ထိုင်းဝန်ကြီးချုပ် ရာထူးမှ မနုတ်ထွက်၍ ဆန္ဒပြပွဲများ ပြန်စ

ထိုင်းဝန်ကြီးချုပ် ရာထူးမှ မနုတ်ထွက်၍ ဆန္ဒပြပွဲများ ပြန်စ

အောက်တိုဘာ ၂၅ ၊ ၂၀၂၀

ထိုင်းနိုင်ငံ၌ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာအား စနေနေ့ ည ၁၀ နာရီ နောက်ဆုံးထားပြီး ရာထူးက နုတ်ထွက်ရန် ဗုဒ္ဓဟူးနေ့က တောင်းဆိုထားခြင်းဖြင့် ဆန္ဒပြပွဲများသည် သုံးရက်တာ ငြိမ်သက်ရပ်စဲနေခဲ့သည်။

သို့သော် အဆိုပါ တောင်းဆိုချက်အား ဝန်ကြီးချုပ် ချန်အိုချာက မသိကျိုးကျွန် မျက်ကွယ်ပြုသဖြင့် ငြိမ်သက်နေသည့် ဆန္ဒပြအရှိန်အဟုန်သည် ယနေ့ တနင်္ဂနွေနေ့၌ ဒီမိုကရေစီ လိုလားသော အုပ်စုများက နေ့စဉ် လူစုရုံးမှုများ ဆင်နွှဲကျင်းပရန် စီစဉ်လာခြင်းဖြင့် ပြန်လည် သက်ဝင်လှုပ်ရှားလာတော့သည်။

ဝန်ကြီးချုပ်အား ရာထူးက နုတ်ထွက်ခိုင်းသည့် နောက်ဆုံး သတ်မှတ်ချိန် ကျော်လွန်ပြီးနောက်တွင် “ပရာယွတ်ဟာ ပြဿနာပဲ။ သူဟာ ကျွန်တော်တို့ ဖယ်ရှားပစ်ဖို့လိုတဲ့ ပထမဆုံး အတားအဆီးပဲ။”ဟု ပိုင်ဒါအိုဒင်ဟု နာမည်ဖြင့် ဆန္ဒပြလှုပ်ရှားသော တက်ကြွလှုပ်ရှားသူ ဂျက်တူပတ်က ပြောသည်။ ၎င်း၏ ဒါအိုဒင်အဖွဲ့က ဘန်ကောက်မြို့လယ် ရတ်ချာပရာဆောင်လမ်းဆုံတွင် ညနေ ၄ နာရီ၌ လူစုရုံးရန် ကြေညာချက် ထုတ်ခဲ့သည်။

ပြီးခဲ့သည့် စနေနေ့က ဗုဒ္ဓဘုရားကျောင်း တစ်ကျောင်းသို့ ရောက်ရှိခဲ့ချိန်က ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ၎င်းအနေဖြင့် ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်မည် မဟုတ်ကြောင်း ပြောဆိုသည်။ ဝန်ကြီးချုပ်အနေဖြင့် COVID-19 ကပ်ဘေးနှင့် အမျိုးသားနိုင်ငံရေး ထွက်ပေါက်မဲ့နေသော အခြေအနေကဲ့သို့သော ဖရိုဖရဲအနေအထားမှ ပြန်လည်ဦးမော့ရေး လုံးပမ်းနေကြသူများတွင် အပါအဝင်ပဲ ဖြစ်သည်။ “ပြဿနာတွေကို အတူတကွ ကူညီဖြေရှင်းပြီး ပြေလည်မှု ရရှိအောင် အားလုံးကို ကျွန်တော် တိုက်တွန်းပါတယ်။”ဟု ၎င်းက ပြောသည်။

နိုင်ငံရေးမတည်ငြိမ်မှုများကို ပြန်လည်သုံးသပ်ဆင်ခြင်ရန် တနင်္လာနေ့နှင့် အင်္ဂါနေ့တို့တွင် လွှတ်တော် အထူးအစည်းအဝေး ဆင့်ခေါ်မည် ဖြစ်သည်။ အဆိုပါ အထူးအစည်းအဝေးများတွင် ဆုံးဖြတ်ချက် တစ်စုံတစ်ရာကို မဲပေးချမှတ်နိုင်ခွင့် ရှိမည်မဟုတ်သော်လည်း အကြံပြုတင်ပြချက်များတော့ ထွက်ပေါ်လာနိုင်သည်။

အခြားသော ဒီမိုကရေစီအရေး လှုပ်ရှားသော အဖွဲ့နှစ်ဖွဲ့ဖြစ်သည့် Free Youth နှင့် United Front of Thammasat and Demonstration အဖွဲ့တို့က တနင်္လာနေ့တွင် ဘန်ကောက်ရှိ ဆမ်ယန်းလမ်းဆုံမှ ဂျာမနီသံရုံးသို့ ချီတက်ရန် စနေနေ့ကတည်းက ကြေညာထားပြီးဖြစ်သည်။

ဘုရင် မဟာဝါဇီရလောင်ကွန်းသည် ဂျာမနီတွင် အနေများသူဖြစ်ပြီး မကြာသေးသော ဆန္ဒပြပွဲများ၏ အဓိက တောင်းဆိုချက်တစ်ရပ်မှာလည်း ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေးလည်း ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly