ကိုဗစ်ကာလ ကူညီထောက်ပံ့မှုတွေက လိင်လုပ်သားများထံမရောက်ဟု ကူညီရေးအဖွဲ့ပြော

ကိုဗစ်ကာလ ကူညီထောက်ပံ့မှုတွေက လိင်လုပ်သားများထံမရောက်ဟု ကူညီရေးအဖွဲ့ပြော

အောက်တိုဘာ ၂၄ရက်

ကိုဗစ်ကာလတွင် အလုပ်အကိုင်ခက်ခဲသူများ ဆင်းရဲနွမ်းပါးသူများကို နိုင်ငံတော်အပါအဝင် အလှုရှင်များက ထောက်ပံ့လှုဒါန်းနေသော်လည်း လိင်လုပ်သား အများစုကတော့ ထောက်ပံ့မှုလည်းမရသလို ပုဂ္ဂလိက အလှူရှင် များလည်း  လာရောက်လှုဒါန်းမှု မရှိကြောင်း လိင်လုပ်သားအရေး ကူညီဆောင်ရွက်ပေးနေသော အဖွဲ့အစည်းတစ်ခုက ပြောသည်။  

"လိင်လုပ်သားတွေဖြစ်ကတည်းက သူတို့က ပုံမှန်ဝင်ငွေလစာမရှိဘူးလေ။ မရှိတာဖြစ်တဲ့အတွက်ကို ဒါ ရသင့်တယ်လို့ ထင်ပါတယ်။ ထောက်ပံ့ငွေကတော့ သူတို့ကသတ်မှတ်ထားတာက ဒီလိင်လုပ်သားမှမဟုတ်ဘူး။ မြန်မာနိုင်ငံအတွင်းမှာနေတဲ့ ပုံမှန်ဝင်ငွေမရှိတဲ့သူ၊ အဆင်မပြေတဲ့သူတွေကိုပေးမယ်လို့ သတ်မှတ်ထားတော့လေ သူတို့လည်း အဲ့သတ်မှတ်ချက်ထဲမှာ ညီတယ်ပေါ့နော်။ ညီတော့ သူတို့တွေအနေနဲလည်း ရသင့်တယ်လို့ ထင်ပါတယ်။ သူတို့လည်း တကယ်အဆင်မပြေကြတဲ့သူတွေဆိုတော့" ဟု Aye Myanmar Association (အေးမြန်မာ) က Project Coordinator မအေးအေးအောင်က ပြောသည်။

Aye Myanmar Association သည် ရန်ကုန်တွင် ရုံးအခြေစိုက်ကာ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် မြစ်ကြီးနားတို့တွင် ရုံးခွဲများဖွင့်လှစ်ကာ လိင်လုပ်သားများအရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

Aye Myanmar Association အနေဖြင့် ရန်ကုန်၊ မန္တလေး၊ ပဲခူးနှင့် မြစ်ကြီးနား စသည့်နေရာများမှ မိသားစုကျောထောက်နောက်ခံမရှိသူများ၊ စီးပွားအရေးအကြပ်အတည်းဖြစ်နေသူများ စသည့် အမှန်တကယ် အဆင်မပြေသည့် လိင်လုပ်သား ၇၀၀ ဝန်းကျင်ခန့်အား ကုန်ခြောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်ထားကြောင်း သိရသည်။

ကိုဗစ်ကာလဖြစ်သောကြောင့်  Bar၊ KTV၊ စားသောက်ဆိုင်များ၊ Clubများ မဖွင့်လှစ်ရခြင်းနှင့် ညမထွက်ရအမိန့်တို့က လိင်လုပ်သားများကို တိုက်ရိုက်ထိခိုက်နေပြီး ဝင်ငွေပြတ်တောက်မှုက ဆိုးဆိုးရွားရွားဖြစ်လို့နေသည်။

“ကျွန်မတို့အနေနဲ့အခုလက်ရှိလိုအပ်တာဆိုရင် စားဝတ်နေရေးအတွက် ထောက်ပံ့ပေးမယ့်ဟာတို့ လိုအပ်တယ်ပေါ့။ အလုပ်အကိုင်အခွင့်အလမ်းတွေက မရှိတော့ဘူးလေ ကျွန်မတို့အတွက်က။ လိင်လုပ်သားအများစုက စားဝတ်နေရေးတော့ အရမ်းခက်ခဲတယ်။ နိုင်ငံတော်ကထောက်ပံ့ပေးရင်လည်း ကျွန်မတို့ အောက်ခြေလူတန်းစားတွေကမပါဘူး။ အောက်ခြေလူတန်းစားဆိုတာ ကျွန်မတို့ Sex workers အသိုင်းအဝိုင်းဆို သိပ်မကြည့် ချင်ကြဘူး။ အလှူရှင်တွေကအစပဲ။ ဆင်းရဲတဲ့သူတွေဆီသွားရင်တောင်မှ မပါတာတွေရှိတယ်။ ကူညီပေးမယ့်သူရှိရင် ကျွန်မတို့ လိင်လုပ်သားအမျိုးသမီးတွေနဲ့ သူတို့အသိုင်းအဝိုင်းလေးတွေကို ကူညီထောက်ပံ့ပေးတာ လေးတော့ လိုချင်တယ်”ဟု လိင်လုပ်သားတစ်ဦး ဖြစ်သူ မခိုင်(အမည်လွဲ) ကပြောသည်။

ကိုဗစ်ကာလအတွင်း အစိုးရအနေဖြင့် အိမ်ထောင်စု တစ်စုလျှင် စားသောက်ကုန်များ၊ ငွေကြေးများ ထောက်ပံ့ပေးအပ်ခြင်းရှိသော်လည်း လိင်လုပ်သားအများစုသည် အိမ်ထောင်စုဇယားမရှိခြင်းက အထောက်အပံ့များနှင့် ဝေးကွာရသည့် အကြောင်းရင်းတစ်ချက်ဖြစ်နေသည်။

“အစ်မတို့ကကျတော့ တိုက်ခန်းငှားပြီးနေတာ ယာယီအိမ်ထောင်စုဇယားမရှိဘူး။ တိုက်မှူးကို အကြောင်းကြားလိုက်တယ်၊ ရပ်ကွက်မှူးကို အကြောင်းကြားလိုက်တယ်။ တချို့ကျတော့ ကျူးတဲဆိုတော့ အိမ်ထောင်စု ဇယားတွေမပေးတော့ဘူး။ အဆောင်နေတဲ့သူကျတော့လည်း အဆောင်မှာနေတဲ့အခါကျတော့ ဘာမှမှ မလိုတာ အဲ့ဒါကြောင့် အိမ်ထောင်စုဇယားတွေက မရှိဘူး အဲ့လိုဖြစ်နေတာ။ တချို့ကျတော့လည်း မှတ်ပုံတင်မရှိဘူး။ ၁၈၊ ၂၀ ဝန်းကျင်လေးတွေ sex worker လောကထဲရောက်လာတာတွေရှိတယ်။ ဟိုးငယ်ငယ်လေးကတည်းက နင်တို့ဘာလို့ မလုပ်တာလဲလို့ အချင်းချင်းမေးကြတော့ ငယ်ငယ်လေးကတည်းက ကျူးတဲမှာနေရတော့ အိမ်ထောင်စု ဇယား မရှိဘူးတဲ့။ အဲ့တော့ သူတို့က မွေးထဲကနေ မလုပ်ဖြစ်တာလို့ပြောတယ်။ တချို့ကျတော့လည်း ပျောက်သွားတာပေါ့။ ရှိတဲ့လူကျတော့လည်းရှိတယ်။ ၃ပုံ ၁ပုံလောက်ပဲရှိမှာ ၂ပုံလောက်ကတော့ မရှိတာများတယ်။ မှတ်ပုံတင် ပျောက်သွားတဲ့သူတွေကျ ပြန်လုပ်ဖို့က သူတို့နေရပ်ကိုပြန်လို့မရတဲ့အခက်အခဲတွေရယ် ငွေကြေးအခက်အခဲတွေရယ်အမျိုးမျိုးပေါ့အမရယ်” ဟု မခိုင်(အမည်လွဲ)က ဆိုသည်။

   Aye Myanmar Association (အေးမြန်မာ) က Project Coordinator မအေးအေးအောင်က   “သူတို့အနေနဲ့ မတရားအကြမ်းဖက်ခံရတယ်ဆိုရင်လည်း တခြားသူက အကြမ်းဖက်ခံရလို့သွားတိုင်သလိုပဲ သူတို့အကြမ်း ဖက်ခံရလို့ သွားတိုင်တဲ့အခါမျိုးကျရင်လည်း ဥပဒေနဲ့အညီ ကူညီဆောင်ရွက်ပေးစေချင်ပါတယ်” ဟု ပြောသည်။

UNAIDS ၏ ၂၀၁၈ခုနှစ် ဇူလိုင်လခန့်မှန်းချက်အရ မြန်မာနိုင်ငံတွင် လိင်လုပ်သားဦးရေ ၆၆၀၀၀ ကျော်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly