ဟားခါးမြေပြိုသူများအတွက် အိမ် ၁၀လုံးသာ အစားထိုးဆောက်လုပ်ပေးနိုင်သေး

ဟားခါးမြေပြိုသူများအတွက် အိမ် ၁၀လုံးသာ အစားထိုးဆောက်လုပ်ပေးနိုင်သေး

ရန်ကုန်၊ နိုဝင်ဘာ ၁၆ ။              ။ ချင်းပြည်နယ်ဟားခါးမြို့တွင် သြဂုတ်လအတွင်းက မြေပြိုပျက်စီးခဲ့သည့် လူနေအိမ်များ အစားထိုးဆောက်လုပ်ပေးရာတွင် အိမ် ၁၀လုံးသာ အစားထိုးဆောက်လုပ်ပေးနိုင်သေးသည်ဟု ချင်းပြည်နယ်၊ စီးပွား/စီမံဝန်ကြီး ဦးရန်မန်းက နိုဝင်ဘာ ၁၆ရက်တွင် မဇ္ဈိမကို အတည်ပြုပြောကြားသည်။

"မြေနေရာတွေက မြေညှိရတယ်၊ လမ်းဖောက်ရတယ်၊ ဆောက်မယ့်ပစ္စည်းတွေသယ်တာ လမ်းဆိုးလို့အချိန် ကြာတာရှိတယ်။ ဂန့်ဂေါကနေ ဟားခါးကိုပစ္စည်းသယ်မရလို့ ဂန်ဂေါက ကလေး၊ အဲဒီကလေးကနေမှ ဟားခါးကို ပြန်သယ်ရတယ်။ အဲဒီမှာလည်း မိုင် ၁၂၀ကျော်လောက်ပိုပြီး သယ်ရတာတွေရှိတယ်။" ဟု ၎င်းကဆိုသည်။

ရေကြီး၊ မြေပြိုမှုများဖြစ်ပေါ်ခဲ့သည့် ချင်းပြည်နယ် ဟားခါးသို့ စက်တင်ဘာလအတွင်း သမ္မတဦးသိန်းစိန်   ရောက်ရှိခဲ့စဉ်က   နေအိမ်များပြန်လည် အစားထိုးပေး ဆောက်လုပ်ပေးခြင်းကို   ဆောင်းအဝင်အမှီ  ဆောက်လုပ် ပေးနိုင်ရန်သက်ဆိုင်ရန် ပြည်နယ်အစိုးရသို့ ညွှန်ကြားခဲ့သေးသည်။

မြေပြိုမှုကြောင့် လုံးဝပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ခြေများအတွက် အိမ်အလုံးရေ ၄၁၇လုံးကို အစိုးရကတာဝန်ယူ ဆောက်လုပ်ပေးပြီး၊ ၇၃၂လုံးကိုမူ ဒေသခံအိမ်ထောင်စုများက ကိုယ်တိုင်ဆောက်လုပ်ပြီး ကုန်ကျသည့် ဆောက်လုပ်စားရိတ်ကိုမူ ပြည်ထောင်စုအစိုးရက ထုတ်ပေးခြင်းလည်းရှိသည်။

မိသားစု ၄ဦးမှ ၅ဦးအထက်ရှိသည့်အိမ်တစ်အိမ်အတွက် ၄၄သိန်း ၅သောင်းနှင့် ယင်းနှင့် အောက်မိသားစုဝင် ရှိသူများကို ၃၅သိန်း အကုန်ကျခံဆောက်လုပ်ပေးခြင်း၊  ဆောက်လုပ်စားရိတ် ထုတ်ပေးခြင်းများရှိသည်ဟုလည်း ဦးရန်မန်းကပြောသည်။

ဟားခါးကယ်ဆယ်ရေးကော်မတီ အတွင်းရေးမှူး ဦးချန်စန်းကလည်း "သမ္မတဦးသိန်းစိန်က ဆောင်းအဝင်လို့ ပြောပေမယ့် တစ်ကယ်တန်းအခက်အခဲတွေရှိတယ်။ အခုတောင်တင်ဒါပေးတဲ့ ကုမ္ပဏီကဆောက်နေပေမယ့် ပြီးမယ့်အချိန်ကို အတိအကျမပြောနိုင်သေးဘူး။ ပြီးတဲ့နေရာတွေ မှာလည်း တက်နေလို့မရသေးဘူး။ အားလုံး ပြီးမှပဲနေလို့ရမှာ" ဟုဆိုသည်။

သမ္မတဦးသိန်းစိန်က ဆောင်းအဝင်အမှီ ဆောက်လုပ်ပေးရန် တိုက်တွန်းသော်လည်း လက်ရှိအချိန်ထိ အိမ်အလုံး ၁၀လုံးခန့်သာ ပြီးစီးသေးသဖြင့် မြေပြိုမှုကြောင့် ပြောင်းရွှေ့နေထိုင်ရသူ အိမ်ထောင်စု ၁၀၀၀ကျော်ကို ဘုန်းကြီးကျောင်းများနှင့် တစ်ခြားနေရာတို့တွင် ၁၂ပေ၊ ၁၀ပေအကျယ်ရှိ ယာယီစခန်းများ၌ထားရှိ ပေးထားသည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့မှသိရသည်။

ဟားခါးမြို့ မြေပြိုမှုကြောင့် ပြောင်းရွှေ့နေရသူလည်းဖြစ်၊ ပြောင်းရွှေ့နေထိုင်ရသူများကို ကူညီရေးကိစ္စများ ဆောင်ရွက်ပေးနေသူလည်ဖြစ်သည့် ဦးအားလျှံကမူ "အခုဟားခါးမှာတော်တော်တော့ အေးနေပြီ၊ အိမ်တွေ ကလည်းမပြီးသေးဘူး။ အဲဒီမှာပဲ ရသလိုနေနေရတယ်။ သူတို့အရင်ပြောင်းလာတုန်းကပါလာတဲ့ စောင်တော့ ပါပါတယ်။ အအေးကတော့ မြှင့်နေပြီ" ဟု ဆိုသည်။

ဟားခါးမြို့၏ ညအပူချိန်သည် ၆ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိနေပြီဖြစ်သည်ဟုလည်း ချင်းအစိုးရအဖွဲ့ စီးပွား/ စီမံဝန်ကြီး ဦးရန်မန်းက အတည်ပြုသည်။

ဟားခါးမြို့မြေပြိုမှုကြောင့် မြု့ိတစ်ခုလုံးမှ အိမ်ထောင်စု ၁၉၀၀ကျော်တို့က အခြားနေရာများသို့ပြောင်းရွှေ့နေထိုင် ကြရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly