဲဝင်ဖို့ တိုက်ခိုက်ဖို့တင်မဟုတ်ဘူး အနိုင်ယူဖို့ပါ အသင့်ဖြစ်နေပြီ။”ဆိုပြီး ဒုတိယဗိုလ်မှူးကြီး အာမန်းဖာရိုယန်းကလည်း ပြောပါတယ်။ 

ကာရာဘတ်ခ် ရှေ့တန်းနားက ဘာဒါအရပ်မှာ ရွာတစ်ရွာကို အာမေးနီးယားက ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အဇာဘိုင်ဂျန်က အင်္ဂါနေ့မှာ စွပ်စွဲပြောဆိုပေမယ့် အာမေးနီးယားကတော့ ငြင်းထားပါတယ်။ 

ဒီ ဒုံးကျည်တိုက်ခိုက်မှုမှာ လူလေးဦး သေဆုံးပြီး လသားအရွယ် ကလေးငယ်လေးတစ်ဦးပါ ပါဝင်တယ်လို့ အဇာဘိုင်ဂျန် သမ္မတ လက်ထောက်အကူ ဟတ်ဂျီယက်ဗ်က ပြောပါတယ်။ ဒဏ်ရာရသူ ဆယ်ဦးရှိခဲ့တဲ့ ဒီ တိုက်ခိုက်မှုဟာ အာမေးနီးယားက အဆင်အခြင်မဲ့စွာနဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာလို့ သူက စွပ်စွဲပြောဆိုပါတယ်။ 

“လူသားချင်းစာနာထောက်ထားရေး အပစ်ရပ်ကို ချိုးဖောက်ပြီး အာမေးနီးယားဟာ သူတို့ရဲ့ စစ်ရိက္ခာတွေ ဆုံးရှုံးရတာအတွက် ခုလို အလျော်အစားနဲ့ တိုက်ခိုက်တာပါ။ ဒါဟာ အရပ်သားတွေကို သတ်ဖြတ်တဲ့ စစ်ရာဇဝတ်မှုပါပဲ။”လို့ ဟတ်ဂျီယက်ဗ်က တွစ်တာမှာ ရေးပါတယ်။ 

ဒီ ပြောဆိုချက်ကို အာမေးနီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး ရှုရှန်စတီဗန်ယန်းက ငြင်းဆိုပြီး ဘာဒါအရပ်ဆီကို အာမေးနီးယား တပ်တွေရော၊ ကာရာဘတ်ခ်က အာမေးနီးယား ခွဲထွက်ရေးသမားတွေပါ ဒုံးကျည်ပစ်ခတ်တာ မရှိခဲ့ဘူးလို့ ပြောပါတယ်။ 

“အဇာဘိုင်ဂျန်ဖက်က ဒုံးကျည်တိုက်ခိုက်တယ်ဆိုပြီး ပြောဆိုချက်ဟာ လုံးလုံး လိမ်ညာတာဖြစ်ပြီး ယုတ်ပတ်တဲ့ ရန်စတာပဲ ဖြစ်တယ်။”လို့ သူက တွစ်တာမှာ ရေးသားခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required