၅ နှစ်တာ စီးပွားရေးစီမံကိန်း ချမှတ်ရေး ကြိုးပမ်းအားထုတ်ရန် တရုတ်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး

၅ နှစ်တာ စီးပွားရေးစီမံကိန်း ချမှတ်ရေး ကြိုးပမ်းအားထုတ်ရန် တရုတ်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး
Chinese President Xi Jinping gives a speech at the Great Hall of the People in Beijing on Oct. 23 to mark the 70th anniversary of the Chinese army intervention in the Korean War.   © AP

အောက်တိုဘာ ၂၆

တရုတ်နိုင်ငံ၏ မူဝါဒချမှတ်ရေး ထိပ်တန်းအဖွဲ့ ဖြစ်သည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အဖွဲ့ဝင် ၂၀၀ သည် ပါတီ၏ ပဥ္စမမြောက် မျက်နှာစုံညီ အစည်းအဝေးအတွက် ပေကျင်းမြို့၌ စုဝေးနေကြသည်။ ယင်းနိုင်ငံ၏ ခေါင်းဆောင်များသည် အောက်တိုဘာ ၂၆ ရက်တွင် စတင်သည့် လေးရက်တာ တံခါးပိတ် အစည်းအဝေးတွင် ရေရှည်စီးပွားရေးနှင့် လူမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများနှင့်ပတ်သက်၍ ဆွေးနွေးကြမည်ဖြစ်သည်။ 

ဆွေးနွေးမှုများ၏ အဓိက အာရုံစိုက်မည့် အကြောင်းအရာကိစ္စရပ်များသည် တရုတ်၏ ၁၄ ကြိမ်မြောက် ငါးနှစ်တာ စီးပွားရေး စီမံကိန်းနှင့် ၂၀၃၅ ခုနှစ်တွင် နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုနှင့် အခြားဧရိယာများတွင် ကမ္ဘာ့ဦးဆောင်သူ ဖြစ်လာစေရေး နိုင်ငံ၏ ရည်မှန်းချက်တို့ ဖြစ်လာမည်ဖြစ်သည်။ သို့သော် လက်ရှိကာလ အမေရိကန်နှင့် တင်းမာမှုများ မြင့်တက်နေခြင်း၊ COVID-19 ကပ်ရောဂါကြောင့် ပိုမိုဆိုးရွားထားခဲ့သည့် စီးပွားရေးတိုးတက်မှုပိုင်း နှေးကွေးကျဆင်းခြင်းတို့ ရှိနေစဉ်ကာလအတွင်း ယခု အစည်းအဝေး ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ 

၂၀၂၁-၂၀၂၅ အသေးစိတ် အစီအစဉ်သည် လာမည့် ၁၅ နှစ်အတွင်း “ကြီးကျယ်ခမ်းနားသော ခေတ်မီ ဆိုရှယ်လစ်နိုင်ငံ” တစ်နိုင်ငံ ဖြစ်လာစေရေး သမ္မတ ရှီကျင့်ဖျင်၏ ရည်မှန်းချက်ကို ပြည့်မြောက်စေရန် ရည်ရွယ်သည့် ပထမဆုံး မူဝါဒများ အစုအဖွဲ့ ဖြစ်လာမည်ဖြစ်သည်။ နောက်ဆုံးအပြီးသတ် အစီအစဉ်ကို လာမည့်နှစ်တွင် rubber-stamp (အဆိုပြုသမျှ လက်ညှိုးထောင် ခေါင်းညိတ်အဖွဲ့) လွှတ်တော် ဖြစ်သည့် အမျိုးသား ပြည်သူ့ကွန်ဂရက်က အတည်ပြုပေးမည်ဟု မျှော်လင့်ရသည်။ 

ပြီးခဲ့သည့် မေလက သမ္မတ ရှီ အစပျိုး ဇာတ်သွင်းခဲ့သည့် “နှစ်မျိုးနှစ်သွယ် ပျံ့နှံ့ရောက်ရှိမှု” ဖွံ့ဖြိုးရေး အယူအဆနှင့်ပတ်သက်၍ တာဝန်ရှိသူများသည် ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ဆွေးနွေးပြောဆိုမှုများ လုပ်ဆောင်ထားခဲ့သည်။ ယင်းသည် ငါးနှစ်တာ စီမံကိန်း၏ အခရာ ဖြစ်လာမည်ဟု ၎င်းတို့က ပြောကြသည်။ 

ထိုမဟာဗျူဟာအရ တရုတ်၏ ကုန်သွယ်ဘက် ပါတနာများ ကပ်ရောဂါကို ထိန်းချုပ်နိုင်ရန် ဆက်လက်ရုန်းကန်နေရစဉ် ပြည်တွင်း ဝယ်လိုအားကို လှုံ့ဆော်နိုင်ရန် “ပြည်တွင်း ပျံ့နှံ့ံရောက်ရှိမှု” ကို တောင်းဆိုသလို ယင်းကို နိုင်ငံတကာ ပူးပေါင်းဆောင် ရွက်မှုကို မြှင့်တင်အားပေးမည့် စျေးကွက်ပြုပြင်ပြောင်းလဲမှုများကို အသုံးပြုရင်း “ပြင်ပ ပျံ့နှံ့ရောက်ရှိမှု” နှင့် ပေါင်းစည်းခြင်း ဖြစ်သည်။ 

“တရုတ်နိုင်ငံအနေနဲ့ ပိုမိုအားကောင်းတဲ့ စားသုံးမှု၊ သုံးစွဲမှုနဲ့ ဦးဆောင်တဲ့၊ ပိုမို မြင့်မားတဲ့ တန်ဖိုးဖြည့်စွက်ထားမှုတွေ ရှိတဲ့၊ လန်းဆန်းတဲ့၊ ရေရှည်ထိန်းထားနိုင်တဲ့ တိုးတက်မှုဆီ ရောက်အောင် စီးပွားရေးဆိုင်ရာ ပြန်လည်ဟန်ချက်ချိန်ညှိမှုတွေ ဆက်လုပ်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ဆွစ်ဇာလန် ရင်းနှီးမြုှပ်နှံမှုဘဏ် UBS က အောက်တိုဘာ ၁၆ ရက် အစီရင်ခံစာတစ်ရပ်တွင် ပြောသည်။ 

ငါးနှစ်တာ ကာလအတွင်း တရုတ်၏ တစ်နှစ်တာ ဂျီဒီပီ တိုးတက်မှုသည် ၅ ရာခိုင်နှုန်းနှင့် ၅ ဒသမ ၅ ရာခိုင်နှုန်းအကြား ရှိမည်ဖြစ်ပြီး တစ်ဦးချင်း ဂျီဒီပီသည် လက်ရှိ ဒေါ်လာ ၁၀,၅၀၀ ကနေ ၂၀၂၅ တွင် ဒေါ်လာ ၁၅,၀၀၀ ခန့်အထိ မြင့်တက်မည်ဟု ဆွစ်ဇာလန် ရင်းနှီးမြှုပ်နှံမှု ဘဏ်က ခန့်မှန်းသည်။ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံသည် အချိန်ကာလတစ်ခုကြာ လျင်မြန်စွာ တိုးတက်သော်လည်း ယင်းနောက် ဖွံ့ဖြိုးပြီး စီးပွားရေးနိုင်ငံများကို အမှီလိုက်နိုင်ခြင်း မရှိသည့် အခြေအနေဖြစ်သည့် “ဝင်ငွေ အလယ်အလတ် ထောင်ချောက်” ကို ရှောင်နိုင်ရန်လည်း တရုတ်အနေဖြင့် နည်းပညာနှင့် သုံးစွဲမှုကို မြှင့်တင်အားပေးမည့် အစီအမံများ ဖြန့်ကျက်လိမ့်မည်ဟု UBS က ပြောသွားခဲ့သည်။ 

လက်ရှိ ငါးနှစ်အစီအစဉ်အောက်တွင် သတ်မှတ်ထားရှိသည့် အဓိကကျသော စီးပွားရေးနှင့် လူမှုဆိုင်ရာ ရည်မှန်းချက်များသည် နှစ်ကုန်တွင် ပြည့်မီအောင်မြင်မည်ဖြစ်သည်ဟု သမ္မတရှီက အောက်တိုဘာ ၂၂ ရက်က ပြောခဲ့သည်ဟု နိုင်ငံပိုင် ဆင်ဟွာ သတင်းဌာနက ဖော်ပြသည်။ ရည်မှန်းချက် အချို့ ပြည့်မီမည်ဖြစ်သော်လည်း ဂျီဒီပီ တိုးတက်မှုနှင့် အိမ်ထောင်စု ဝင်ငွေဆိုင်ရာ ရည်မှန်းချက်များကမူ ကပ်ရောဂါဖြစ်ပွားမှုကြောင့် ပြည့်မီမည် မဟုတ်ကြောင်း UBS က ပြောသည်။ 

တရုတ်အနေဖြင့် လာမည့် အစီအစဉ်အတွက် တိုးတက်မှု ရည်မှန်းချက်များ သတ်မှတ်ခြင်း မရှိနိုင်ကြောင်း၊ ပါတီအနေဖြင့် တိုးတက်မှု၏ အရည်အသွေးပိုင်းကို ပြောင်းလဲအာရုံစိုက်နေကြောင်း အမေရိကန် ရင်းနှီးမြုှပ်နှံမှုဘဏ်လုပ်ငန်းကုမ္ပဏီ Morgan Stanley မှ စီးပွားရေးပညာရှင်များက ပြောသည်။ ယင်းအစား ပထဝီနိုင်ငံရေးဆိုင်ရာ တင်းမာမှုများ၊ ဒီမိုဂရက်ဖစ် လေစိမ်းများ နှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှေးကွေးကျဆင်းမှု တို့ ရှိနေစဉ်ကာလ၌ ရေရှည် ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရချိန် တရုတ်နိုင်ငံအနေဖြင့် အဓိကကျသည့် စက်မှုလုပ်ငန်းများအတွင်း မိမိဘာသာ ဖူလုံနိုင်စွမ်းကို မြှင့်တင်ရေးကိုသာ အာရုံစိုက်လိမ့်မည်ဟု ၎င်းတို့က မျှော်မှန်းထားသည်။ 

ပါတီအနေဖြင့် ပြည်တွင်းဖြစ် ကုမ္ပဏီတစ်ခုတည်းက ထုတ်လုပ်ရောင်းချသော နည်းပညာများကို ထပ်မံ ထောက်ပံ့အားပေးရန်ကိုသာ လုပ်ဆောင်နိုင်ဖွယ် ရှိနေသည်။ 

JD Logistics ၏ သိပ္ပံပညာရှင်နှင့် အလိုအလျောက်နည်းပညာဆိုင်ရာ အကြီးအကဲ ချီကုန်းသည် တရုတ်၏ အကြီးဆုံးသော e-commerce လုပ်ငန်းများအနက် တစ်ခုဖြစ်သည့် JD.com အတွက် ပရောဂျက်တစ်ခုကို ဦးစီးလုပ်ကိုင်နေသည်။ JD.com သည် မြန်နှုန်းလွန် 5G ဒေတာ ဆက်သွယ်ရေးနှင့် cloud computing တို့ဖြင့် ထိန်းချုပ်သည့် အလိုအလျောက်စနစ် မော်တော်ယာဉ်များကို အသုံးပြုနေသည်။ 

“ကျွန်တော်တို့ဟာ နှစ်ကုန်မှာ စီးရေ ၁၀၀ အထိ ဖြန့်ကျက်ဖို့ စီစဉ်ထားပါတယ်၊ အဓိကအားဖြင့် ချန်ရှုးမြို့မှာပါ” ဟု ချီက Nikkei Asia သို့ မကြာသေးခင်က အင်တာဗျူးတစ်ခုတွင် ပြောသည်။ 

ပရောဂျက်သည် ဖေဖော်ဝါရီနောက်ပိုင်းကတည်းက လုပ်ဆောင်နေခြင်းဖြစ်ပြီး ခြံစည်းရိုးခတ်ထားသည့် ဧရိယာများထက် မြို့ကြီးငါးခုရှိ အများပြည်သူလမ်းများပေါ်တွင် ယာဉ် ၁၅ စီးနှင့်အတူ နေအိမ်များ၊ ရုံးများသို့ ပါဆယ်ထုပ်များ ပို့ဆောင်ပေးလျက် ရှိသည်။ JD.com သည် တရုတ်တွင် ကုန်ပစ္စည်းများကို ပို့ဆောင်ရန် ယင်းကဲ့သို့ နည်းပညာ အသုံးပြုသည့် ပထမဆုံးကုမ္ပဏီဖြစ်သည်ဟု ချီက ထုတ်ဖော်ပြောကြားရင်းနှင့် တချိန်တည်းမှာလည်း အခြားကုမ္ပဏီများသည်လည်း အများပြည်သူလမ်းများပေါ်တွင် စက်ရုပ်တက္ကစီများ ထားရှိထားပြီးဖြစ်ကြောင်း ဝန်ခံသွားခဲ့သည်။ 

တရုတ်အရှေ့ပိုင်းရှိ ချန်ရှုးမြို့သည် မော်တော်ကား၊ ကျန်းမာရေး စောင့်ရှောက်မှု၊ လက်လီ နှင့် ကုန်ထုတ်လုပ်မှု အပါအဝင် လုပ်ငန်းကဏ္ဍများတွင် 5G စွမ်းအင်သုံး အယူအဆများနှင့် စမ်းသပ်လေ့လာနေသော စမတ်စီးတီး (smart city) ရှေ့ပြေးပရိုဂရမ်များအတွက် လျာထားသတ်မှတ်ထားသော မြို့တစ်မြို့ ဖြစ်သည်။  

ယင်းကဲ့သို့သော ပရောဂျက်များသည် ငါးနှစ်တာ စီမံကိန်းတွင် ထုတ်လုပ်မှုကို စေ့ဆော်ရန် မြို့ပြပုံစံသွင်းမှုဆိုင်ရာ မောင်းနှင်မှု အစိတ်အပိုင်းတစ်ခု ဖြစ်မည်ဖြစ်သည်။ ငါးနှစ်တာ စီမံကိန်းတွင်လည်း ကျေးလက်ဧရိယာများနှင့် မြို့ကြီးများအကြား ကွာဟချက်ကို လျှော့ချရန် ရည်ရွယ်သည့် အလုပ်သမားနှင့် မြေယာ ပြုပြင်ပြောင်းလဲမှုများလည်း ပါဝင်သည်။ အခြားသော အစီအစဉ် ပဏာမခြေလှမ်းများတွင် ကာဗွန် ထုတ်လွှတ်မှုကို လျှော့ချရေး ရည်မှန်းချက်များနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်မည့် စျေးကွက်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပါဝင်နေသည်။ 

“ခြုံငုံကြည့်ရမယ်ဆိုရင်တော့ တရုတ်အနေနဲ့ လာမယ့်နှစ်တွေအတွင်း ရေရှည်တည်တံ့ပြီး ဟန်ချက်ညီ၊ အရည်အသွေးမြင့်တဲ့ ဖွံ့ဖြိုးမှုကို ဘယ်လိုဘယ်ပုံ ရရှိအောင်မြင်နိုင်မလဲနဲ့ လက်ရှိကာလ ဝင်ငွေအလယ်အလတ် မြင့်တဲ့ အုပ်စုတစ်ခုကနေ ဝင်ငွေမြင့်မားတဲ့ အုပ်စုတစ်ခုဆီ ဘယ်လို ဝင်ရောက်မလဲ ဆိုတာကတော့ မူဝါဒချမှတ်သူတွေအတွက် အဓိကကျတဲ့ ရေရှည်မေးခွန်းတစ်ခု ဖြစ်ပါတယ်” ဟု အမေရိကန်ရင်းနှီးမြုပ်နှံမှုဘဏ်လုပ်ငန်းကုမ္ပဏီ Goldman Sachs က ပြီးခဲ့သည့်အပတ် အစီရင်ခံစာတစ်ရပ်တွင် ပြောထားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required