ဖမ်းဆီးခံကျောင်းသားများ၏အမှု ပယ်ဖျက်ပေးရေး အမှုတွဲကို ပဲခူးတိုင်းတရားရုံးပယ်ချ

ဖမ်းဆီးခံကျောင်းသားများ၏အမှု ပယ်ဖျက်ပေးရေး အမှုတွဲကို ပဲခူးတိုင်းတရားရုံးပယ်ချ
(ဓာတ်ပုံ-သက်ကို)

ရန်ကုန်၊ နိုဝင်ဘာ ၁၆ ။             ။ သာယာဝတီအကျဉ်းထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အမှုရင်ဆိုင်နေရသည့် ကျောင်းသားများ၏ အမှုကို ပယ်ဖျက်ပေးရန်   နှင့် ကျောင်းသားသပိတ်ကို    နှိမ်နင်းရာတွင် ဖျက်ဆီးခံရသည့်ကားအား ကားအာမခံရရှိရေး အမှုတွဲတင်ထားခြင်းကို ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်က နိုဝင်ဘာ ၁၆ရက်က ပယ်ချလိုက်သည်။

ယင်းအမှုတွဲကို စက်တင်ဘာလအတွင်းက တင်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ(၂)ရက်တွင် အပြီးသတ် လျောက်လဲချက်ပေးကာ နိုဝင်ဘာလ(၁၆)ရက် နေ့လည်ပိုင်းတွင် ပဲခူးတိုင်း တရားလွှတ်တော်က ပယ်ချကြောင်း အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

"ဒီနေ့ ၁၂နာရီလောက်က အမိန့်ချလိုက်တာပါ။ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်ကပါ။ အမှုတွဲကတော့ (၂)ခုလုံးကို ပယ်ချခဲ့တာပေါ့။ ဒီလိုမျိုး ပုဒ်မတွေနဲ့ စွဲချက်မတင်သင့်ဘူး ပယ်ဖျက်ပေးပါလို့ လျောက်တာလည်း ပယ်ချခံရတယ်။ နောက်ပြီးတော့ ကားအာမခံရဖို့ လျောက်တာလည်း ပယ်တယ်"ဟု အမှုတွဲတင်ခဲ့သည့် တ ရားလွှတ် တော် ရှေကနေ ဦးလှမျိုးမြင့်က ပြောသည်။

အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး ဆန္ဒပြမှုကြောင့် ကျောင်းသားများနှင့် ဝန်းရံပြည်သူများ အပါအဝင် ၁၂၇ ဦးကို ဖမ်းဆီးခဲ့ပြီး ကျောင်းသား ခေါင်းဆောင်များဖြစ်သည့် ကိုမင်းသွေးသစ်၊ မဖြိုးဖြိုးအောင်၊ ကိုနန္ဒစစ်အောင် အပါအဝင် လူ ၆၀ ကျော်ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂၊ ၅၀၅(ခ) တို့ဖြင့် အမှုဖွင့် အရေးယူထားခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ပယ်ချခြင်းမှာ အခြေနေကောင်း တစ်ခုဟုပြောဆို၍ မရသော်လည်း ကျောင်းသားများအနေဖြင့် တရားစီရင်ရေးဘက်တွင် ပြန်လည်ချေပခွင့်ရရှိအောင် ဆက်လက်ဆောင်ရွက်နိုင်မည့် အခြေနေတစ်ခု ဖြစ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂမှ ကိုအောင်နေပိုင်က ပြောသည်။

"တိုင်းလွှတ်တော်ကို တင်ထားလို့ အမှုက ကြာနေတာလေ။ အခု တိုင်းက ပယ်ချလိုက်တယ်ဆိုတော့ အောက်ရုံးမှာ ပြန်ပြီးတော့ ကျလာမယ်ပေါ့နော်။ အမှုကို ပြန်စစ်ဆေးတာတွေလုပ် လာတော့မှာဆိုတော့ ဥပဒေကြောင်းအရ ပြန်လည်ချေပခွင့်တွေရအောင် လုပ်လာနိုင်မယ့်အခြေနေပေါ့။ ပြောချင်တာကတော့ ကျောင်းသားတွေကို တရားစွဲထားတဲ့ တရားလိုအစိုးရအနေနဲ့ အမှုကို အမြန်ဆုံးဖျက်သိမ်းပေးသင့်တယ်ပေါ့နော်" ဟု သူက ပြောသည်။

အဆိုပါ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကျောင်းသားများသည် ၂၀၁၅ ခုနှစ် မတ်လ ၁၀ရက်နေ့က လက်ပံတန်းသပိတ်ဖြိုခွဲမှုတွင် ဖမ်းဆီးထမ်းသိမ်းခြင်းခံခဲ့ရခြင်း ဖြစ်ပြီး ၎င်းတို့အား  ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတွင် ပါဝင်မှု ပုဒ်မ ၁၄၃၊ လူစုခွဲရန် အမိန့် ပေးပြီးနောက် ဆက်လက်ပါဝင်နေမှု ပုဒ်မ ၁၄၅၊ ရုန်းရင်းဆန်ခတ် ဖြစ်စေမှု ပုဒ်မ ၁၄၇၊ တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းကို နာကျင်စေမှု ပုဒ်မ ၃၃၂ နှင့် နိုင်ငံတော် ငြိမ်ဝမ်ပိပြားရေးကို ထိခိုက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

လက်ရှိတွင် ဖမ်းဆီးခံကျောင်းသားမျာထဲမှာ ဗကသများအဖွဲ့ချုပ်ဝင် ကိုအောင်မှိုင်းဆန်းအပါအဝင် ကျောင်း သား(၁၃)ဦးမှာ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန် သာယာဝတီထောင်တွင်း၌ အစာငတ်ခံ ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly