မြစ်ရေ စည်းချက် ဧရာဝတီ - ၁၈

မြစ်ရေ စည်းချက် ဧရာဝတီ - ၁၈
ဓာတ်ပုံ - သန့်ဇော်(သန်လျင်)

အောက်တိုဘာ ၂၄

မြန်မာနိုင်ငံရဲ့ အထင်ကရမြစ်တစ်စင်းလည်းဖြစ် သမိုင်းဝင်တဲ့မြစ်လည်းဖြစ်၊ ကျွန်တော်တို့ရဲ့ မိခင်လို့ တင်စားခံရတဲ့မြစ်၊ နိုင်ငံရဲ့နှလုံးသွေးကြောလို့ တင်စားခံရတဲ့ ဧရာဝတီမြစ်ကို ဘယ်ချိန်ကြည့်လိုက် ကြည့်လိုက် ရာသီဥတု ပေါ်မူတည်လို့ သူ့စည်းချက်အတိုင်း စီးဆင်းနေတာကတော့ ပြေးမကြည့်ဘဲ တွေးကြည့်တာနဲ့တင် သိနိုင်မှာပဲဖြစ်ပါတယ်။  

မြစ်ရေများချိန် အောင်တိုဘာလကနေ ဖေဖော်ဝါရီလအထိဆို ဇိမ်ခံသင်္ဘောကြီးတွေဖြစ်တဲ့ “အနော်ရထာ” လို သင်္ဘောကြီးတွေနဲ့ အထူးသဖြင့် နိုင်ငံခြားသား ခရီးသွားတွေက ဧရာဝတီမြစ်ကို စုန်ဆန် စီးကြပါတယ်။ မြစ်ရေနည်းတဲ့အချိန်မှာတော့ ဧရာဝတီ မြစ်တွင်းသွား “ပြဒါးရှင်” ဆိုတဲ့ ကုတို့ သင်္ဘောမျိုးကို စီးရပါတယ်။ ထီးချိုင့်ကနေ တကောင်းထိ ခရီးစဉ်ဟာ ပျင်းစရာတွေချည်း ဖြစ်ပေမယ့် မြစ်တွေကို ချစ်ခင်နှစ်သက်သူတွေအဖို့ တော့ မြင်တွေ့နေရတာတွေအားလုံးက စိတ်ဝင်စား စရာတွေနဲ့ အပြည့်ပါပဲ။  

မိုးတွင်း မြစ်ရေလျှံတဲ့အချိန်ဆို တကောင်းမြို့ရဲ့ မြောက်ဖက်ကို ကြည့်လိုက်မယ်ဆိုရင် ပင်လယ်ပြင် အလား ဧရာဝတီမြစ်ရေပြင်ကြီးဟာ  အလွန်ပဲကျယ်ပြန့်နေတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ နွေဖက်မြစ် ရေ ကျတဲ့အချိန်ဆို စိုက်ပျိုးလို့ရတဲ့နေရာတွေ ဖြစ်ကုန်ကြတာလည်း ဒီဒေသရဲ့ သဘာဝက ပေးတဲ့ လက်ဆောင်တွေလို့ပဲ ခေါ်ရမှာဖြစ်တဲ့ တကောင်းမြို့ကလွန်တဲ့အခါ မကျီးကုန်းအထိကို ဧရာဝတီမြစ်ရဲ့ ရေလယ်မှာ သောင် ခပ်ကြီးကြီးတစ်ခုသာ တွေ့ရပြီး  ရေစီးကလည်း ငြိမ့်ငြိမ့်ညောင်းညောင်းပဲ စီးနေတာ တွေ့ရပါတယ်။ လက်ယာဘက်က စိမ်းလန်းတဲ့တောင်တန်းတွေနဲ့ စိုက်ခင်းတွေ၊ လက်ဝဲဖက်မှာတော့ တောင်ယာ စိုက်ခင်းတွေ တော်တော်များများကို တွေ့ရပြီး ကမ်းနားမှာတော့ ရွာကြီးတစ်ရွာကိုတွေ့ရပါ တယ်။

မကျီးကုန်းကို ကျော်လာတော့ မြစ်တစ်လျှောက် မြစ်ကြောင်းဟာ ခပ်ရှင်းရှင်းလေးဖြစ်ပြီး လက်ပံကုန်း ရောက်ကာနီးမှာတော့ မြစ်ကြောင်းဟာ ဘယ်ညာ ကျယ်သွားပြီး ရေလယ်မှာတော့ သောင်ကြီး တစ်ခု ထွန်းနေတာ မြင်ရပါတယ်။ ကျွန်တော်တို့ဟာ အဲဒီသောင်ကြီးရဲ့ လက်ဝဲဖက်က ရေကြောင်းအတိုင်း သွားရပါတယ်။ ကမ်းဘေးမှာတော့ လက်ပံကုန်းရွာကိုတွေ့ပါတယ်။ ကမ်းနားကရွာက လက်ပံကုန်း ကမ်းနားဖက်ခြမ်းဖြစ်ပြီး အဲဒီကမှ ရွာလမ်းကလေးအတိုင်း အရှေ့ဖက်ကို တော်တော်လေးသွားလိုက်ရင် လက်ပံကုန်းဆိုတဲ့ ရွာကြီးကိုရောက်မှာဖြစ်ပါတယ်။ ကမ်းနားက အိမ်ခြေနည်းတဲ့ ရွာလေးက မိုးရာသီဆို ရေကြီးရေလျှံဖြစ်ရင် ရေမြုပ်တယ်လို့ သိရပါ တယ်။ လှေကလေးတွေနဲ့ ပျော်စရာ တယ်ကောင်း ဆိုပဲ။

လက်ပံကုန်းရွာကနေ ဆက်သွားတဲ့အခါ သောင်တစ်ခုကိုလည်း ထပ်တွေ့ရပြန်ပါတယ်၊ ဧရာဝတီမြစ်ဟာ နည်းနည်းကွေ့ပြီး တောက်လျှောက် မြစ်လယ်မှာ သောင်တွေ တွေ့လိုက် ပျောက်သွားလိုက်နဲ့၊ ရှုခင်း တွေကလည်း ခံစားမှုကို ရသနှစ်မျိုးပေးပါတယ်။ ဘေးတစ်ဖက်တစ်ချက်မှာ တောင်တန်းတွေနဲ့ ရွာသေးသေးတွေ ရွာကြီးကြီးတွေကိုလည်း တွေ့ရပါတယ်။ လက်ယာဖက်က ကြာညှပ်ဆိုတဲ့ ရွာကြီးကို ကမ်းနားမှာ ထီးထီးကြီးတွေ့ရပြီး ရှေ့မှာတော့ သောင်အကြီးကြီးတွေ ထပ်တွေ့ရပြန်ပါတယ်။  

အဲဒီနေရာမှာတော့ မိုးတွင်းရေများတဲ့အချိန်ဆို မြစ်ပြင်ကြီးဟာ အင်မတန်ကြီးမားနေပြီး နွေရာသီ ရေနည်းတဲ့အချိန်ဆို သောင်တွေ ပေါများတယ်လို့ သိရပါတယ်။ တချို့သောင်တွေပေါ်မှာဆို တောင်ယာ စိုက်ပျိုးရေးတွေလုပ် ကြတာကိုလည်း တွေ့ရပါတယ်။ မြစ်ကျိုးအင်းတွေကိုလည်း တွေ့ရပါတယ်။ စံပါယ်နဂိုကျော်တာနဲ့ မြစ်ဟာ မသိမသာကျဉ်းလာတာ သတိထားမိပါတယ်။ ရေလယ်တွေမှာလည်း သောင်တွေကို မတွေ့ရတော့ပါဘူး၊ မြစ်ကြော ဟာရှင်းလင်းနေပါတယ်။ မကြာခင် မလည်ရွာကိုရောက် ပြီး ဧရာဝတီရဲ့ တတိယမြစ်ကျဉ်းထဲ ရောက်တော့မှာမို့ မြစ်ရေစီးဟာ စုလာတယ်လို့ ပြောရင် ရမလား ပါပဲ။

မလည်ရွာလွန်သွားတဲ့အခါ တတိယမြစ်ကျဉ်းထဲကို စပြီး ဝင်ပါပြီ။ ပထမမြစ်ကျဉ်းနဲ့ ဒုတိယမြစ်ကျဉ်း တွေနဲ့စာရင် ဘေးတစ်ဖက် တစ်ချက်မှာတော့ တောင်အမြင့်ကြီးတွေ မဟုတ်တော့ဘဲ တောင်တန်းအနိမ့် တွေကြားမှာ မြစ်ကျဉ်းအဖြစ် တည်ရှိနေတာ ဖြစ်ပါတယ်။ အရှေ့ဘက်ကမ်းမှာတော့ မှိုင်းမှိုင်းညို့ညို့ မိုးကုတ်တောင်တန်းကိုလည်း တွေ့မြင်ရပါတယ်။ ရေတွေကတော့ စုဆုံစီးဆိုသလို မြစ်ကျဉ်းတွေရဲ့ ထုံးစံအတိုင်း ရေစီးကို ရှင်းရှင်းလင်း လင်းမြင်ရပြီး ရေစီးလည်းမြန်လာတာကို တွေ့ရပါတယ်။ မြစ်ကို ကြည့်လို့ ကောင်းတာကတော့ ဘေးတစ်ဖက် တစ်ချက်ရော၊ မြစ်ထဲမှာပါ မြစ်ရေကျနေတာကလွဲလို့ သောင်များ လုံးဝမရှိတော့ဘဲ သင်္ဘောကလည်း ရေစုန်နဲ့ ဆိုတော့ မြန်နေတာကိုလည်း သိသိသာသာ ခံစားရပါတယ်။

မြစ်ကျဉ်းထဲမှာတော့ သစ်ဖောင် သုံးလေးခုကို ဆွဲသင်္ဘောတွေကဆွဲနေတာကိုလည်း တွေ့ခဲ့ပြီး သပိတ်ကျဉ်းမြို့အထိကို မြစ်ကျဉ်းထဲမှာ ရှင်းရှင်းလင်းလင်းတွေ့ရကာ ကြည့်ရတာ ပထမမြစ်ကျဉ်း၊ ဒုတိယမြစ်ကျဉ်းတွေလို မဟုတ်ဘဲ တစ်မျိုးလှနေပါတော့တယ်။ သပိတ်ကျဉ်းမြို့ကတော့ ဧရာဝတီမြစ် ဒုတိယမြစ်ကျဉ်း ရဲ့ အရှေ့ဖက်ကမ်း သို့မဟုတ် ဧရာဝတီမြစ်ရဲ့ လက်ဝဲဖက်ကမ်းမှာရှိပြီး မန္တလေးတိုင်း ပြင်ဦးလွင် (မေမြို့)ခရိုင်ထဲမှာ ဖြစ်ပါ တယ်။ ပြင်ဦးလွင်ရဲ့ ဆိပ်ကမ်းမြို့ဆိုလည်း ပြောလို့ရပါတယ်။ နွေရာသီဖြစ် တာကြောင့် တော်တော်ပဲပူပါတယ်။ သပိတ်ကျဉ်းမြို့ကတော့ မိုးတွင်းဆိုလည်း မိုးအရွာ နည်းတယ်လို့ လည်း သိရပါတယ်။ အင်္ဂလိပ်နယ်ချဲ့ခေတ် ကဆိုရင် သပိတ်ကျဉ်းမြို့ဟာ ပတ္တမြားမြေဖြစ် တဲ့ မိုးကုတ် ဒေသကိုသွားတဲ့ မြစ်ကြောင်းခရီး ဝင်ပေါက်ထွက်ပေါက် တစ်ခု ဖြစ်ခဲ့ပြီး မိုးကုတ်ကို မော်တော်ကားလမ်း က  မိုင် ၆၀ လောက်ဝေး တယ်လို့ လည်း သိရပါတယ်။

သပိတ်ကျဉ်းကနေ မြစ်ကျဉ်းအတိုင်း ဆက်ပြီး မြစ်ကိုစုန်ဆင်းသွားတဲ့အခါ အရှေ့ဖက်မှာ တောင်ကုန်း တောင်တန်းကြီးတွေ တွေ့ရပြီး အနောက်ဖက်မှာတော့ တောင်ကုန်းတွေနဲ့ ဖုန်းဆိုးတွေပဲ တွေ့ရပါ တယ်။ တချို့နေရာတွေမှာ စိုက်ခင်းတွေလည်း တွေ့ရပါတယ်။ ရေလယ်မှာ ရေနည်းနေတာတောင် ဘာသောင်တွေမှ ထွန်းမနေဘဲ ရေအလျင်က တငြိမ့်ငြိမ့်စီးဆင်းနေတာကို ကြည့်ရတာ စိတ်ထဲမှာ အတွေးထဲမှာ ရေတွေကို နှမျောနေ တဲ့စိတ်ကပဲ လွှမ်းမိုးနေပါတော့တယ်။ တချိန်ချိန်မှာတော့ အဲဒီရေတွေ ဟာ ဘင်္ဂလားပင်လယ်အော်ထဲ စီးဝင်သွားတော့မှာပဲ မဟုတ်ပါလား။   ။
(ဆက်လက်ဖော်ပြပါမည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly