မယ်စဲ့မြို့နယ်တွင်ထားမည့် မဲပုံးအလွတ် ၃ ပုံး လုံခြုံရေးကြိုး ပြတ်တောက်၊ ရွေးကော်က ပါတီများကို အသိပေး

မယ်စဲ့မြို့နယ်တွင်ထားမည့် မဲပုံးအလွတ် ၃ ပုံး လုံခြုံရေးကြိုး ပြတ်တောက်၊ ရွေးကော်က ပါတီများကို အသိပေး
လွိုင်ကော်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် မဲပုံးများကို ရွေးကောက်ပွဲကျင်းပမည့် သက်ဆိုင်ရာမြို့နယ်နှင့် ကျေးရွာများကိုပို့ရန် ဆောင်ရွက်နေစဉ် (ဓာတ်ပုံ - စောသန်းထိုက်ဦး/မဇ္ဈိမ)

အောက်တိုဘာ ၂၇

ကယားပြည်နယ်၊ ဘော်လခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ရွေးကောက်ပွဲရက်၌ ထားရှိမည့် မဲပုံး သုံးပုံး၏ လုံခြုံရေး ချိတ်ပိတ်ကြိုးများ အောက်တိုဘာ ၂၆ ရက်နေ့က ပြတ်တောက်မှု ဖြစ်ပွားခဲ့သဖြင့် ယင်းမြို့နယ်မှ ဝင်ပြိုင်မည့် နိုင်ငံရေးပါတီများကို မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ခေါ်ယူအသိပေးခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၂၆ ရက်တွင်ပင် မယ်စဲ့မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် တွေ့ဆုံ အသိပေးခဲ့ကြောင်း၊ လုံခြုံရေးချိတ်ပိတ်ကြိုးများ ပြတ်တောက်မှု ဖြစ်ပွားခဲ့ခြင်းဟု ပြောကြောင်း ကယန်း အမျိုးသားပါတီ (KNP) ဥက္ကဋ္ဌ ခွန်းဘီထူး (ခ) လွီးစီငြိမ်းက မဇ္ဈိမကို ပြောသည်။

“ပြန်ချည်တယ်ဆိုတဲ့ အကြောင်း အသိပေးတာပေါ့နော်။ မဲပုံးမှာ ခက်တာက ပြန်ချည်တဲ့ပုံက၊ ဘယ်လို ခေါ်မလဲ၊ ပြန်ဖောက်လို့လွယ်တဲ့ ပုံစံမျိုး ဖြစ်နေတော့ တခြားပါတီက နည်းနည်း ကန့်ကွက်တာ ပါတယ်” ဟု ခွန်းဘီထူးက ပြောသည်။

ရွေးကောက်ပွဲနေ့ မဲထည့်ရာတွင် သုံးမည့် မဲပုံး သုံးပုံး၏ လုံခြုံရေး ကြိုးများ ပြတ်တောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရပြီး ထိုနေ့ အောက်တိုဘာလ ၂၆ ရက် မွန်းတည့် ၁၂ နာရီတွင် ကော်မရှင် အဖွဲ့ခွဲရုံး၌ အစားထိုး၍ ထပ်မံ ချိတ်ပိတ် ဆောင်ရွက်ခဲ့ကြောင်း ကယားပြည်နယ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ Facebook လူမှုကွန်ရက် စာမျက်နှာတွင်လည်း ဖော်ပြထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကယားပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကျော်ဆန်းဝင်းက “မဲပုံးကို ပတ်တဲ့ကြိုးကို တင်းအောင်ဆွဲထားပြီးမှ ကြိုးကို ပြတ်တဲ့ ခလုတ်ကလေး ဘေးမှာ ရှိတယ်၊ ပြုတ်ချင်ရင် ဒီကောင်ဘေးမှာ ခ လုတ်ကလေး ရှိတယ်၊ ကြိုးတင်းအောင်ဆွဲတဲ့ အခါကျတော့ ပြတ်ကုန်တာ” ဟု ပြောသည်။

မဲပုံး လုံခြုံရေးကြိုးများ ပြတ်ခဲ့သော်လည်း မဲပုံးထဲတွင် ကြိုတင်မဲလက်မှတ်များလည်း မရှိကြောင်း ၎င်းက ဆိုသည်။

“မဲပုံးကြိုးတွေ ပြတ်တယ် ဆိုတာကတော့ ရိုးရိုးနဲ့ ပြန်ချည်တဲ့ ကိစ္စတွေက မသင့်တော်ဘူးလို့ထင်တယ်။ ဖြစ်နိုင်ရင် အော်ရီဂျင်နယ် ကြိုးလေးတွေ ဖြစ်သင့်တယ်၊ လဲသင့်တာပေါ့နော်။ အချိန်လည်း ရှိသေးတဲ့ အတွက် အဲဒါတွေကိုတော့ လုပ်စေချင်တယ်” ဟု ခွန်းဘီထူးက ပြောသည်။

မယ်စဲ့မြို့နယ်တွင် ရွေးကောက်ပွဲ ယှဉ်ပြိုင်မည့်သူများအနက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားပြု၍ ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုသည် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) ၌ ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ပြီး KNP ပါတီ ဥက္ကဋ္ဌ ခွန်းဘီထူးက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။

ထို့အပြင် မယ်စဲ့မြို့နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်တွင် KNP ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) တို့အပြင် ရှမ်းတိုင်းရင်သားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီတို့နှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတချို့လည်း ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်သည် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင် ခရိုင်နှင့် နယ်စပ်ချင်း ထိစပ်လျက်ရှိပြီး ကယန်း အပါအဝင် ကရင်တိုင်းရင်းသားများနှင့် ရှမ်းတိုင်းရင်းသားများ နေထိုင်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required