မလေးရှားမှာ  အများသုံးဖုန်းရုံကိုသုံးကာ ကိုဗစ်-၁၉ ဓာတ်ခွဲနမူနာယူ 

မလေးရှားမှာ  အများသုံးဖုန်းရုံကိုသုံးကာ ကိုဗစ်-၁၉ ဓာတ်ခွဲနမူနာယူ 
Photo - AFP

အောက်တိုဘာ ၂၈  

မလေးရှားနိုင်ငံဆေးရုံတစ်ရုံက ဆရာဝန်တွေဟာ ကိုဗစ်-၁၉ ဓာတ်ခွဲနမူနာယူရာမှာ ဘေးအန္တရာယ်ကင်းရှင်းစေဖို့အတွက် လဟာပြင်ထဲက  အများသုံးဖုန်းရုံကို အသုံးပြုလျက်ရှိပါတယ်။ 

ဆူဘန်ဂျာယာမြို့က Sunway Medical Centre မှာရှိတဲ့ အများသုံးဖုန်းရုံဟာ အဲကွန်းတပ်ဆင်ထားတဲ့ လေလုံခန်းဖြစ်ပြီး လူတစ်ယောက်သာ ဝင်ဆံ့ကာ ရာဘာလက်အိတ်တပ်ထားတဲ့ ပလတ်စတစ်အကာအနောက်ကနေ ဓာတ်ခွဲနမူနာလှမ်းယူတာဖြစ်ပါတယ်။ 

ကျန်းမာရေးဝန်ထမ်းတစ်ယောက်အနေနဲ့ တစ်နေ့ကို လူ ရာဂဏန်း ဒါမှမဟုတ် ထောင်ဂဏန်းလောက်အထိ ဓာတ်ခွဲနမူနာတွေ ယူရတဲ့အတွက် ရောဂါကာကွယ်ရေး ဝတ်စုံတွေ ဝတ်ဆင်ထားတာတောင်မှ ကူးစက်မှုအန္တရာယ်ရှိနေတတ်ပါတယ်။ 

အဆိုပါဆေးရုံမှာ မေလကုန်ကစလို့ ရွက်ဖျင်တဲဆောက်ကာ ဖုန်းရုံတစ်ခုတည်းကနေ  ဓာတ်ခွဲနမူနာယူပေးနေတာဖြစ်ပြီး မကြာခင်မှာ ဓာတ်ခွဲနမူနာယူမယ့် အခန်းတစ်ခန်းထပ်မံဆောက်လုပ်သွားမယ်လို့ဆိုပါတယ်။  

Sunway Medical Centre က မတော်တဆမှုနဲ့ အရေးပေါ်ဌာနအကြီးအကဲ လော်ကွိုင်ဆီရွန်က “ဒီဖုန်းရုံက လေဟာနယ်ပါရှိတဲ့လေလုံအခန်းဖြစ်ပြီး လေကိုအပြင်တွန်းထုတ်တဲ့ဖိအားရှိပါတယ်။ ဒါကြောင့် ဆရာဝန်က ဖုန်းရုံထဲ ဝင်ထွက်တဲ့အခါ ဗိုင်းရပ်စ်က အထဲမဝင်နိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ Sunway Medical အဖွဲ့က ကျန်းမာရေးဝန်ထမ်းတွေ ဘေးကင်းလုံခြုံဖို့က ဦးစားပေးအချက်ပါ။ ကြီးကြပ်သူတစ်ယောက်အနေနဲ့ သူတို့တွေ လူတွေဆီက နှာခေါင်းအာခေါင်တို့ဖတ်ယူတဲ့အခါ သက်သောင့် သက်သာရှိအောင် လုပ်ပေးဖို့လည်း လိုပါတယ်။ ဝန်ထမ်းတွေ အန္တရာယ်ကင်းအောင် အခုလိုစိတ်ကူးစီစဉ်ခဲ့တာပါ” လို့ဆိုပါတယ်။ 

မလေးရှားနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အသင့်အတင့်သာရှိပြီး ကူးစက်ခံရသူ ၂၈ ၆၄၀ ကျော်ရှိကာ၂၃၈ ဦးသေဆုံးထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly