ရီပတ်ဘလစ်ကန်တွေက အရာအားလုံးကို အနိုင်ရပြီး ဒီမိုကရက်တွေက မဲပေးမနေကြဘူးလို့ ထရမ့် ပြော

ရီပတ်ဘလစ်ကန်တွေက အရာအားလုံးကို အနိုင်ရပြီး ဒီမိုကရက်တွေက မဲပေးမနေကြဘူးလို့ ထရမ့် ပြော
Photo - AFP

အောက်တိုဘာ ၂၇

ရီပတ်ဘလစ်ကန်တွေဟာ ယခုအချိန်ကနေစပြီး အရာအားလုံးကို အနိုင်ရရှိသွားတော့မှာဖြစ်ပြီး ဒီမိုကရက်တွေကတော့ မဲပေးမနေကြဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အောက်တိုဘာ ၂၆ ရက် ပန်ဆယ်ဗေးနီးယား ပြည်နယ် အလန်တောင်းမြို့မှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းဝေးပွဲတစ်ခုမှာ ပြောကြားလိုက်ပါတယ်။

ပန်ဆယ်ဗေးနီးယားပြည်နယ်ကတော့ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် ပြည်နယ်တစ်ခုဖြစ်ပြီး သမ္မတ ထရမ့်ဟာ ယင်းပြည်နယ်မှာ လူထုစည်းဝေးပွဲ သုံးခုကို တက်ရောက်ဖို့ ရှိပါတယ်။

“ဘာနဲ့ စသလဲ ဆိုတော့၊ ကိုဗစ်၊ ကိုဗစ်၊ ကိုဗစ် ပေါ့၊ မသွားနဲ့၊ မသွားနဲ့ ၊ မဲ မပေးနဲ့၊ မသွားနဲ့၊ မဲ မပေးနဲ့၊ ဘယ်သူ မဲ မပေးဘူးလဲ ဆိုတာ ခင်ဗျားတို့ သိပါတယ်၊ ဒီမိုကရက်တွေပေါ့၊ သူတို့ မဲပေးမနေကြပါဘူး” လို့ သမ္မတ ဒေါ်နယ်ထရမ့်က မဲဆွယ်စည်းရုံးပွဲမှာ ပြောသွားပါတယ်။

“ဒီတော့ကာ ကနဦးအပတ်မှာတော့ ကျွန်တော်တို့ဟာ စိတ်မကောင်း ဖြစ်ရမယ်လို့ပဲ ပြောရမှာပေါ့၊ ဘာလို့လဲ ဆိုတော့ ဒါက အတုအယောင် မဲတွေလေ၊ ဟုတ်တယ်မလား၊ အတုအယောင် မဲတွေက တကယ့်ကိုပဲ ကလိမ်ကကျစ် ကျတာတွေပါပဲ၊ အဲဒီနောက် ကျွန်တော်တို့ အမှီလိုက်ကြရမယ်၊ ဒါပေမယ့် ကြိုတင်မဲပေးမှုမှာ ကျွန်တော်တို့ ဦးဆောင်ထားတဲ့ ပြည်နယ်တွေလည်း ကျွန်တော်တို့မှာ ရှိပါတယ်၊ အဲဒါမှ ပြဿနာပဲဗျာ၊ ဘာလို့လဲဆိုတော့ ကျွန်တော် တို့ဟာ ဒီအခိုက်အတန့်ကနေစပြီး အရာအားလုံးကို အနိုင်ရတော့မှာဖြစ်လို့ပါ၊ ကျွန်တော်တို့ အရာအားလုံးကို အနိုင်ရပါမယ်” လို့ ထရမ့်က ပြောပါတယ်။

“ ဒီ မဲတွေနဲ့ပတ်သက်လို့ ပြောရရင် ဘယ်သူတွေက ဒါတွေကို ပို့နေသလဲ၊ ဘယ်သူတွေကရော ဒါတွေကို လက်ခံနေသလဲ၊ ဘယ်သူတွေက ဒါတွေကို ပြန်ယူလာနေသလဲ၊ ဘယ်သူတွေက ဒါတွေကို လက်မှတ်ထိုးနေသလဲ၊ ဒါက အဓိပ္ပါယ်ကို မရှိပါဘူး။ ဒါက ကျွန်တော်တို့ ဖြစ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်း၊ ကျွန်တော်တို့ ရှုံးနိုင်တဲ့ တစ်ခုတည်းနည်းလမ်းပါ၊ ကျွန်တော့်အမြင်အရပေါ့လေ၊ ဒါက ကြီးမားတဲ့ လိမ်လည်မှုပါ” လို့လည်း သမ္မတ ထရမ့်က ပြောသွားပါတယ်။

“ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ လုပ်နိုင်ခဲ့တယ်၊ ကျွန်တော်တို့ ပြီးစီးအောင်မြင်အောင်လုပ်နိုင်ခဲ့တယ်၊ ဒါကြောင့်လည်း လွန်ခဲ့တဲ့ လေးနှစ်ကနဲ့ ယှဉ်ရင် ခုချိန်မှာ စိတ်အားထက်သန်မှုတွေ ပိုတောင် ရှိနေပါပြီ၊ စကားပြောရတာ နည်းနည်း ရှည်သွားပြီ၊ ဒီတော့ တယ်လီပရွန်တာ ဘက်ကို ပြန်သွားရအောင်၊ ကျွန်တော်တို့ တယ်လီပရွန်တာဆီ ပြန်သွားသင့်သလား ဒါမှမဟုတ် ဒီတိုင်းပဲ ဆက်သွားသင့်သလား၊ တယ်လီပရွန်တာ တစ်ခု မလိုတဲ့ သမ္မတ တစ်ဦး ရှိတာ မကောင်းဘူးလား” လို့ ထရမ့်က ပြောသွားပါတယ်။

“ဘယ်သူတွေ မဲပေးထားသလဲ၊ လက်ထောင်ပြပါ၊ အင်း၊ အဲဒါက ဘာဖြစ်နေလဲ ဆိုတာပေါ့၊ ဒါက အနီရောင်လှိုင်းတစ်ခု ဖြစ်ပါတော့မယ်၊ ဘယ်သူတွေ မဲပေးကြမှာလဲ၊ အဲဒါက ဖြစ်သွားပါတော့မယ်၊ ပြီးခဲ့တဲ့ စကားစစ်ထိုးပွဲကို ခင်ဗျားတို့ ကြည့်ခဲ့ရတဲ့အတွက် ကျွန်တော် ဝမ်းမြောက်မိတယ်၊ ခင်ဗျားတို့လည်း သိတယ်မလား၊ ဂူးဂဲလ်ပေါ်က နံပါတ်တစ်အရာက ‘ငါ့ဆန္ဒမဲကို ဘယ်လို ပြောင်းရမလဲ’ ဖြစ်တယ်ဆိုတာ ခင်ဗျားတို့ ကြားခဲ့ကြသလား၊ အဲဒါနဲ့ပတ်သက်လို့ ခင်ဗျားတို့ သိသလား” လို့ ထရမ့်က ပြောခဲ့ပါတယ်။

“ခင်ဗျားတို့လည်း သိတယ်မလား၊ အဲဒါက တရားရုံးကို တရားသူကြီး ထပ်ဖြည့်တာထက် ပိုပါတယ်၊ ဘယ်သူကို စီစဉ်တင်ဆက်မလဲ သူပြောပါလိမ့်မယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ ကျွန်တော်တို့နိုင်ငံကို ဖျက်ဆီးမယ့် အစွန်းရောက်တော်လှန်လိုတဲ့ လက်ဝဲယိမ်း တရားမျှတမှုတွေ မရှိနိုင်ဘူးလေ၊ ပြီးတော့ ကျွန်တော်တို့အနေနဲ့ ဘယ်သူ့ကို ရွေးချယ်ရမလဲ ဆိုတဲ့အပေါ် အရမ်း၊ အရမ်းကို ဂရုစိုက်ရပါမယ်” လို့ ထရမ့်က ပြောသွားပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ရဲ့  ရုန်းကန်နေရတဲ့ ရွေးကောက်ပွဲ မဲဆွယ်ကမ်ပိန်းအတွက်ကတော့ တနင်္လာနေ့မှာ အားတက်စရာကိစ္စတစ်ခု ရှိခဲ့ပြီး ယင်းနေ့မှာတော့ ထရမ့် အဆိုပြုထားခဲ့တဲ့ တရားသူကြီးတစ်ဦးကို အမေရိကန် တရားရုံးချုပ် တရားသူကြီးအဖြစ် ဆိနိတ်လွှတ်တော်က မဲခွဲ အတည်ပြုပေးလိုက်လို့ ဖြစ်ပါတယ်။ဒီလို တရားရုံးချုပ် တရားသူကြီး အတည်ပြုမှုကတော့ အမေရိကန် ကွန်ဆာတေးဗစ်တွေအတွက် အထင်ကရ အောင်ပွဲတစ်ခု လည်း ဖြစ်ခဲ့ပါတယ်။

ရီပတ်ဘလစ်ကန်တွေ ထိန်းချုပ်ထားတဲ့ ဆိနိတ်လွှတ်တော်က တရားသူကြီး အေမီ ကိုနီ ဘာရက်တ်ကို တရားရုံးချုပ် တရားသူကြီးအဖြစ် အတည်ပြုပေးလိုက်တဲ့နောက် ယခုအခါ တရားသူကြီး အေမီဟာ တရားသူကြီး ကိုးပါး ထိုင်တဲ့ တရားရုံးချုပ်မှာ ခြောက်ဦးမြောက် ကွန်ဆာတေးဗစ်တစ်ဦး ဖြစ်လာခဲ့ပါတယ်။

နိုဝင်ဘာ ၃ ရွေးကောက်ပွဲ ကျင်းပဖို့ ရှစ်ရက်အလိုမှာပဲ ဖြစ်ခဲ့တဲ့ ဒီခန့်အပ်မှုကတော့ သမ္မတထရမ့်အတွက် မငြင်းနိုင်တဲ့ အောင်ပွဲတစ်ခုအဖြစ် မှတ်ယူနိုင်ပါတယ်။

လက်ရှိအချိန်မှာ သမ္မတ ထရမ့်ကတော့ ဒီမိုကရက် ပြိုင်ဘက် ဂျိုးဘိုင်ဒန်ကို အကြိတ်အနယ် ယှဉ်ပြိုင်ဖို့အတွက် နောက်ဆုံးအားထုတ်မှုအဖြစ် အဓိကကျတဲ့ ပြည်နယ်တွေမှာ မဲဆွယ်စည်းဝေးပွဲတွေကို တစ်ပွဲပြီးတစ်ပွဲ လှည့်လည် တက်ရောက်လျက် ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly