ကိုဗစ်ညွှန်ကြားချက် လိုက်နာမှု အားနည်းသည့် စက်ရုံ၊ အလုပ်ရုံ ၂၀ ကျော်ကို တိုင်ကြားထား

ကိုဗစ်ညွှန်ကြားချက် လိုက်နာမှု အားနည်းသည့် စက်ရုံ၊ အလုပ်ရုံ ၂၀ ကျော်ကို တိုင်ကြားထား
Photo - AFP

 အောက်တိုဘာ ၂၅၊ ၂၀၂၀

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်ညွှန်ကြားချက်များကို လိုက်နာရန် အားနည်းကြောင်း အလုပ်သမားများက တိုင်ကြားလာသည့် စက်ရုံ၊ အလုပ်ရုံ ၂၀ ခန့်ရှိပြီး ထိုသို့တိုင်ကြားလာမှုအပေါ် သက်ဆိုင်ရာ မြို့နယ်အလုပ်ရုံ စစ်ဆေးရေးဌာနများကို တင်ပြထားကြောင်း အလုပ်သမာအရေး ဆောင်ရွက်နေသည့် Labor Power Group ဥက္ကဋ္ဌ ဦးကျော်မျိုးဌေးက ပြောသည်။  

အဆိုပါ အလုပ်သမားများ တိုင်ကြားလာသည့် အချက်များမှာ ဝန်ထမ်းကြိုပို့ကားများပေါ်တွင် တိုးကြိတ်ပြီး စီးနေရခြင်း၊ စက်ရုံအဝင်အထွက်တွင် တစ်ယောက်နှင့် တစ်ယောက် ခပ်ခွာခွာမရှိဘဲ လုံးထွေးပြီး ဝင်ရသည့် အချက်နှစ်ချက်ကို အများဆုံး တိုင်းကြားလာကြကြောင်း ဦးကျော်မျိုးဌေးက ပြောသည်။  

“တိုင်ကြားလာတဲ့ စက်ရုံတွေကတော့ မင်္ဂလာဒုံက စက်ရုံတွေ များတာပေါ့။ အထည်ချုပ်စက်ရုံတွေလည်း ပါပါတယ်။ တခြားလုပ်ငန်းအမျိုးအစား စက်ရုံတွေလည်း ပါတယ်။ ကျွန်တော်တို့ကလည်း သက်ဆိုင်ရာမြို့နယ် အလုပ်ရုံ စစ်ဆေးရေးဌာနတွေကို ဒီဘက်ကနေပြီး ပြန်တင်ပြထားတာ ရှိပါတယ်” ဟု ဦးကျော်မျိုးဌေးက ပြောသည်။  

ကျန်းမာရေးညွှန်ကြားချက် လိုက်နာမှုအားနည်းသည့် စက်ရုံ၊ အလုပ်ရုံများကို သက်ဆိုင်ရာသို့ တိုင်ကြားရာတွင် အခက်အခဲတချို့ ရှိနေသည့်အတွက် တိုင်ကြားမှုကို လက်ခံစစ်ဆေးမည့် ယန္တရားတစ်ခုကို ဖော်ဆောင်ပြီး ကိုဗစ်ညွှန်ကြားချက်အတိုင်း အားလုံး ပူးပေါင်းပါဝင်မှသာ လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။  

“ဒါက အားလုံးရဲ့ အကျိုးစီးပွားအတွက် ဖြစ်တယ်ပေါ့နော်။ အရင်တုန်းက စိတ်တွေကို ဒီကာလမှာ ဖျောက်ရမှာပေါ့နော်။ သေချာလုပ်ပေးစေချင်တယ်။ အခု ဒုတိယလိုင်းမှာ အွန်လိုင်းက စစ်မယ်ဆိုတော့ အရင်တုန်းက ပထမလိုင်းမှာတောင် လူကိုယ်တိုင် သွားစစ်တာတောင် မမီဘူးလေ။ အဲဒီလို အခြေအနေမျိုးတွေ ရှိတဲ့အခါ မြေပြင်သတင်းအချက်အလက်ကို  အစိုးရဘက်ကလည်း ရဖို့ကြိုးစားသင့်တယ်” ဟု ဦးကျော်မျိုးဌေးက ပြောသည်။  

ထိုသို့ ကိုဗစ်ညွှန်ကြားချက် လိုက်နာရန် အားနည်းသည့် စက်ရုံ၊ အလုပ်ရုံများကို တိုင်ကြားထားမှုနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဒေါ်မိုးမိုးစုကြည်ကို ဆက်သွယ် ခဲ့သော်လည်း အဆက်သွယ်မရခဲ့ပေ။  

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု တကျော့ပြန်ဖြစ်ပွားနေသည့် အောက်တိုဘာလ ၁၂ ရက်နေ့က စတင်ပြီး ကိုဗစ်-၁၉ သတ်မှတ်ချက် (A) အဆင့်ရှိ ကုန်ကြမ်းယူ၊ ကုန်ချောပေး လက်ခစားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံများ ပြန်လည်ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။  

လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည် လက်မှတ်ရေးထိုးထားသည့် အောက်တိုဘာလ ၁၄ ရက်နေ့ ထုတ်ပြန်ချက်တွင် စက်မှုဇုန်အတွင်း စက်ရုံ၊ အလုပ်ရုံဌာနများကို အဆက်မပြတ် ကြပ်မတ်ကြီးကြပ်ရန် စက်မှုအဆင့်မြှင့်တင်ရေး ကြီးကြပ်ကော်မတီနှင့် စက်မှုဇုန်ကော်မတီတို့က ဆောင်ရွက်သွားရန်နှင့် စက်မှုဇုန်ပြင်ပရှိ စက်ရုံအလုပ်ရုံများကိုမူ မြို့နယ်အလိုက် ဖွဲ့စည်းတာဝန်ပေးထားသော အဖွဲ့များက တာဝန်ယူဆောင်ရွက်ရန် ဖော်ပြထားသည်။  

ယင်းအပြင် စက်မှုဇုန်အတွင်း ပြင်ပရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ၏ ကျန်းမာရေး လမ်းညွန်ချက်များနှင့်အညီ စည်းကမ်းလိုက်နာခြင်း မရှိပါက သက်ဆိုင်ရာ အလုပ်ရှင်၊ အလုပ်သမားများအား စက်မှုဇုန်အဆင့်မြှင့် တင်ရေး ကြီးကြပ်ကော်မတီများမှ ကျန်းမာရေး ကာလအတွင်း ပြဌာန်းထားသော ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေတို့ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။  

လက်ရှိတွင် ဖွင့်လှစ်ထားသည့် စက်ရုံ၊ အလုပ်ရုံများအနေဖြင့် ကိုဗစ်ကာလ ညွှန်ကြားအတိုင်း လုပ်ဆောင်ထားခြင်း ရှိ၊ မရှိကို အွန်လိုင်းမှတဆင့် စတင်စစ်ဆေးနေပြီဖြစ်ကြောင်း သိရပြီး အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ကမူ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ပူးပေါင်းအဖွဲ့က မြေပြင်ကွင်းဆင်း စစ်ဆေးပြီးမှ ပြန်ဖွင့်ခွင့်ပြုသင့်ကြောင်း ထုတ်ပြန်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly