ဘင်္ဂလားဒေ့ရှ်မှာ ပြင်သစ်ဆန့်ကျင်ရေး လူသောင်းနဲ့ချီ ဆန္ဒပြ 

ဘင်္ဂလားဒေ့ရှ်မှာ ပြင်သစ်ဆန့်ကျင်ရေး လူသောင်းနဲ့ချီ ဆန္ဒပြ 
Photo - AFP

အောက်တိုဘာ ၂၈ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဒါကာမြို့တော်အနှံ့မှာ သောင်းနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ပြင်သစ် ကုန်ပစ္စည်းတွေကို သပိတ်မှောက်ဖို့ စည်းရုံးဆော်ဩကြပါတယ်။ 

တမန်တော် မိုဟာမတ်ကို ကာတွန်းပုံဆွဲတာနဲ့ပတ်သက်ပြီး ခုခံကာကွယ်ပြောတဲ့ ပြင်သစ်သမ္မတ အမ်မန်နျူရယ်မက်ခရွန်ရဲ့ ပုံစံတူရုပ်တုကိုလည်း မီးရှို့ကြပါတယ်။ 

အစ္စလာမ္မစ်ပါတီတစ်ရပ်က ကြီးမှူးကျင်းပတဲ့ အင်္ဂါနေ့က ဒီ ချီတက်ဆန္ဒပြမှုဟာ အင်အား ၄၀၀၀၀ ကျော် ရှိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။  

ဆန္ဒပြသူတွေဟာ ဒါကာက ပြင်သစ်သံရုံးဆီ ချီတက်လာကြတာဖြစ်ပေမယ့် သံရုံးနား မရောက်အောင် ရဲတွေက တားဆီးပိတ်ဆို့ထားခဲ့ရတာ ဖြစ်ပါတယ်။ 

“ပြင်သစ် ပစ္စည်းတွေကို သပိတ်မှောက်” ဆိုပြီး ဆန္ဒပြသူတွေက ကြွေးကြော်အော်ဟစ်ကြသလို မက်ခရွန်ကို အပြစ်ပေးဖို့လည်း တောင်းဆိုကြပါတယ်။ 

ဆန္ဒပြသူတွေ မချည်းကပ်နိုင်အောင် ပြင်သစ်သံရုံးကနေ သုံးမိုင်အကွာအထိကို ရဲအင်အား ရာနဲ့ချီ ဖြန့်ကြက်ထားပြီး ပိတ်ဆို့ထားရတာလည်း ဖြစ်ပါတယ်။ 

ပြင်သစ်ကျောင်းဆရာတစ်ဦးက တပည့်တွေကို တမန်တော် မိုဟာမတ်ရဲ့ ကာတွန်းပုံကို ပြသလို့ ခေါင်းဖြတ်သတ်ဖြတ်ခံရတာအပေါ် ပြင်သစ်သမ္မတ မက်ခရွန်ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး နိုင်ငံအချို့မှာ မက်ခရွန်ကို ပစ်မှတ်ထားပြီး ဆန္ဒပြမှုတွေ ဖြစ်ပွားပေါ်ပေါက်နေတာပါ။ 

မိုဟာမတ်ကို သရုပ်ဖော်ရုပ်ပုံ ရေးဆွဲတာမှန်သမျှကို အစ္စလာမ်မှာက တားမြစ်ထားတာ ဖြစ်ပါတယ်။ 

“မက်ခရွန်ဟာ နတ်ဆိုးကို ကိုးကွယ်တဲ့ ခေါင်းဆောင်တွေထဲက တစ်ဦးပဲ။”ဆိုပြီး အခု စုရုံးချီတက်ပွဲကို ကျင်းပတဲ့ Islami Andolan ပါတီရဲ့ ခေါင်းဆောင် အက်သောရတ်ရှ်မန်းက ပြောပါတယ်။ 

“ပြင်သစ်ဟာ မွတ်စလင်တွေရဲ့ ရန်သူပဲ။ သူတို့ကို ကိုယ်စားပြုသူတွေဟာလည်း ကျွန်တော်တို့ရဲ့ ရန်သူတွေပဲ။”ဆိုပြီး ပါတီရဲ့ နောက်ထပ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ နီဆာအူဒင်က ပြောပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်က ကျောင်းဆရာ ဆမ်မြူရယ်ပတ်တီဟာ လွတ်လပ်စွာ ပြောဆိုခွင့်အကြောင်း သင်ကြားဆွေးနွေးရာမှာ တမန်တော် မိုဟာမတ်ရဲ့ ကာတွန်းပုံကို ပြသမိတာအတွက် ဆယ်ကျော်သက် ချေချင်းလူငယ်တစ်ဦးက ခေါင်းဖြတ်သတ်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီလို ကာတွန်းပုံ ပြတာနဲ့ ပတ်သက်ပြီး သမ္မတ မက်ခရွန်က ခုခံကာကွယ်ပြောဆိုတာကြောင့် တူရကီနဲ့ သံတမန်ဆက်ဆံရေး မပြေမလည် ဖြစ်လာသလို အခြား မွတ်စလင်အများစုနိုင်ငံတွေမှာလည်း ဆန္ဒပြတာတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ပြင်သစ်အမှတ်တံဆိပ် အဝတ်အထည်တွေ ချုပ်လုပ်တင်ပို့ပြီး ဒေါ်လာ ဘီလီယံချီ ဝင်ငွေရနေတာပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly