တရုတ်ရဲ့ခြိမ်းခြောက်မှုတွေကို ဆွေးနွေးဖို့ မိုက်ပွန်ပဲယို အိန္ဒိယသို့ရောက်ရှိ 

တရုတ်ရဲ့ခြိမ်းခြောက်မှုတွေကို ဆွေးနွေးဖို့ မိုက်ပွန်ပဲယို အိန္ဒိယသို့ရောက်ရှိ 
Photo - AFP

အောက်တိုဘာ ၂၇ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပဲယိုဟာ အာရှလေးနိုင်ငံခရီးစဉ်စတင်တဲ့အနေနဲ့ တနင်္လာနေ့မှာ အိန္ဒိယနိုင်ငံ နယူးဒေလီကို ရောက်ရှိလာခဲ့ပြီး တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေကို အလေးထားဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။ 

ဇွန်လကဖြစ်ပွားခဲ့တဲ့ နယ်စပ်ပဋိပက္ခနောက်ပိုင်း အိန္ဒိယနဲ့တရုတ်အကြား တင်းမာမှုမြင့်တက်လာပြီးတဲ့နောက် ပွန်ပဲယိုဟာ အမေရိကန်ကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စပါနဲ့အတူ အိန္ဒိယသို့ နှစ်ရက်ကြာခရီးစဉ်အတွင်းမှာ ထိပ်သီးဆွေးနွေးပွဲတွေ ပြု လုပ်သွားမှာဖြစ်ပါတယ်။ 

အေးခဲလှတဲ့ ဟိမဝန္တာဒေသမှာ အသေအကြေတိုက်ပွဲတွေဖြစ်လာခဲ့တဲ့အခါ အမေရိကန်ရဲ့ ရာသီဥတုအေးချိန်သုံး ပစ္စည်းကိရိယာတွေကို အိန္ဒိယက လိုအပ်နေတာဖြစ်ပါတယ်။ 

ပွန်ပဲယိုနဲ့အက်စပါတို့ဟာ အိန္ဒိယပြည်ပရေးရာဝန်ကြီး ဆူဘရာမန်ဉာဏ် ဂျိုင်ရှန်ကာနဲ့ ကာကွယ်ရေးဝန်ကြီး ရာ့ဂျ်နက်ဆင်းတို့နဲ့ တွေ့ဆုံတဲ့အခါ အဆိုပါကိစ္စတွေကို ဆွေးနွေးသွားဖွယ်ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

အမေရိကန်အနေနဲ့ ခေတ်မီဆန်းသစ်တဲ့ ဒုံးကျည်နည်းပညာတွေ လက်ဆင့်ကမ်းနိုင်ဖို့ ကမ္ဘာ့ ဒီမိုကရေစီအင်အားကြီးနိုင်ငံနှစ်နိုင်ငံဟာ ပထဝီအနေအထားအရ စုံစမ်းစစ်ဆေးမှု သတင်းအချက်အလက်မျှဝေခြင်းဆိုင်ရာ သဘောတူညီချက်စာချုပ်, ချုပ်ဆိုမယ်လို့လည်း မျှော်လင့်ရပါတယ်။  

အက်စပါက  နှစ်နိုင်ငံတပ်ဖွဲ့တွေအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးနည်းလမ်းတွေကိုလည်း ဆွေးနွေးသွားမှာဖြစ်ပါတယ်။  

ဆွေးနွေးမှုတွေထဲမှာ ထောက်လှမ်းရေးဆိုင်ရာအချက်အလက်မျှဝေခြင်း၊ ပူးပေါင်းစစ်ရေးလေ့ကျင့်မှု အရှိန်မြှင့်ဆောင်ရွက်ခြင်းနဲ့ US F-18 တိုက်လေယာဉ်အပါအဝင် လက်နက်ရောင်းချမှုအစီအစဉ်တွေ ပါဝင်မှာဖြစ်ပါတယ်။ 

ပွန်ပဲယိုဟာ အိန္ဒိယကနေ သီရိလင်္ကာ၊ မော်လ်ဒိုက်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ဆက်သွားမှာဖြစ်ပြီး အဆိုပါနိုင်ငံတွေအားလုံးဟာ တရုတ်က မင်းမူချင်နေတဲ့ အိန္ဒိယသမုဒ္ဒရာရေကြောင်းသွားလာရေးမှာ အဓိကအခန်းကဏ္ဍက ပါဝင်နေကြတာဖြစ်ပါတယ်။  

တရုတ်ကွန်မြူနစ်ပါတီရဲ့ ခြိမ်းခြောက်မှုတွေကို တားဆီးဖို့ လွတ်လပ်တဲ့နိုင်ငံတွေ ဘယ်လိုအတူတကွပူးပေါင်းဆောင်ရွက်ရမလဲဆိုတာနဲ့ပတ်သက်ပြီး ဆွေးနွေးသွားမှာဖြစ်တယ်လို့ မိုက်ပွန်ပဲယိုက လေးနိုင်ငံခရီးစဉ်မတိုင်ခင် ပြောဆိုခဲ့ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly