ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒခံယူပွဲ အနိုင်ရလို့ ချီလီနိုင်ငံသားများ အောင်ပွဲခံ  

ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒခံယူပွဲ အနိုင်ရလို့ ချီလီနိုင်ငံသားများ အောင်ပွဲခံ  
Photo - AFP

အောက်တိုဘာ ၂၇  

ချီလီနိုင်ငံမှာ စီးပွားရေးနဲ့ လူမှုရေးမညီမျှမှုတွေကို အခြေပြုထားတယ်လို့ ယူဆထားကြတဲ့ အာဏာရှင်ခေတ်ဖွဲ့စည်းပုံကို အစားထိုးဖို့ အောက်တိုဘာ ၂၅ ရက်က ဖွဲ့စည်းပုံပြင်ဆင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ်ပြီး တစ်ခဲနက် မဲပေးခဲ့ကြပါတယ်။  

၁၉၇၃-၁၉၉၀ နှစ်များကာလက အာဏာရှင် အော်ဂတ်စတိုပီနိုချေးရဲ့ အမွေအနှစ် ဖွဲ့စည်းပုံကို ဆန္ဒမဲတွေနဲ့ ပယ်ဖျက်နိုင်ခဲ့ပြီးတဲ့နောက်မှာတော့ မြို့တော် ဆန်တီယာဂိုနဲ့တခြားမြို့ကြီးတွေမှာ အောင်ပွဲတွေ ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ကြပါတယ်။  

ဆန္ဒမဲ ၉၉ ရာခိုင်နှုန်းကျော်ရေတွက်ပြီးချိန်မှာတော့ ထောက်ခံမဲ ၇၈.၂၈ ရာခိုင်နှုန်း ကန့်ကွက်မဲ ၂၁.၇၂ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းပုံအသစ်ရေးဆွဲဖို့ အနိုင်ရရှိလိုက်တာကြောင့် တနင်္လာနေ့ညက လူထောင်ပေါင်းများစွာဟာ အောင်ပွဲခံဖို့ လမ်းမတွေပေါ်မှာ စုဝေးခဲ့ကြပါတယ်။ 

“အခုလို အပြောင်းအလဲကြီးအတွက် ချီလီနိုင်ငံသားတွေက စည်းရုံးနိုင်လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်မိခဲ့ပါဘူး” ဟု အောင်ပွဲခံနေသူ အမျိုးသမီးတစ်ဦးက AFP ကို ပြောပါတယ်။  

သမ္မတ ဆီဘက်စတီယန်ပီညဲရာက ဆန္ဒခံယူပွဲရလဒ်တွေကို လက်ခံကာ ဖွဲ့စည်းပုံအသစ်အတွက် နိုင်ငံသားတွေအတူတကွလုပ်ဆောင်ဖို့ မွန်နဲဒါနန်းတော်ကနေ မိန့်ခွန်းပြောဆိုထုတ်လွှင့်ပြီး တိုက်တွန်းခဲ့ပါတယ်။  

“ဒီဆန္ဒခံယူပွဲဟာ အဆုံးသတ်မဟုတ်သေးပါဘူး။ ချီလီအတွက် ဖွဲ့စည်းပုံအသစ်ကို သဘောတူညီကြဖို့ အားလုံးလျှောက်လှမ်းရမယ့်လမ်းအစပဲရှိပါသေးတယ်။ ဖွဲ့စည်းပုံကြောင့် ကျွန်တော်တို့တွေ သဘောထားကွဲလွဲခဲ့ကြတယ်။ အခုအချိန်ကစပြီး ဖွဲ့စည်း ပုံအသစ်က စည်းလုံးညီညွတ်မှု၊ တည်ငြိမ်မှုနဲ့ အနာဂတ်ရဲ့ ကြီးမားတဲ့မူဘောင်ဖြစ်လာဖို့ ကျွန်တော်တို့တွေ အတူတကွ ပူးပေါင်းဆောင်ရွက်ရပါမယ်” လို့ ပီညဲရာက ပြောပါတယ်။ 

မဲရလဒ်တွေဟာ ချီလီရဲ့ နိုင်ငံရေးလူတန်းစားတွေကို ပယ်ချလိုက်တာဖြစ်တယ်လို့ ဆန်တီယာဂိုတက္ကသိုလ်က နိုင်ငံရေးသိပ္ပံပညာရှင် မာဆယ်လိုမဲလာက ပြောပါတယ်။ 

ဆန်တီယာဂိုမြို့လယ်မှာ လူအင်အားတစ်သန်းလောက်ရှိတဲ့ လူစုလူဝေးတွေဖြစ်ကာ လူပေါင်း ၃၀ သေဆုံးစေခဲ့ပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရခဲ့တဲ့ မငြိမ်မသက်မှုတွေဖြစ်ပွားပြီးတဲ့နောက် တစ်နှစ်အကြာမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒခံယူပွဲ ပေါ် ပေါက်ခဲ့တာဖြစ်ပါတယ်။ 

သမ္မတပီညဲရာကတော့ ရက်သတ္တပတ်အနည်းငယ်အတွင်း ဖွဲ့စည်းပုံအသစ် ပြင်ဆင်ရေးဆွဲမယ့်လုပ်ငန်းစဉ်စတင်ဖို့ ကတိပြုခဲ့ပါတယ်။ 

ဖွဲ့စည်းပုံအသစ်မှာတော့ လူမှုဖူလုံရေးလုံခြုံမှုကွန်ရက်တွေဖြည့်ဆည်းဖို့နဲ့ ကျန်းမာရေး၊ ပညာရေး၊ ရေဖြန့်ဝေရေးနဲ့ပင်စင်ဆိုင်ရာ အခြေခံအခွင့်အရေးတွေ ရရှိအောင် နိုင်ငံတော်ရဲ့အခန်းကဏ္ဍကို တိုးချဲ့ရေးဆွဲသွားမှာဖြစ်ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly