တရုတ်နှင့် အိန္ဒိယ ရှေ့မတိုးနောက်မဆုတ်သာအခြေအနေအတွင်း အိန္ဒိယသည် အမေရိကန်နှင့် ကာကွယ်ရေးသဘောတူညီချက် လက်မှတ်ရေးထိုး

By စီအန်အန်
28 October 2020
တရုတ်နှင့် အိန္ဒိယ ရှေ့မတိုးနောက်မဆုတ်သာအခြေအနေအတွင်း အိန္ဒိယသည် အမေရိကန်နှင့် ကာကွယ်ရေးသဘောတူညီချက် လက်မှတ်ရေးထိုး

အောက်တိုဘာ ၂၈ ၊ ၂၀၂၀

(ဟောင်ကောင်) - ဒေသတွင်း တရုတ်၏ စစ်ရေး လှုပ်ရှားမှုများ တိုးတက်လာသည့်အတွက် စိုးရိမ်ပူပန်မှုများကြောင့် ဝါရှင်တန်သည် အာရှတွင် မဟာမိတ်များ ဆက်လက် စုဝေးလျက်ရှိရာ အမေရိကန်နှင့် အိန္ဒိယတို့သည် သူတို့၏ ကာကွယ်ရေးနှင့် လုံခြုံရေး ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေခဲ့သည်။
 
အိန္ဒိယမြို့တော်တွင် အင်္ဂါနေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စ်ပါ နှင့် အိန္ဒိယဘက်မှ ရာ့ချ်နတ်ဆင်းတို့သည် နှစ်နိုင်ငံအကြား သတင်းအချက်အလက် မျှဝေရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ချက်များကို ပိုမိုလုပ်ဆောင်နိုင်ရန် အခြေခံ လဲလှယ်ခြင်းနှင့် ကာကွယ်ရေး သဘောတူညီချက် (BECA) ကို လက်မှတ်ရေးထိုးကြောင်း ကြေငြာခဲ့သည်။
 
“နှစ်နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးတွေက နှစ်နိုင်ငံဆက်ဆံရေး အားလုံးရဲ့ အဓိက မဏ္ဏိုင်ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ တူညီတဲ့ တန်ဖိုးထားမှုတွေ ဘုံရည်မှန်းချက်တွေပေါ်မူတည်ပြီးတော့ အထူးသဖြင့် တရုတ်ရဲ့ ကျူးကျော်မှုနဲ့ မငြိမ်သက်စေတဲ့ အပြုအမူတွေ တိုးပွားလာတဲ့ အခြေအနေမျိုးမှာ ကျွန်တော်တို့က အားလုံးအတွက် လွတ်လပ်ပြီးပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသကို ဖော်ဆောင်ဖို့ ရင်ဘောင်တန်း ရပ်တည်နေတယ်။”ဟု အက်စ်ပါ က ဆိုသည်။
 
သဘောတူညီချက်တွင် နှစ်နိုင်ငံသည် “နိုင်ငံအားလုံး၏ နိုင်ငံရေးလွတ်လပ်မှုနှင့် အချုပ်အခြာအာဏာကို ထိန်းသိမ်းသွားရန်”နှင့်  “ဥပဒေနှင့် နိုင်ငံတကာရေပိုင်နက် အတွင်း လွတ်လပ်စွာသွားလာခွင့်” တို့အတွက် ဆက်လက်လုပ်ဆောင်နေမည်ဖြစ်ကြောင်း ဆင်း က  ပြောကြားထားသည်။
 
လာမည့်လတွင် အိန္ဒိယသမုဒ္ဒရာတွင် ပြုလုပ်မည့် မာလဘာရေကြောင်းလေ့ကျင့်ရေးများတွင် အိန္ဒိယနှင့် အမေရိကန်တို့ ပါဝင်မည်ဖြစ်သည်။ စစ်ရေးလေ့ကျင့်မှုတွင် ဒေသတွင်း တရုတ်၏ စစ်အင်အားမြင့်တက်မှုကို ထိန်းညှိ ရန် အာရှနေတိုးတပ်ဖွဲ့ဟု အချို့က အဆိုပြုထားသည့် အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နှင့် ဩစတြေးလျတို့ပါဝင်သည့် Quad အမည်ရ အလွတ်သဘော မဟာမိတ်အဖွဲ့ဝင်နိုင်ငံများ အားလုံး ပါဝင်မည်ဖြစ်သည်။
 
ယခုလအစောပိုင်းက တိုကျိုတွင်ပြုလုပ်ခဲ့သည့် Quad အစည်းအဝေးတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပဲယိုသည် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့ခဲ့သည့် ကနဦးအစောပိုင်းများတွင် တရုတ်ကွန်မြူနစ်ပါတီ၏ ဖုံးကွယ်ထား မှုကို အပြစ်တင်ပြောဆိုခဲ့ပြီး “ယခုအချိန်မှာ ကျွန်တော်တို့ရဲ့ ပြည်သူတွေနဲ့ ပါတနာတွေကို တရုတ်ကွန်မြူနစ်ပါတီရဲ့ ခေါင်းပုံဖြတ်တာ၊ အကျင့်ပျက်ခြစားတာတွေနဲ့ အကျပ်ကိုင်မှုတွေကနေ ကာကွယ်ဖို့ ပူးပေါင်းလုပ်ဆောင် ဖို့က အရင်ကထက် ပိုအရေးကြီးတယ်” ဟု ဆိုခဲ့သည်။
 
အကြီးတန်း နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတစ်ဦးက “ဒီအချိန်မှာ တရုတ်နဲ့ သူ့ရဲ့ ဒေသတွင်း အပြုအမူတွေက Quad ကို အရေးပါဝင်လာစေပြီး သက်ဝင်လည်ပတ်စေတဲ့ အချက်က ရှောင်လွှဲလို့မရဘူး ”ဟု အစည်းအဝေး အပြီးတွင် သတင်းထောက်များသို့ ပြောကြားခဲ့သည်။
 
အဆိုပါ အရာရှိက “ တရုတ်အစိုးဟာ သူ့ရဲ့ နယ်စပ်တစ်ခုလုံးမှာ  ရုတ်တရက် ကျူးကျော်မှုတွေ ပြောင်းလဲလိုက်တာ" သည် ပေကျင်း၏ ဒေသတွင်း အိမ်နီးချင်းများကို အထိတ်တလန့်ဖြစ်စေခဲ့ကြောင်းပြောကာ အထူးသဖြင့် ဟိမဝန္တာရှိ အိန္ဒိယနှင့် တရုတ်နယ်စပ်တွင် ဆက်လက်ဖြစ်နေသော တင်းမာမှုများကို ထောက်ပြခဲ့သည်။
 
အင်္ဂါနေ့က ဒေလီတွင် ပွန်ပဲယိုက တရုတ်ကွန်မြူနစ်ပါတီသည် ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေးသာမက လွတ်လပ်ပွင့်လင်း သာယာဝပြောသော အင်ဒိုပစိဖိတ်အတွက် အခြေခံအုတ်မြစ်ဖြစ်သည့် လွတ်လပ်စွာသွားလာခွင့်၊ ပွင့်လင်းမြင်သာမှုတို့နှင့် လုံးဝ ရင်းနှီးကျွမ်းဝင်မှုမရှိကြောင်း ဆိုခဲ့သည်။
သူက “ဒီမိုကရေစီနိုင်ငံတွေ ပူးပေါင်းလိုက်တာနဲ့ ကြီးမားတဲ့အရာတွေဖြစ်လာနေတယ်” ဟု ပြောခဲ့ပြီး အမေရိကန်နှင့် အိန္ဒိယအကြား တစ်နေ့ထက်တစ်နေ့  ဆက်ဆံရေးသည် ပိုအားကောင်းလာကြောင်း  ဆိုခဲ့သည်။
 
အိန္ဒိယသည် လတ်တလော အငြင်းပွားဖွယ် နယ်စပ်ဖြစ်သည့် မိုင်၂၁၀၀ (ကီလိုမီတာ ၃၃၇၉) နယ်နိမိတ်ထိစပ်နေသော ပေကျင်းနှင့် ဝါရှင်တန်တို့နှင့် ဆက်ဆံရေးကို ဟန်ချက်ညီညီထိန်းချုပ်ရန် ကာလရှည်ကြာ ကြိုးပမ်း နေခဲ့သည်။ စစ်သား ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရသော ဇွန်လ အိန္ဒိယနှင့် တရုတ်စစ်တပ်များအကြား သွေးထွက်သံယိုတိုက်ပွဲအပြီး ထိုနယ်စပ်ဒေသသည် ယခုနှစ်အတွင်း တင်းမာမှုများဖြစ်နေသော အဓိကနေရာဖြစ်သည်။
 
ကာကွယ်ရေးအကြီးအကဲများ၏ ပူးတွဲ ကြေငြာချက်အရ BECA သဘောတူညီချက် လက်မှတ်ရေးထိုးခြင်းသည် နယူးဒေလီအား အမေရိကန်၏ geo-spatial ထောက်လှမ်းသည့် နည်းပညာများအား လေ့လာနိုင်ခွင့် ပေးမည်ဖြစ်ကာ ရှေ့တန်းစာမျက်နှာတွင် အိန္ဒိယလက်နက်နည်းပညာများ၏ တိကျမှုကို တိုးတက်စေနိုင်မည့် အလားအလာရှိသည်။
 
ပြီးခဲ့သောလက တရုတ်နှင့် အိန္ဒိယတို့သည် အမှန်တကယ်ထိန်းချုပ်မှုစည်း (LAC) de facto နယ်စပ်ကို ကျုးကျော်သည်ဟု အပြန်အလှန် စွပ်စွဲခဲ့ကြပြီး စက်တင်ဘာ ၂၁တွင် အငြင်းပွားနေသည့် ဒေသသို့ စစ်တပ်များ ထပ်မံ စေလွှတ်ခြင်းမပြုရန် နှစ်ဖက်မှ သဘောတူညီခဲ့သော်လည်း စစ်ပွဲအရှိန်အဟုန် လျော့ချရန် ကြိုးပမ်းမှုများမှာ ရုန်းကန်နေရဆဲဖြစ်သည်။
 
သို့ရာတွင် စစ်ပွဲအရှိန်အဟုန်လျော့ချရန် ထိုကြိုးပမ်းမှုသည် တရုတ်အစိုးရမီဒီယာမှ အိန္ဒိယအပေါ် ဆက်လက် ပြစ်တင်ပြောဆိုခြင်းကို မတားဆီးနိုင်ပေ။

“အမေရိကန်အစိုးရ၏ အင်ဒို-ပစိဖိတ် မဟာဗျူဟာသည် တရုတ်ကိုရည်ရွယ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆရလျှင် နယူးဒေလီသည် ဝါရှင်တန်၏ အလုပ်တွင် တက်တက်ကြွကြွပါဝင်မည်လား ဆိုသည်မှာ အနာဂါတ် အမေရိကန်၏ အင်ဒို-ပစိဖိတ်မဟာဗျူဟာ၏ အပြောင်းအလဲဖြစ်စေလိမ့်မည်။”ဟု နိုင်ငံပိုင်သတင်းစာ ချိုင်းနားဒေးလီး က ယခုလ တိုက်ရိုက်ထုတ်လွှင့်မှု အစီရင်ခံစာတွင် ဖော်ပြခဲ့ပြီး နောက်ပိုင်းတွင် ပြည်သူ့လွတ်မြောက် ရေးပါတီ၏ တရားဝင်ဝက်ဘ်ဆိုဒ်တွင် ပြန်လည် ထုတ်ဝေခဲ့သည်။

“တရုတ်နဲ့ နယ်မြေအငြင်းပွားမှုများသည် အိန္ဒိယအား တရုတ်နှင့် ညှိဆွေးနွေးမှုများတွင် အာဏာပိုရနိုင်စေသဖြင့် အမေရိကန်နှင့် ပိုမိုရင်းနှီးစေရန် လှုံဆော်ပေးနေသည်။ သို့သော် အမေရိကန်၏ ဦးဆောင်မှုနောက် မျက်စိမှိတ် လိုက်ခြင်းသည်လည်း သူ၏ ရည်ရွယ်ချက်တွင် မပါဝင်သည့် တရုတ်နှင့် ထိပ်တိုက် ပဋိပက္ခဆီသို့ တွန်းပို့လိမ့်မည်” ဟု ၎င်းက ထပ်ပြောထားသည်။

 ယခုအပတ် တိုက်ရိုက်ထုတ်လွှင့်မှုအစီရင်ခံစာတွင် နိုင်ငံပိုင် သတင်းအေဂျင်စီ ဆင်ဟွာက လာမည့် မာလာဘာ စစ်ရေးလေ့ကျင့်မှုများသည် Quad သည် ကိုယ်ပိုင် နိုင်ငံရေးအကျိုးစီးပွားအတွက် စစ်ရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်နေသော သက်သေများရှိကြောင်း လူသိရှင်ကြား ထုတ်ဖော် ပြောကြားခဲ့သည်။
 
“Quad အဖွဲ့ဝင်တွေအနေနဲ့ ဒေသတွင်း ပြိုင်ဆိုင်မှုကို တိုးမြင့်ဖို့ ကြိုးပမ်းတာက ခေတ်ရဲ့ လမ်းကြောင်းနဲ့ ဆန့်ကျင်နေပြီးတော့ ကမ္ဘာတစ်ဝှမ်း နိုင်ငံအများစုကလည်း လက်ခံမှာမဟုတ်ဘူးဆိုတာ နားလည်သင့်တယ်။ စစ်အေးတိုက်ပွဲ စိတ်သဘောထား မြှင့်တင်ဖို့နဲ့ ဒေသတွင်းမှာ ပရမ်းပတာဖြစ်အောင် တချို့နိုင်ငံတွေရဲ့ ကြိုးပမ်းမှုတွေက ကိုယ့်ကိုယ်ကိုပဲ ထိခိုက်စေလိမ့်မယ်”ဟု ဆင်ဟွာ က ဖော်ပြထားသည်။
 
အင်္ဂါနေ့က တွစ်တာတွင် Quad အား နယူးဒေလီမှ လက်ခံသင့်ပုံအား အိန္ဒိယမီဒီယာတစ်ခုမှ ရေးသားထားခဲ့သည့် ဆောင်းပါးအား တုံ့ပြန်သည့်အနေဖြင့် တရုတ်သံအမတ် လီဘိုင်ဂျီယန် က “မီးနဲ့ဆော့ကစားတဲ့ ရလဒ်က ဘာဆက်ဖြစ်မလဲ သိလား”ဟု မေးမြန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly